တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များသည် သြဂုတ်လ ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့အဝင်များကို ဖယ်ရှားရေး၊ ကာလုံ ခေါ်ယူရေးနှင့် ရွေးကောက်ပွဲ မရိုးဖြောင့်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနှင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြ မေးမြန်းခဲ့သည်။
ထိုကဲ့သို့တွေ့ဆုံ ဆွေးနွေးတင်ပြလိုက်ခြင်းသည် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ ဖြစ်သင့်၊ မဖြစ်သင့် အ ပေါ် နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံရေးလေ့လာသူ အချို့ထံ ဧရာဝတီ သတင်းထောက် ဇင်လင်းထက်နှင့် စန်းယမင်းအောင် တို့က ဆက်သွယ် မေးမြန်းထားပါသည်။
မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး)
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သူ့မှာလည်း တွေ့နိုင်တဲ့ တွေ့ခွင့်ရှိတယ်လေ။ သူ့ကို ဘယ်သူမှလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်နေမှာ မဟုတ်ပါဘူး။ တွေ့ကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့အခွင့်အရေးပါပဲ။ ကျနော် အဲဒါ တော့ မပြောလိုဘူး။ နံပါတ် ၂ က တွေ့တဲ့အခါမှာ ပြောကြဆိုကြတာကတော့ ပြည်သူလူထုထဲမှာ မေးခွန်းထုတ်စရာတွေ အများကြီး ကြားလာရတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သူတို့တင်ပြတဲ့ ကာလုံခေါ်ဖို့ဆိုတဲ့ ကိစ္စ၊ ကော်မရှင်ကို လဲပေးဖို့ ကိစ္စ၊ နောက်တခုက ရွေးကောက်ပွဲ မရိုးဖြောင့်ရင် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဘယ်လို လုပ်ပေးမလဲ ဆိုတဲ့ ကိစ္စ။
ဒီ ၃ ချက်ကတော့ မေးဖို့ မသင့်တဲ့ အချက်တွေလို့ ကျနော်ထင်တယ်။ ဥပမာ – ကာလုံခေါ်ပေးဖို့ ကိစ္စဆိုလည်း ကျနော်တို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပြီပဲ။ တိုင်းပြည်မှာ ရခိုင်ပြည်နယ်လိုကိစ္စ၊ အိုင်စီဂျေလို ကိစ္စမှာတောင် ကာလုံခေါ်ဖို့ အဆင်သင့် မဖြစ်ကြသေးတာပဲလေ။ အခုလို တိုက်တွန်းချက်ကြီးကတော့ ရယ်စရာဖြစ်နေတယ်။ အခြေအနေ အချိန်အခါနဲ့ မဆီလျော် တဲ့ ကိစ္စလို့ ကျနော်ပြောချင်တယ်။
