လက်ရှိတွင် အမေရိကန် ဒေါ်လာ လဲလှယ်မှု နှုန်းထား မြင့်တက်နေပြီး ကျပ်ငွေဈေး ကျဆင်းလျက် ရှိသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံ ၂ နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည်လည်း အပြန်အလှန် သွင်းကုန်အပေါ် အခွန် နှုန်းထားများ တိုးမြှင့်ကြသည့် ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲလျက်ရှိနေပြီး ယင်းနှစ်နိုင်ငံ ပဋိပက္ခကြောင့် နိုင်ငံငယ် လေးများ အပေါ် အကျိုး သက်ရောက်မှုများ ရှိလာနိုင်မည်ဟု ခန့်မှန်း ပြောဆိုလာကြသည်။
ထိုသို့ ကုန်သွယ်ရေး စစ်ပွဲ၏ အကျိုးသက်ရောက်မှု အခြေအနေ၊ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ပတ်သက်သော အခြေ အနေများနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ကုန်သွယ်မှု မြှင့်တင် ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး (ငြိမ်း) ဖြစ်သူ လက်ရှိ စီးပွား/ကူးသန်း လက်အောက်ရှိ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး ရာ အဖွဲ့၏ အကြံပေး ဦးဝင်းမြင့်ကို ဧရာဝတီ သတင်းထောက် မျိုးပပစန်း က တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု အခြေအနေက ဘယ်လို ရှိပါသလဲ။ ကုန်ပမာဏ ဘယ်လောက် ရှိသွားပြီ လဲ။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု အခြေအနေကို ပြန်ကြည့်မယ် ဆိုရင် ပြီးခဲ့တဲ့ ၈ လပိုင်းကုန် အထိကို ကုန်သွယ်မှု ပမာဏက ပို့ကုန် ဆိုရင် အမေရိကန် ဒေါ်လာ ၇ ဘီလီယံကျော် ရနေပါပြီ။ သွင်းကုန်ဆိုရင် ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ ရှိပါတယ်။ စုစုပေါင်း ဆိုရင် ဒီနှစ်မှာ ဒေါ်လာ ၁၅ ဒသမ ၁ ဘီလီယံ ကုန်သွယ်မှု တန်ဖိုး ရှိပါတယ်။
ဒီနှစ် အနေအထားနဲ့ မနှစ်က အနေအထားကို ပြန်ကြည့်မယ်ဆိုရင် မနှစ်က ဒီအချိန်ထိ ဆိုရင် ပို့ကုန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ ရတယ်။ ဒီနှစ်မှာက မနှစ်ကထက် ဒေါ်လာ၂ ဘီလီယံ ကျော်ပိုပြီးတော့ တင်ပို့နိုင်တဲ့ အနေအထား ရှိပါ တယ်။
ပြန်ခွဲကြည့်မယ် ဆိုရင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုက မနှစ်က ဒီအချိန်မှာ ဆိုရင် ဒေါ်လာ ၁၀ ဘီလီယံ လောက် ပဲ ရှိသေးတယ်။ ဒီနှစ်ဆိုရင် ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ ဖြစ်သွားပြီ။ ဒါကြောင့်မို့ မနှစ်ကထက် ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှာလည်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ လောက်ပိုလာတယ်။ ပိုပြီးပို့နိုင်တဲ့ အနေအထား တွေ့ရ တယ်။
