ကျနော်တို့တတွေ မျှော်လင့်အားခဲခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ကို ကျော်ဖြတ်ခဲ့ကြပြီးပါပြီ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် အစိုးရဖွဲ့နိုင်မည် (သို့မဟုတ်) အခြား အနိုင်ရ ဒီမိုကရေစီ နဲ့ ဖယ်ဒရယ်စနစ်ကို အမှန်တကယ်လိုလားတဲ့ ပါတီများဖြင့် ပူးပေါင်းပြီး အစိုးရဖွဲ့နိုင်မည်ကို အလွန်ပဲ သိလိုစိတ်ပြင်းပြနေသော အချိန်ကာလပင်။ ကျနော့် အနေနဲ့လည်း NLD သာမက တိုင်းရင်းသားပါတီများအနေဖြင့် မိမိဒေသတွင် လွှမ်းမိုးမှု ရရှိစေလိုပါသည်။
ကျနော်တင်ပြမည့် စာစုသည် သုတေသနစာတမ်း မဟုတ်ပါ။ သို့ရာတွင် သုတေသနသဘော အရိပ်အငွေ့တချို့ပါဝင်မှု ရှိပါသည်။
၁။ လူငယ်/လူလတ် (အသက် ၃၀ – ၄၀ ဝန်းကျင်) ဆရာဝန်များနှင့် NLD အကြောင်း မေးခွန်းများမေးခဲ့သည်။
၂။ သူတို့သည် NLD ကို အတိုင်းအတာတခုအရ ထောက်ခံခြင်း၊ စာနာခြင်း၊ လိုလားခြင်းများရှိသော၊ စစ်အာဏာရှင်မျိုးဆက်ကို ရွံမုန်းသော သူများ ဖြစ်ပါသည်။ (သူတို့က “ဆရာရေ… ကျနော်/ကျမ တို့ NLD ကိုပဲ မဲထည့်ခဲ့တယ်” လို့ အားပါးတရ ပြောကြပါသည်။)
၃။ ယခုဆရာဝန်များတွင် ဗမာလူမျိုးစုက ပိုများပြီး အနည်းငယ်သည် အခြားတိုင်းရင်းသားများ ဖြစ်သည်။
၄။ လက်တန်း ပြင်ဆင်မှု မရှိဘဲ ပြောကြားခဲ့သူများ အပြင် အချိန်ယူရေးသားခဲ့သော သူများလည်း ပါဝင်ပါသည်။
အထူးဖော်ပြလိုသည်မှာ ဤစာစုသည် သူတို့၏ ထုတ်ဖော်ပြောဆိုချက်များကို ဖော်ပြထားခြင်းဖြစ်ပြီး ကျနော်၏ သဘောထားများ မပါဝင်ပါ။ ကျနော်၏ ဆန္ဒစွဲဖြင့် ပြုပြင်ထားခြင်းလည်း မပြုလုပ်ခဲ့ပါ။
အမှတ်စဉ်ထိုး၍ ဤစာစုကို မှတ်တမ်းတင်ပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် စာဖတ်သူတို့ အချိန်တိုအတွင်း သိသာထင်ရှားစေပါမည်။ အမှတ်စဉ်ထိုး ဖော်ပြမှု အပြီးတွင် ဥပမာပေးမှုများကို ဆက်လက်ဖော်ပြပြီး ရှင်းလင်းထားပါသည်။
၁။ ကျော်ဖြတ်ခဲ့သော သမိုင်းကြောင်းကို ထပ်တလဲလဲ ပြောဆိုကြပြီး ရှေ့လုပ်ငန်းစဉ်ကို ပြောဆိုရှင်းလင်းမှု အားနည်းခြင်း။
၂။ အဖွဲ့ချုပ်၏ အဓိက တာဝန်ရှိသော ပုဂ္ဂိုလ်များသည် ပါတီ၏ အောက်ခြေအနေအထားကို အလေးအနက် စီစစ်ရန် လိုအပ်ပါသည်။ ပါတီ၏ အောက်ခြေတွင် အဆင်မပြေဖြစ်မှုများကို ပိုမိုသိရှိရန် လိုအပ်သည်။
၃။ အလွန်အရေးကြီးသော ကိစ္စရပ်များ (ဥပမာ – ကိုဗစ်ရောဂါထိန်းချုပ်မှု) ကို ယခုထက် ပို၍ ပြတ်ပြတ်သားသား ဆောင်ရွက်ရန် လိုခြင်း။