နောက်တခါ ကော်မရှင်ကို လဲပေးဖို့ ဆိုတာကလည်း သိပ်တော့ မဆီလျော်ဘူးဗျ။ ကော်မရှင်ကို ခန့်အပ်တာက သမ္မတက ခန့်တာလေ။ လွှတ်တော်တို့ ဘာတို့ကလည်း တစုံတရာ အသိအမှတ်ပြုတာတွေ ရှိတယ်လေ။ အဲဒါကို ဘာဖြစ်လို့ လဲခိုင်း တာလဲ။ နောက်တခါ ရွေးကောက်ပွဲ ကော်မရှင်က အခုဘာတွေများ လုပ်နေလို့လဲ။ NLD နဲ့ အစိုးရကို ဘာများ ဘက်လိုက် နေလို့လဲ။ ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်ကလည်း ဘယ်နိုင်ငံရေးပါတီမှ ကော်မရှင်ရဲ့ ဥပဒေအထက်မှာ မရှိဘူးလို့ ပြောထား ပြီးသားပဲ။
နံပါတ် ၃ က ရွေးကောက်ပွဲ မတော်မတရားဖြစ်ရင် ဘာလုပ်ပေးမလဲဆိုတဲ့ မေးခွန်းကတော့ တကယ်ကို မမေးသင့်ဆုံး အရာပဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကို Free and Fair ဖြစ်အောင် လုပ်ပေးမယ်၊ ကူညီမယ်လို့ ပြောထားပြီးသားပဲ။ ဒါကို မဖြစ်ရင် ဘာလုပ်ပေးမလဲလို့ မေးတာတော့ မကောင်းဘူးပေါ့။
ဦးစိုင်းလိတ် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး)
ကျနော် ထင်တာတော့ Concept လွဲနေတယ်လို့ ထင်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက် တွေက တရားနည်းလမ်းမကျဘူး။ ဘက်လိုက်တယ်လို့ ယူဆတယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ တိုက်ရိုက် ဆွေးနွေးရမှာပေါ့။ အဲဒီလို ဆွေးနွေးလို့ အဆင်မပြေဘူး။ ဆွေးနွေးခွင့် မရဘူးဆိုရင် လွှတ်တော်ထဲက တိုက်ရိုက် ဆွေးနွေးတာမျိုး၊ မေးခွန်းမေးတာ အဲဒီလို လုပ်သင့်ပါတယ်။
အဲဒါမှ အဆင်မပြေဘူးဆိုရင် သမ္မတအထိ စာတွေရေး၊ ဆွေး နွေးပြီး တွေ့ဆုံဆွေးနွေးခွင့် တောင်းသင့်တယ်။ အဲဒါမှ မရရင် နိုင်ငံရေးပါတီတွေ ဘယ်လိုခံစားနေရတယ် ဆိုတာကို မီဒီယာက တဆင့် ထုတ်ပြန်သင့်တယ်။ သက်ဆိုင်ရာကလည်း ဒီတိုင်း ကြည့်မနေဘူးလို့ ထင်တယ်ပေါ့လေ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို တိုက်ရိုက်တွေ့ဆုံတာမျိုး၊ ကာလုံခေါ်ဖို့ အထိ တောင်းဆိုတာမျိုးကျတော့ လမ်းကြောင်း လွဲနေ တယ်လို့ ထင်ပါတယ်။ ကာလုံခေါ်မယ်။ မခေါ်ဘူး ဆိုတာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်နဲ့အညီ သူတို့ သတ်မှတ်ပြီး ခေါ်မှာပေါ့။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ တကြိမ်မှ မခေါ်ဘဲ နေခဲ့သေးတာပဲ။ အခုရွေးကောက်ပွဲကိစ္စကလည်း ကာလုံနဲ့ ဘာမှမပတ်သက်ဘူးလို့ ထင်ပါတယ်။
ဦးမြအေး (ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးဦးဆောင်ကော်မတီဝင်)