နယ်စပ် ကုန်သွယ်ရေးကို ပြန်ကြည့်ရင်လည်း မနှစ်က ဒီအချိန်မှာ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံလောက်ပဲ ရှိတယ်။ ဒီနှစ် မှာ ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ဖြစ်လာတဲ့ အတွက်ကြောင့် ဒီနှစ်လည်း မနှစ်ကထက် ကုန်သွယ်မှု ပြုလုပ်နိုင် တဲ့ အနေအထား ရှိတယ်။
မေး။ ။ ကုန်သွယ်မှု ကဏ္ဍကို ပြန်ကြည့်တဲ့အခါမှာ ဘယ်ကဏ္ဍတွေက ပိုတက်လာတာ ရှိပါသလဲ။
ဖြေ။ ။ ကဏ္ဍအလိုက် ကြည့်မယ်ဆိုရင် လယ်ယာ ထွက်ကုန် ကဏ္ဍမှာ မနှစ်က ဒီအချိန်မှာ ဆိုရင် ဒေါ်လာ ၃ ဘီလီယံ လောက် ပို့ပြီးပြီ။ ဒီနှစ်က ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံလောက်ပဲ ပို့နိုင်သေးတယ် ဆိုတော့ ဒေါ်လာ ၁၈၆ သန်း လောက် နည်းနေတယ်။
တိရစ္ဆာန်ထွက် ပစ္စည်းကတော့ ကျွဲ၊ နွားတွေလည်း တင်ပို့နေတာ ဆိုတော့ ဒီနှစ် အများကြီး တက်လာတယ်။ စုစုပေါင်း ဆိုရင် ဒေါ်လာ ၁၄၂ သန်းဖိုး တင်ပို့ထားတယ်။ မနှစ်ကထက် ဒေါ်လာ ၁၃၅ သန်းဖိုး ပိုပြီး တင်ပို့နိုင်တယ်။ ဒီကဏ္ဍက တက်လာတယ်။ ရေထွက်ကုန် ကဏ္ဍကတော့ ပုံမှန်လေး သွားနေတယ်။ နောက်တခါ သတ္တု တွင်းထွက် ပစ္စည်း ပိုပြီး တင်ပို့နိုင်တယ်။
သစ်တောထွက် ပစ္စည်း ကဏ္ဍကတော့ ၁၅ သန်းလောက် လျော့သွားတယ်။ မနှစ်က ဒီအချိန်ဆိုရင် သစ်တောထွက်က ဒေါ်လာ ၉၄ သန်းလောက် ပို့ပြီးနေပြီ။ ဒါပေမယ့် ဒီနှစ်ကတော့ ဒေါ်လာ ၇၄ သန်းပဲ တင်ပို့ထားရတယ်။ ဒါလေးတွေ ကတော့ တင်ပို့ရတဲ့ ဈေးကွက်ပေါ်မှာ မူတည်ပြီးဖြစ်တာပါ။ စက်မှုကုန်ချော ကဏ္ဍမှာလည်း တင်ပို့မှု သိသိသာသာ တက် လာတယ်။
လျော့နည်းတဲ့ ကဏ္ဍတွေကတော့ သစ်တောထွက်နဲ့ လယ်ယာထွက်ကုန် ကဏ္ဍက မပြောပလောက်အောင် မဆို သလောက်လေး လျော့နည်းသွားတယ်။ ကျန်တဲ့ ကဏ္ဍတွေတော့ ပို့ကုန်တက်လာတယ် ဆိုတာ သွားတွေ့ရတယ်။ သွင်းကုန်ကတော့ ပုံမှန်ပါပဲ။
တင်ပို့တဲ့ ပစ္စည်းတွေထဲမှာ ဘယ်ပစ္စည်းတွေ အများဆုံးသွားလည်း ဆိုတာကတော့ ဒီနှစ် CMP ပစ္စည်းတွေ ဖြစ်တယ်။ ချုပ်ပြီး အထည်တွေ ဖြစ်တယ်။ မနှစ်ကတည်းက သိသိသာသာ စတက်လာတာ။ ဒုတိယတော့ သဘာဝ ဓာတ်ငွေ့ဖြစ် တယ်။ ဆန်နဲ့ ဆန်ကွဲကတော့ မနှစ်ကနဲ့ ယှဉ်ရင် လျော့သွားပေမယ့် တတိယနေရာမှာတော့ သူက ရှိသေးတယ်။ သတ္တု နဲ့ တွင်းထွက်ပစ္စည်း ဖြစ်တယ်။ ပြီးလို့ရှိရင် ကျောက်စိမ်း အစရှိတာတို့ ဖြစ်တယ်။
မေး။ ။ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံ အလိုက် တင်ပို့တဲ့ နေရာမှာရော အဓိက ဘယ်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက် နိုင်ငံ ဖြစ်လဲ။ ဒီနှစ်မှာ ကုန်သွယ်မှု အသစ် တိုးလာတဲ့ နိုင်ငံတွေရော ရှိပါသလား။
ဖြေ။ ။ ထုံးစံအတိုင်း ဘယ်နိုင်ငံ အများဆုံးလဲ ဆိုရင် တရုတ်ကတော့ အများဆုံး ဖြစ်တယ်။ အဲဒါကြောင့် ထိပ်ဆုံးမှာ အမြဲတမ်း လိုလို ရှိနေတယ်။ ထူးထူးခြားခြားလေးတွေ မထင်မှတ်တဲ့ နိုင်ငံတွေ တက်လာတာလည်း ရှိတယ်။ ဒုတိယ က ထိုင်း၊ ဂျပန် နိုင်ငံက တက်လာတယ်။ ဂျပန်က ဆရာတို့ဆီက ပို့ကုန်တွေ အများကြီး ဝယ်လာတယ်။ နောက်ပြီး တော့ စတုတ္တ လိုက်တာက အမေရိကန်၊ ဂျာမနီ၊ အိန္ဒိယနဲ့ ဟောင်ကောင် နိုင်ငံတို့က အစဉ်လိုက် ကုန်သွယ်မှု လုပ်နေ တယ်။
အရင်တုန်းက ဂျပန်က မြန်မာရဲ့ ကုန်သွယ်ဖက် နိုင်ငံ နံပါတ် ၇၊ ၈ လောက်မှာ ရှိနေတာ အခု တက်လာတယ်။ ဈေး ကွက် က ပင်လယ် ရေကြောင်းကလည်း ပိုပြီး တင်ပို့လာနိုင်တာ ဖြစ်တယ်။
မေး။ ။ အခုချိန်မှာ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ အမေရိကန်-တရုတ်ကလည်း ကုန်သွယ်မှု စစ်ပွဲတွေ ဖြစ်တော့ ကမ္ဘာမှာ ဒေါ်လာဈေးတွေ တက်လာတယ်။ အဲဒီအခြေအနေမှာ မြန်မာအနေနဲ့ကလည်း တရုတ်နဲ့ အများဆုံးကုန်သွယ် မှု ပြုတဲ့ နိုင်ငံဆိုတော့ တရုတ်ဘက်ကနေ ထပ်ပြီးတော့ အမယ်သစ်တွေ ကမ်းလှမ်းထားတာမျိုး၊ တရုတ်ကို တင်ပို့ဖို့ အတွက် ပြင်ဆင် ဆောင်ရွက်တာမျိုး ရှိလား။
ဖြေ။ ။ ကုန်သွယ်မှု စစ်ပွဲကို လုပ်လိုက်တဲ့ အချိန်မှာ ဆရာတို့တွေက ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ (WTO) အဖွဲ့ဝင် ဖြစ် တယ်။ အာဆီယံမှာ အဖွဲ့ဝင် နိုင်ငံ ဖြစ်တယ်။ ဒါကြောင့် ကုန်သွယ်မှု စစ်ပွဲရဲ့ ရိုက်ခတ်မှုက အနည်းနဲ့အများတော့ နိုင်ငံ တိုင်းမှာ ဖြစ်တယ်။ အခု လက်ရှိ ဖြစ်နေတာလေးတွေက သိသာတယ်လေ။ ငွေကြေး ဈေးကွက်တွေရော၊ ကုန်ပစ္စည်း တင်ပို့မှုတွေရော ထိနေတာလေးတွေ ရှိတယ်။ ဒီဟာမှာ အားနည်းချက်၊ အားသာချက်လေးတွေ ဖော်ထုတ်ပြီးတော့မှ အားနည်းချက်ကို အားသာချက် ဖြစ်အောင် ပြန်ပြောင်းယူဖို့ ကြိုးစားနေရတာတွေ ရှိတယ်။