နိုင်ငံရေးပါတီ ဆိုတာက နိုင်ငံနဲ့ ပတ်သက်တဲ့ Policy Maker Role ကို သွားတဲ့သူလေ။ ကျနော် ပြောချင်တာက ကိုယ်ကြုံ နေရတဲ့ အခက်အခဲကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းရမှာလေ။ တိုင်းပြည်ရဲ့ အခက်အခဲကို ဖြေရှင်းမယ်ဆိုတဲ့ အဲဒီလူ တွေက ကိုယ့်ဘာသာကိုယ် မဖြေရှင်းဘဲနဲ့ ကူပါဦး။ ကယ်ပါဦး ဆိုပြီး သွားတွေ့တာက ဒါက မဟုတ်ဘူးလို့ ထင်တယ်။ ကိုယ်တိုင်ကြုံနေရတဲ့ အခက်အခဲကို ကိုယ့်ဘာသာကိုယ် မဖြေရှင်းနိုင်ဘဲ ဒီလူတွေက တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဘယ်လို ဖြေရှင်းနိုင်မှာတဲ့လဲ။
ကျနော်တော့ သိပ်ဘဝင်မကျဘူး။ နောက်တချက်က တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်နေတာက သမ္မတ က အကြီးဆုံးလေ။ နိုင်ငံတော်ရဲ့ အကြီးအကဲလေ။ နိုင်ငံတော်သမ္မတ နိုင်ငံတော်အကြီးအကဲကို တင်ပြတယ်ဆိုရင်က တမျိုးဗျာ။ ကာကွယ်ရေးဦးစီးချုပ်က အရေးမပါဘူးလို့ မဆိုလိုပါဘူး။ သို့သော် အင်္ဂါစဉ်အရ တော့ သမ္မတ နောက်မှာလေ။
နိုင်ငံရဲ့ အခြေအနေကလည်း စစ်အာဏာရှင်စနစ်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အခြေအနေ၊ ရုန်းထွက်ကာစ အခြေအနေ။ အဲဒီလို အခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သွားတွေ့တာက တနည်းအားဖြင့် တိုင်းပြည်ရဲ့ အခြေအနေ ကို ကျနော်တို့တော့ မထိန်းနိုင်တော့ပါဘူး။ အဲဒါကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ယူပေးပါဦး ပြောတာက သိပ်သဘာဝတော့ မကျဘူး။ ဒါက ဟုတ်မှမဟုတ်တာ။
ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ)
တပ်ချုပ်ကြီးနဲ့ တွေ့တဲ့ကိစ္စမှာ ကျနော်တို့ ပါတီလည်း ပါပါတယ်။ ကျနော်တို့ ပါတီ ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ ဦးတင်ဆွေက အဲဒီမှာ တပ်ချုပ်ကြီးနဲ့တွေ့ဖို့ တောင်းဆိုတဲ့ အထဲမှာလည်း ပါတယ်လေ။ သွားတွေ့တဲ့ အထဲလည်း ပါတယ်။ သို့သော် ကျနော်လည်း သေချာမသိသေးဘူးဗျ။ ကျနော်က ဒီဘက် ငြိမ်းချမ်းရေးညီလာခံဘက် တာဝန်ယူထားတော့။ သတင်း တွေတော့ ကြားတာပေါ့။
ကျနော်လည်း အဲဒီထဲမပါတော့ အထွေအထူး မှတ်ချက်တော့ မပေးချင်ဘူး။ သို့သော်လည်း ပါတီအသီးသီးရဲ့ သဘော ထားကို ပါတီအားလုံး စုပြီးတော့ ဟိုရောက်တော့ ကိုယ့်ပါတီ၊ သူ့ပါတီရဲ့ သဘောထားတွေ တင်တာပေါ့။ အတူတူ သွားတဲ့သူတောင် သူ့သဘောထားကိုပဲ သူတာဝန်ယူတယ်လေ။ တခြားပါတီတွေရဲ့ တင်ပြချက်တွေကိုတော့ တာဝန် မယူနိုင်ဘူးပေါ့။