အများကြီး မျှော်လင့်ထားလို့ မရသလို၊ ဒီစစ်ပွဲက အများကြီး ပြောင်းလဲလာနိုင်တယ် ဆိုတာ သိထားတယ်။ အခု တရုတ်ကို အမယ်သစ်တွေ သွားနေတာ ကုန်သွယ်ရေး စစ်ပွဲတခုတည်းကြောင့်တော့ မဟုတ်ဘူး။
တရုတ်နဲ့ ကုန်သွယ်ရေး စလုပ်ကတည်းက အမျိုးသား ပို့ကုန် မဟာဗျူဟာ စီမံကိန်းကလည်း ရှိပြီးသား။ ဒီစီမံကိန်း အရ သွားတဲ့ အခါမှာ ဥပမာ- စီမံကိန်းက အဓိက ပို့ကုန် ၅ မျိုး၊ ၁၂ မျိုး ဆိုပေမယ့်လို့ ကျန်တဲ့ဟာလေးတွေ ကလည်း ဒီပုံစံတိုင်းလေးတွေကို ပုံစံတူ လိုက်ပြီးတော့ ဆောင်ရွက်သွားတဲ့ အတွက်ကြောင့်မို့ ဒါလေးတွေက အောင်မြင်မှု ရှိပါ တယ်။
တရုတ်နဲ့ မြန်မာရဲ့ ချိတ်ဆက်မှုကတော့ အိမ်နီးချင်း နိုင်ငံလည်း ဖြစ်တယ်။ ကုန်ပို့ဖို့ကလည်း လွယ်တယ်။ ကုန်သည် တွေကလည်း ရောင်းရတဲ့ နေရာမှာ စိတ်တိုင်းကျ ဟိုဘက်နဲ့ ရောင်းသူ၊ ဝယ်သူ တွေ့ပြီး ဝယ်ရတဲ့ အတွက်ကြောင့်မို့ နဂိုအားကလည်း ကောင်းနေတာ ရှိတယ်။
နောက်တခုက နည်းနည်းလေး အခြား Cost တွေက လျော့လာတဲ့ အချိန်မျိုးမှာ ဆိုရင်တော့ ဈေးနှုန်း နိမ့်ရာကနေ မြင့်ရာ ကို စီးဆင်းသွားတဲ့ သဘာဝ ဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီဘက်ကတော့ အခြေအနေက စောင့်ဆိုင်းပြီးတော့ နေတဲ့ အနေအထား ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ သတိကြီးစွာထားပြီးတော့ အိန္ဒိယကို ပဲတင်ပို့တဲ့ ကိစ္စလို မဖြစ်ဖို့ အတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ပြီးတော့ ဘာတွေ ဆက်လုပ်သင့်လဲဆိုတာ အမြဲတမ်း ချိန်ဆပြီး လူကြီး တွေက စဉ်းစားနေတယ်။
မေး။ ။ လက်ရှိမှာတရုတ်နဲ့ ကုန်သွယ်မှုကလည်း ပမာဏ အများဆုံးဆိုတော့ ပမာဏ ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ တရုတ်နဲ့ ကုန်သွယ်မှု ပမာဏဆိုရင် ပို့ကုန်မှာပဲ အမေရိကန် ဒေါ်လာ ၅ ဘီလီယံကျော်လောက် ရှိတယ်။ ဒါက နှစ်တိုင်းရှိတယ်။ ဒီပမာဏက အခု ကာလတိုလေးကို ပြောတာ။ တနှစ်လုံး ဆိုရင်တော့ ဒေါ်လာ ၁၀ ဘီလီယံကျော် သွားလိမ့်မယ်။
မေး။ ။ အခု တရုတ်ဘက်က ထပ်မံပြီး ကုန်ပစ္စည်း အမယ်သစ် ကမ်းလှမ်းထားတာ ရှိပါသလား။
ဖြေ။ ။ ရှိတယ်။ ကျနော်တို့ ရောင်းချင်တာကိုလည်း ပြောထားသလို၊ သူတို့ဘက်က ရောင်းချင်တာလည်း ရှိတယ်။ နောက်တခုက တရုတ်ရဲ့ တချို့ဟာတွေက ဗဟို အစိုးရချင်း တိုက်ရိုက် ဆောင်ရွက်သလို၊ တချို့ဟာတွေလည်း သူ့တို့ရဲ့ ပြည်နယ် အဆင့် အစိုးရတွေက လုပ်တာ ရှိတယ်။ ဒါလေးတွေလည်း လုပ်နေတယ်။
ဘယ်လို ကုန်ပစ္စည်းတွေလည်း ဆိုတာတော့ ဆွေးနွေးနေဆဲမို့ ပြောလို့ မရသေးပါဘူး။
မေး။ ။ တရုတ်ဘက်က ကမ်းလှမ်းလာတွေ ရှိတယ်ဆိုတော့ မြန်မာလုပ်ငန်းရှင်တွေ အနေနဲ့လည်း တင်ပို့နိုင်ဖို့ အတွက် ဘာတွေများ လက်ရှိမှာ ပြင်ဆင် ဆောင်ရွက်သင့်ပါသလဲ။
ဖြေ။ ။ လုပ်ငန်းရှင်တွေ အနေနဲ့ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာ ကျနော်တို့ အမြဲတမ်း သတင်း အချက်အလက်တွေ ပေး နေပါတယ်။ သတင်းတွေ၊ ဂျာနယ်တွေ၊ ရေဒီယိုတွေ ကလည်း ပေးနေတယ်။ အဲဒီတော့ ပြင်ဆင်ရမှာက ဈေးနှုန်း ဖြစ်တယ်။ ဈေးနှုန်းက တကမ္ဘာလုံးမှာ အတိုင်းအတာ တခု သတ်မှတ်ပြီးသား။ အဲဒီ ဈေးနှုန်းထက် ကိုယ်က ပိုမရနိုင် ဘူး။ အဲဒီတော့ ဈေးနှုန်းက ပိုမရနိုင်ရင် ဘာကိုသွားရမလဲ ဆိုတော့ ကိုယ့်ဘက်က ထုတ်လုပ်မှု စရိတ် လျော့အောင် သွားရမယ်။ အဲဒီလို မျိုးလေးတွေက ရှိတယ်။ နောက်တခါကျတော့ ဈေးကွက်ကို ယှဉ်ပြိုင်ရင် အရည်အသွေးချင်း ယှဉ် ရင်လည်း ကိုယ်က ကောင်းရမယ်။ အရည်အသွေး မီရမယ်။ ဒါတွေ လုပ်ပေးနေရတယ်။
ဒါကြောင့် ကြိုတင် ပြင်ဆင်ရမယ့် လုပ်ငန်းကတော့ ကိုယ်သွားမယ့် ဈေးကွက်က ဘာတွေ လိုအပ်လည်း ဒါတွေကို ကြိုပြင်ဆင်ရမယ်။ နောက်တခု ကုန်သွယ်ရေးမှာ တာဝန် ရှိသူတွေ ရှိတယ်။ သူတို့ကို မေးလို့ရတယ်။ သတင်း အချက် အလက်တွေကို လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကလည်း ကျနော်တို့ တင်တယ်။ ဒါတွေ မသိရင် ကုန်သွယ်မှုမှာ မလွယ် ဘူး။ သင့် စီးပွားရေး အောင်မြင်ဖို့ သတင်း အချက်အလက်တွေကို အခြေခံပါ လို့ အမြဲ ပြောနေတယ်။ သတင်း အချက် အလက် ကတော့ အပြည့်ပေးနေပါတယ်။
မေး။ ။ တရုတ်နဲ့ ကုန်ပစ္စည်း အမယ်သစ်တွေ ဆွေးနွေးနေတာကရော ဘယ်ကဏ္ဍတွေ ဖြစ်မလဲရှင့်။
ဖြေ။ ။ ဆွေးနွေးတာကတော့ ကဏ္ဍအစုံပါပဲ။ တရုတ်လို နိုင်ငံမျိုးက နိုင်ငံတကာနဲ့ ကုန်သွယ်နေတဲ့ နိုင်ငံမျိုးဆိုတော့ ပိုပြီးတော့ သတိထားပြီး ဆွေးနွေးတယ်။ သူက တခါတလေကျရင် ကျနော်တို့ဆီက ပစ္စည်းကို ဝယ်သွားပြီးတော့ နောက်တနေရာကို အိတ်စ်ပို့ ဆက်သွားတာ ရှိတယ်။ ဒီက တင်ပို့တဲ့ ပဲတီစိမ်း ဆိုရင် သူက ကောင်းတာလေးကို စား လိုက်တယ်။ ကျန်တာကို ထပ်ပြီးထုတ်လုပ်ပြီးတော့ နောက်တနေရာကို ဆက်ပို့တယ်။ ပြည်တွင်းမှာ ပြန်စားတယ်။ မုန့်လုပ်တယ်။ စသဖြင့်ပေါ့ တခြားနေရာတွေမှာ အများကြီးသုံးလိုက်တယ်။