ဒေါ်နိုးနိုးထက်စံ (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဒုဥက္ကဋ္ဌ))
တပ်ကတော့ သူ့ရဲ့ နိုင်ငံရေးဘောင်ကို သူချဲ့တာပေါ့နော်။ ဒီဘက်က ပါတီတွေဆိုတာကလည်း နဂို ကတည်းက ဘယ်ဘက်ကိုယိမ်းမလဲဆိုတဲ့ စဉ်းစားချက်ပေါ့။ တပ်ကိုတချို့ကတော့ အားကိုးအားထားပြုတဲ့ သဘောဆန်တယ်။ အဲဒီ အပေါ်မှာ သွားပြီးတွေ့ကြတယ်လို့ ယူဆတယ်။ ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်လည်း ရှိလို့ပေါ့။ အပြန်အလှန် အဲဒီလို ဖြစ်တယ် လို့ပဲမြင်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့အယိမ်းကလည်း နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံကိုဖွံ့ဖြိုးစေချင်တဲ့ဆန္ဒ၊ နောက်ပြီးတော့ သူတို့ရဲ့ အတွေးအခေါ်၊ အယူအဆ ပြန့်န့ှံစေချင်လို့ လုပ်တယ်ဆိုရင်တောင်မှ ဒီအချိန်မှာ ဒီလိုတပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မလိုအပ်ဘူးလို့ ကျမတို့က ယူဆတယ်။ ဒါပေမယ့် ၃၄ ပါတီက အဲဒါကို လိုအပ်တယ်လို့ ယူဆတဲ့ပါတီတွေကလည်း ရှိကောင်းရှိမှာပေါ့။
သူတို့ (တပ်မတော်) ပါခြင်းအားဖြင့် ၁ အချက် ဒီမိုကရေစီမရနိုင်ဘူး။ ၂ အချက် ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တောက်လျှောက် သူတို့အုပ်ချုပ်ခဲ့တဲ့နှစ် သက်တမ်းကိုကြည့်လိုက်ရင် မဖြစ်နိုင်ဘူးဆိုတာ ပေါ်တာပေါ့။ ဒါကြောင့် ဒီအယူအဆပေါ်မှာ လက်မခံနိုင်ဘူး။ နိုင်ငံရေးပါတီတွေက ဖက်ဒရယ်ဒီမိုကရေစီ တကယ် တည်ဆောက်ချင်တယ်ဆိုရင် ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ပါတီ အသွင်သဏ္ဍာန်ကို ဖော်ဆောင်မယ့် လုပ်ဆောင်မှု လုပ်ရပ်တွေ ရှိရမယ်။ အဲဒီ လုပ်ဆောင်မှုလုပ်ရပ်တွေ မရှိဘူးဆိုရင်တော့ အဲဒီဆန္ဒရှိရဲ့လားဆိုတာ တော်တော်ပြောရခက်တဲ့ကိစ္စဖြစ်တယ်။
တချို့တော့ရှိတာပေါ့။ အပျော့ဆွဲ ဆွဲတယ်ပေါ့။ ဒါပေမယ့် အဲဒီစဉ်းစားချက်က ဘယ်တုန်းကမှ အရာမရောက်ခဲ့ဘူး။ အဲဒီနည်းနာက ဘယ်တော့ကမှ အသုံးမဝင်ခဲ့ဘူး။ မြန်မာပြည်သမိုင်းမှာ။ ကိုယ်ဆန္ဒရှိတဲ့သူနဲ့တွေ့လို့ရပေမယ့် လုပ်ပုံ လုပ်နည်း တပ်ကို အကူအညီတောင်းတာ ဒါကမဟုတ်ဘူးလေ။ free and fair election လုပ်ဖို့က UEC မှာ တာဝန်ရှိတာ။ တပ်ကို သွားတွေ့မယ်အစား UEC ကိုသေချာတွေ့ပြီး ဒီစကားပြောရမယ်လို့ ကျမကတော့ နားလည်တယ်။