ဒါကြောင့် သူတို့နဲ့ အလုပ်လုပ်တဲ့နေရာမှာ ကျနော်တို့က အများကြီး စဉ်းစားပြီး လုပ်ရတယ်။ သူတို့ဆီကို ရောင်းတဲ့ ဝယ်တဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရူံးသွားမှာတို့ တန်ဖိုးနည်းနည်းနဲ့ ရလိုက်မှာတို့၊ အခွန်အကောက် နစ်နာသွားမှာတို့က အစ ကျနော်တို့က အစိုးရဘက်ကရော၊ ပြည်သူ လူထုဘက်ကရော အကုန်လုံး စဉ်းစားရပါတယ်။
မေး။ ။ အခုပေါ့နော် တရုတ်-မြန်မာစီးပွားရေး စြင်္က ံမှာလည်း လက်မှတ် ထိုးပြီးသွားပြီဆိုတော့လေ စီးပွားရေး အခွင့်အလမ်းတွေလည်း ရှိလာပြီ။ ဒီအပေါ်မှာ ကုန်သွယ်မှု ကဏ္ဍအနေနဲ့ သုံးသပ်ချက်ကရော ဘယ်လိုမျိုးရှိမလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ စီးပွားရေး လုပ်တယ်ဆိုတာ ကုန်သွယ်မှု တခုကို လုပ်တာပဲ။ အဲဒီလို ကုန်သွယ်မှု တခုကို လုပ်ပြီဆိုရင် ရလာတဲ့ အခွင့်အလမ်းပေါ်မှာ မူတည်ပြီးတော့ အသုံးချတတ်ဖို့ လိုတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့အတွက် အကျိုးရှိတာတွေ လုပ်ဖို့ လိုတယ်။ လေ့လာတဲ့ နေရာမှာ အားသာ ချက်၊ အားနည်းချက်တွေ ရှိတယ်။ ဒါတွေကို သုံးသပ်တယ်။ ပြီးတော့ အခွင့်အလမ်းတွေ ရှိတယ်။ ဒါတွေ တွက်ပြီး တော့မှ အခြေနေ အချိန်ခါ လိုက်ပြီးတော့မှ ကျနော်တို့ဘက်က သွားတယ်။
မေး။ ။ လတ်တလော ဒေါ်လာဈေးမြင့်တက်လာမှုကလည်း တခြား အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာရဲ့ ငွေကြေး ဖောင်းပွမှု နှုန်းက ပိုပြီး မြင့်တယ်။ အဲဒီ အပေါ်မှာ စီးပွား/ကူးသန်း၊ စီမံ/ဘဏ္ဍာတို့ ပူးပေါင်း ဆောင်ရွက်နေတာလည်း ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ ဒေါ်လာဈေးကွက်နဲ့ ပတ်သက်လို့ တကယ် သက်ဆိုင်တာ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနပေါ့နော်။ ကျနော်တို့ ဘက် ပိုင်းကတော့ ကုန်သွယ်မှုကို ဆောင်ရွက်တဲ့နေရာမှာ ဓိကတော့ ငွေကြေးဈေးနှုန်း မြင့်တက်တာနဲ့ လျော့ကျတာထက် တည်ငြိမ်ဖို့က အဓိက ဖြစ်တယ်။
ငွေကြေးဈေးကွက် တည်ငြိမ်နေမှ ကုန်သည်က လုပ်နိုင်၊ ကိုင်နိုင်မှာ ဖြစ်တယ်။ ဒါမှလည်း ကုန်သွယ်မှုက တက်လာမှာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကုန်သွယ်မှုက Public sector မှာပဲ အဓိက ထားတယ်။ သူတို့ကို ကျနော်တို့က ပံ့ပိုးပေး ပြီး တော့မှပဲ နောက်ကွယ်က လုပ်နိုင်အောင် လုပ်ပေးတယ်။
အဲဒီတော့ ဒေါ်လာဈေးတက်ခြင်း၊ ကျခြင်းမှာက တချို့က ပြောတယ်။ ဒေါ်လာဈေး တက်ပြီး မြန်မာငွေကြေး ကျသွား တဲ့ အတွက်ကြောင့် ပို့ကုန်သမားတွေ အကျိုးရှိတယ် ပြောတယ်။ ပို့ကုန်သမားတွေက အမြဲတမ်း အကျိုးမရှိနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ ဒီပြောင်းလဲမှု ဖြစ်တဲ့အချိန်မှာ သီးနှံထွက်ပြီးနေပြီ။ နောက် သီးနှံ စိုက်နေပြီ။ အဲဒီလို အခြေ အနေမျိုးမှာ ဖြစ်တဲ့အခါကျတော့ တောင်သူမှာ တိုက်ရိုက် အကျိုး ဖြစ်သွားတယ်။ တောင်သူက သူပြန်ဝယ်ရ မယ့် ဓာတ်မြေသြဇာတို့ ကျန်တဲ့ဟာတွေမှာ ဈေးတွေတက်လာတော့ သူရဲ့ ကုန်ကျစရိတ် တက်လာတယ်။ ဒါကြောင့် အများကြီး ဆက်နွယ်မှု ရှိတယ်။
လက်ရှိ ဒီအချိန်မှာ ပို့ကုန်က ဟုတ်သလို ရှိနေပေမယ့်၊ သွင်းကုန်တွေ ပြန်ဝင်လာပြီးတော့မှ ပို့ကုန်ပစ္စည်းကို ပြန်ထုတ် ရတဲ့အချိန်မှာ ဈေးနှုန်းက တက်သွားလိမ့်မယ်။ အဲဒီ အချိန်မှာပဲ ထုတ်လုပ်မှုနှုန်း မြင့်တဲ့အတွက် ကုန်ဈေးနှုန်းက မြင့် နေ လိမ့်မယ်။ အဲဒီအချိန်မှာမှ ကမ္ဘာ့ပေါက်ဈေးနှုန်းက ကျများနေရင် ဘယ်သူမှ အရှုံးခံ ရောင်းရဲမှာ မဟုတ်ဘူး။ ဒီလို အခြေအနေမျိုး ကြုံရမှာစိုးလို့ ကျနော်တို့ကတော့ ဒါလေးကို တော်တော် သတိကြီးစွာ ထားရတယ်။
တချို့ သုံးသပ်ချက် ရှိတယ်။ Re-export သကြားကြောင့်မို့ ဒါကြီး ဖြစ်သလို ဘာလို ပြောတယ်။ ဒါကို ပိတ်ပေးလိုက် တယ်။ ကျနော်တို့ဘက်ကတော့ နိုင်ငံရဲ့လိုအပ်ချက် တိုင်းပြည်ရဲ့ လိုအပ်ချက် လူထုရဲ့ အခြေအနေ ပေါ်မူတည်ပြီး တော့ လုပ်သင့်တဲ့ ကုန်သွယ်ရေး မူဝါဒ၊ စီးပွားရေး မူဝါဒတွေကို မဆန့်ကျင်ဘူး။ ဒီအတိုင်းပဲ ကျနော်တို့ လိုက်နာ တယ်။
မေး။ ။ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ ဒေါ်လာဈေး မြင့်တက်တာက သွင်းကုန်များလို့ ဆိုပြီး ပြောကြတယ်။ ဒါကြောင့် ဥပမာ-သွင်းကုန်ဖြစ်တဲ့ လူသုံးကုန်တို့ ဘာတို့ လျှော့ချဖို့ရော ရှိပါသလား။
ဖြေ။ ။ အဲဒါကျတော့ လူတွေက တော်တော်များများ အဲဒါပြောတယ်။ ကျနော်တို့ကျတော့ အဲဒီလိုမမြင်ဘူး။ သွင်းကုန် အုပ်စု ၃ ခုရှိတယ်။ ပထမ တစုက ဘာလဲဆိုရင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံး ပစ္စည်းတွေ သွင်းတာ၊ ဒုတိယ တစုက စက်ရုံ တို့ ဘာတို့မှာ လုပ်တဲ့ လုပ်ငန်းသုံး ကုန်ပစ္စည်းတွေ၊ နောက် တတိယ တစုက တကိုယ်ရေသုံး ပစ္စည်းတွေ သွင်း တယ်။