UEC ကလည်း capacity တချို့လိုအပ်တယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဲအရ မှားယွင်းတာ။ လူလည်းရှိတယ် ပိုက်ဆံလည်းရှိလျက်သားနဲ့ အလုပ်လုပ်တာ စည်းစနစ်တကျ မရှိဘူး ဖြစ်နေတာပေါ့ ဒီမိုကရေစီ စံနှုန်းအရတော့ UEC မှာ တာဝန် တကယ်ရှိနေတာကို UEC ကိုပဲ ပြောပြသင့်တယ်။ သူတို့ရဲ့အခက်အခဲကိုလည်း နားထောင်သင့်ပါတယ်။
ဦးအောင်သူငြိမ်း (မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ပြင်ပဆက်ဆံ ၊ ဆက်သွယ်ရေးဌာန ဒါရိုက်တာ)
သူတို့တွေ့ဆုံပွဲက သတင်းတွေ ဖော်ပြသလောက်ပဲ သိတယ်လေ။ အဲဒီတော့ ဆိုလိုတာက ဘယ်လောက်အထိ အသေး စိတ် ဆွေးနွေးကြသလဲ။ အခု Facebook ပေါ်မှာ ဆူညံနေတဲ့ ကိစ္စပေါ့။ ကျနော်မလုပ်ရဲတာ မရှိဘူးဆိုတာ။ အဲဒါကလည်း တိုက်ရိုက်ကြားတာ မဟုတ်ဘူးပေါ့။ တဆင့်ခံ ပြန်ပြောတာဆိုတော့ ဘယ်လိုအနေအထားမှာ ပြောသလဲဆိုတာက ပြောရ ခက်တယ်ပေါ့။ ယေဘုယျ အခြေခံ ကျနော်စဉ်းစားတာက အခုလက်ရှိက နိုင်ငံရေးနယ်ကျုံ့လာရင် စစ်ရေးနယ်ကျယ် လာတယ်ဆိုတဲ့ အမြင်မျိုးရှိတယ်ပေါ့။ ဆိုတော့ နိုင်ငံရေး မပြေလည်တဲ့ ကိစ္စတွေမှာ တပ်မတော်ကို မခေါ်သွင်းသင့်ဘူး။ အဲဒီလိုအမြင်မျိုးတော့ ရှိသင့်တာပေါ့။
တခုခုဖြစ်ရင် တပ်မတော်ကို သွားဆွဲလာတာတွေကလည်း ပြဿနာရှိတယ်ပေါ့။ သမိုင်းပြန်ကြည့်ရင် အရင်က ဖဆပလ ကွဲတယ်။ ကွဲတော့ တချို့ အုပ်စုက တပ်ကို အားကိုးတယ်ပေါ့။ ဒါမျိုးသမိုင်းတွေ ရှိပါတယ်။ ပြောမယ်ဆိုရင် တပ်မတော်က ပရော်ဖက်ရှင်နယ် ဖြစ်သင့်တယ်။ နိုင်ငံရေးနဲ့ မဆိုင်ပဲ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်ကိုပဲ လုပ်တာပိုဖြစ်သင့်တယ်ပေါ့။
နောက်တခုက တောင်းဆိုချက် ၃ ချက်မှာ တပ်ဘက်က လုပ်နိုင်တာက တခုပဲရှိတယ်။ ရွေးကော်ပြန်လည်ဖွဲ့စည်းဖို့ ကျပြန်တော့လည်း သူတို့လုပ်ပိုင်ခွင့်ထဲ မပါဘူးလေ။ ရွေးကောက်ပွဲ မမျှတရင် ဘာလုပ်ပေးမလဲ ဆိုတာကလည်း ပြောရ ခက်တယ်ဗျ။ ကာလုံခေါ်ဖို့ကတော့ သူ့ဥပဒေကြောင်းအရရော တောင်းဆိုမှုအရရော လုပ်နိုင်တဲ့ အနေအထားပေါ့ဗျာ။ အဲဒီတချက်ပဲ ရှိတယ်ထင်တယ်။
ဦးမင်းဇေယျ (ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ)
တပ်ချုပ်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီတွေ့ဆုံတဲ့ ကိစ္စက တကယ်တမ်းပြောမယ်ဆိုရင်တော့ အသစ်အဆန်းတော့ မဟုတ် ဘူးပေါ့။ ပြီးခဲ့တဲ့ ကာလတုန်းကလည်း တွေ့ခဲ့ဖူးတယ်လေ။ ပြောချင်တာက နိုင်ငံရေးပါတီနဲ့ တပ်ချုပ်နဲ့တွေ့ဆုံခြင်းသည် တွေ့ဆုံခြင်းက လုပ်ငန်းသဘောအရ အထွေအထူး ပြောစရာမရှိပေမယ့် တွေ့တဲ့ ပုံစံက ဘယ်လိုဖြစ်နေလဲဆိုတော့ သူတို့အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့၊ သူတို့နဲ့ သဘောထားခြင်း တိုက်ဆိုင်တဲ့ အဲဒီလိုမျိုးပါတီတွေကိုပဲ သီးသန့်ဖိတ်ပြီးတွေ့တဲ့ပွဲ။ ဒါက တချက်ပြောချင်တယ်။ ဒုတိယက အခုလို ရွေးကောက်ပွဲ နီးတဲ့အချိန်မှာ သူတို့က Message ပေးချင်တယ်လို့ ထင် တယ် လို့ ယူဆတယ်။ ဘယ်လိုလဲဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် တွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ နိုင်ငံရေး ပါတီတွေရဲ့ သဘောထားရယ်။ တပ်ချုပ်ရဲ့ သဘောထားရယ်နဲ့ ပြည်သူကို Message ပေးချင်တယ်လို့ ယူဆတယ်။ အဲဒီအကြောင်း ၂ ချက်ကြောင့်ပဲ ဒီလိုတွေ့ဆုံပွဲ လုပ်တယ်လို့ သုံးသပ်တယ်။
အဲဒီနေရာမှာ တခုရှိတာက အခုလိုမျိုးတွေ့ဆုံရတဲ့ ရည်ရွယ်ချက်က မည်သို့ပင်ရှိစေကာမူ တွေ့ဆုံတဲ့ အခြေအနေနဲ့ တွေ့ဆုံတဲ့ ပုံစံကတော့ သာမန်ပြည်သူတွေကပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေကပဲ ဖြစ်ဖြစ်ပေါ့။ ဒါက လမ်းကြောင်း တလမ်းကြောင်းကို တမင်ထွင်ပြီး ဖောက်တယ်လို့ပဲ ထင်တယ်။
နောက်တချက်က တပ်ချုပ်က ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အခါမှာ တပ်ချုပ်ပြန်ဖြေတဲ့စကားပေါ့။ ဘာပဲဖြစ်ဖြစ် လုပ်ရဲ တယ်ဆိုတဲ့ စကားပေါ့။ သူကတော့ တိုင်းပြည်အတွက်ဆိုရင်၊ ပြည်သူအတွက်ဆိုရင် ဆိုပြီး စကားတော့ ခံထားတာပေါ့။ သို့သော် မည်သို့ပင် ဆိုစေကာမူ ဘာဖြစ်ဖြစ် လုပ်ရဲတယ်ဆိုတဲ့ အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်က နိုင်ငံရေးအရ ကြည့်ရင် တော့ စိန်ခေါ်တဲ့ သဘောသက်ရောက်တယ်လို့ ကျနော်က ခံစားမိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တယောက် အနေနဲ့ ဒီလိုစကားလုံးသုံးခြင်းသည် ဒီမိုကရေစီ စနစ်ကို ဦးတည်သွားနေတဲ့ အချိန်ကာလမှာ ဒီလိုစကားလုံးက မသုံးသင့် ဘူးလို့ ကျနော် ခံစားမိပါတယ်။ ဒီလိုမေးခွန်းကို မေးတာတွေ၊ ပြန်ဖြေတာတွေ၊ တွေ့ဆုံတဲ့ပုံစံတွေကတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အထောက်အကူမပြုဘူးလို့ မြင်ပါတယ်။
ဆက်စပ်လင့်
ရွေးကောက်ပွဲ မတရားခဲ့ရင် တပ်ချုပ်ကို ကူညီဖြေရှင်းပေးဖို့ အတိုက်အခံပါတီများ သွားပြော
လက်နက်ကိုင်တဲ့ အဖွဲ့ ပိုက်ဆံဘယ်က ရသလဲ
“သမ္မတဆိုတာက တော်ရုံတန်ရုံလူ လုပ်လို့တော့ ဖြစ်တဲ့ကိစ္စမျိုး မဟုတ်ဘူး”