ဒါကို ပိုင်းခြားကြည့်ရင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံး ပစ္စည်းတွေ ဝင်လာတာက ၅၀ ရာခိုင်နှုန်း အပေါ်နဲ့ အောက်နားလေး မှာ ပြေးနေတယ်။ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း ဆိုတာက ရင်းနှီးမြှုပ်နှံမှု လာလုပ်ထားတဲ့ သူတွေက သူ့ပစ္စည်းတွေ ထုတ်ဖို့ အတွက် ဟိုဘက်ကနေ ပြန်တင်သွင်းလာတဲ့ ပစ္စည်းတွေ ၃၀ ရာခိုင်နှုန်း ကျော်ကျော်လောက် ရှိတယ်။
လူသုံးကုန် ပစ္စည်းဆိုတာ နှစ်စဉ် ပုံမှန်သွင်းနေရတယ်။ အများကြီးမဟုတ်ဘူး။ သူ့ဘာသာ ပုံမှန်လေးသွားနေတယ်။ လူသုံးကုန် ပစ္စည်းတွေထဲမှာ အဓိကျတဲ့ ပစ္စည်းတွေကို ပြန်ကြည့် လေယာဉ်ပစ္စည်းတို့ ဆက်သွယ်ရေး ပစ္စည်းတို့ ကား ပစ္စည်းတို့ ပါတယ်။ အဲဒါတွေလျှော့ချလိုက်လို့ရှိရင် ဘယ်လိုလုပ်ကြမလဲ။ လျှော့လို့ မရဘူး။
ဒါကြောင့်မို့ ဒီဘက်က ပို့ကုန် တိုးပို့ပြီးတော့မှ ကုန်သွယ်မှု လိုငွေကို လျော့သွားအောင်ပဲ လုပ်လို့ရမယ်။ ကိုယ့်ဘက်က လျှော့ဖို့ဆိုတာ သွင်းတဲ့ ပစ္စည်းတွေကို အုပ်စုခွဲ လျှော့လို့ရလား၊ မရလား ဆိုတာ အဲဒီမှာ အဖြေထွက်သွားလိမ့်မယ်။
မေး။ ။ တခြား ဘာများ ဖြည့်စွက်ပြီး ပြောချင်တာများ ရှိပါသေးလဲ။
ဖြေ။ ။ အပေါ်မှာ ပြောသလိုပဲ။ သတင်း အချက်အလက်လေးတွေကို ရအောင် ယူပါ။ နားထောင်ပါ။ အဲဒီပေါ်မှာ မူတည်ပြီးတော့ မိမိလုပ်နေတဲ့ လုပ်ငန်း ကိုင်ငန်းတွေကို ဘယ်လို ကြိုတင် ပြင်ဆင်မလဲ။ ငါ့ဈေးကွက်၊ ငါ့ရဲ့ ကုန်ပစ္စည်း ကို ဘယ်လိုလုပ်မလဲ ဆိုတာတော့ ဒါကို လုပ်ငန်းရှင်တိုင်း အချိန်နဲ့အမျှ စဉ်းစားသင့်တယ်လို့ ထင်တယ်။
ပုံမှန် လုပ်နေကျမျိုး သွားမယ် ဆိုရင် အနာဂတ်ရဲ့ ပြောင်းလဲမှုတွေက အများကြီး ရှိတယ်။ အခုဆို စိတ်ဝင်စားဖို့ ကောင်း တယ်။ အာဆီယံရဲ့ ကိစ္စတွေကလည်း ရှိနေသေးတယ်။ တရုတ်နဲ့ အမေရိကန်က ကုန်သွယ်မှု စစ်ပွဲ ဖြစ်နေ တယ်ဆိုရင် သူတို့ ဘာဆက်လုပ်မလဲ။ ဘာတွေ ဖြစ်မှာလဲ ဆိုတာ ဒါတွေက နွှယ်နေတယ်။ ဘာလို့လဲဆိုတော့ ဂလိုဗယ်လိုက်ဇေးရှင်း ဆိုတာက မရဘူး။ ပါလာမှာပဲ။
ဒါကြောင့်မို့ သတင်း အချက်အလက်ဟာလေးတွေကို အကုန်လုံး ရစေချင်တယ်။ ပြီးလို့ရှိရင် ရလာတဲ့ အခက်အခဲကို ရင်ဆိုင်နိုင်အောင် လုပ်စေချင်တယ်။ ဒါကြောင့် သတင်းတွေနဲ့ ပတ်သက်ရင် ဖတ်ကြပါ။ နားထောင်ကြပါ။ မသိလို့ ဆိုရင်လည်း ကျနော်တို့ဌာနလို ဟာမျိုးတွေလည်း လာမေးပါ။ တတ်နိုင်သမျှ ကူညီပေးမယ်။ ကျနော်တို့ မသိလည်း သိတဲ့သူကို မေးမြန်းပြီးတော့မှ လုပ်ပေးပါ့မယ်။ ။