၄။ ဒေါ်အောင်ဆန်းစုကြည်၏ အရည်အသွေး နှင့် တူညီသော အဖွဲ့ချုပ်ခေါင်းဆောင်မျိုး ရရှိနိုင်ဖို့ မဖြစ်နိုင်သည်ကို နားလည်နိုင်ပါသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အလွန် ကာလအတွက် အလေးအနက် ပြင်ဆင်သင့်သည်။
၅။ NLD သည် စစ်အာဏာရှင်၏ ဆိုးဆိုးဝါးဝါး နှိပ်ကွပ်ခံရမှုကြောင့် တတ်သိပညာရှင်များ ပေါ်ထွန်းလာမှု ခါးပြတ်ခဲ့ရသည်ကို ကောင်းစွာ နားလည်နိုင်ပါသည်။ သို့ရာတွင် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် တတ်သိပညာရှင်များကို လူမှန်နေရာမှန် ရရှိနိုင်စေရန် ယခုထက်ပို၍ ကြိုးစားရှာဖွေ ထားသင့်သည်။
၆။ NLD သည် စစ်အာဏာရှင်ခေတ်က အဖွဲ့ဝင်များ၏ ဘဝပေါင်းများစွာ အနစ်နာခံ ပေးဆပ်ခဲ့သော်လည်း နောက်နောင် မျိုးဆက်ခေတ်ကာလတွင် ယခုအချိန်မှာကဲ့သို့ လေးစားတန်ဖိုးထားမှုများ နှစ်ရှည်ကြာလာသည်နှင့်အမျှ ယုတ်လျော့လာမည်။ သို့ပါ၍ ထိုကာလများတွင် ပိုမိုစနစ်တကျ တည်ဆောက်နိုင်သူများ လိုအပ်လာမည်ဖြစ်ရာ ထိုသူများကို ဦးစားပေး ရွေးချယ်သင့်ပါသည်။
၇။ အဖွဲ့ချုပ်အတွင်း ဗဟိုထိန်းချုပ်မှုများသည်ဟု ယူဆပါသည်။ ထိပ်ဆုံးခေါင်းဆောင်၏ အနေအထားတစ်ခုတည်းကိုသာ ကြည့်ပြီး အခြေအနေအရ လုပ်ဆောင်နေသဖြင့် အဖြစ်မှန်များ ထိန်ချန်မှုရှိသည်ဟု ခံစားရသည်။
၈။ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်မှုကို အားမရပါ။
၉။ အဖွဲ့ချုပ်အတွင်းနေရာပေးမှု ပြဿနာများရှိသည်ဟု ထင်မြင်ပါသည်။ ပါတီထိပ်ပိုင်း တာဝန်ရှိသူများက အနစ်နာခံခဲ့မှု၊ ဖြတ်သန်းခဲ့မှုကိုသာ အဓိက ထား၍ နေရာပေးလေ့ရှိသည်။ လူလတ်ပညာတတ်များကို နေရာပေးမှုရှိသော်လည်း နည်းပါးနေဆဲ ဖြစ်ပါသည်။
၁၀။ စိုးရိမ်ဖွယ်ကောင်းသော အချက်တခုမှာ လူငယ်တစ်ချို့က နိုင်ငံရေးလုပ်ဆောင်မှုများကို “ဟာသ” သဘောသာသာ ထင်မြင်နေကြခြင်းပင်ဖြစ်သည်။
၁၁။ အဖွဲ့ချုပ်တွင် လူကောင်းများရှိသော်လည်း လူတော်များ အနည်းစုပင်ဖြစ်သည်။
၁၂။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုအသံ နားထောင်မှု အားနည်းသည်။ မိမိနှင့် မတူသော အယူအဆများကို သေချာစွာ ဆွေးနွးတိုင်ပင်ခြင်း ၊ ဆွေးနွးရာတွင် ပျော့ပြောင်းမှု အားနည်းခြင်းများ ရှိသည်ဟု ယူဆသည်။
၁၃။ ဒေါ်အောင်ဆန်းစုကြည်သည် “မေတ္တာတရား” ကို အလွန်အမင်း ရှေ့တန်းတင်လွန်းသည်။ “မေတ္တာတရား” ထားရှိမှုသည် ကောင်းမွန်သော တရားဖြစ်သော်လည်း အချို့နေရာများတွင် လုပ်ငန်းအောင်မြင်မှုကို ယုတ်လျော့စေသည်။
၁၄။ မွန်ပြည်နယ်ရှိ တံတားအမည်နာမ ပြဿနာတွင် ဒေသခံတိုင်းရင်းသားများ၏ အလိုကို လိုက်လျောမှု မရှိသဖြင့် အဖွဲ့ချုပ်၏ ဖယ်ဒရယ်ပြည်ထောင်စုအပေါ် သဘောထားကို သံသယဝင်စေခဲ့သည်။
၁၅။ ရခိုင်ဒေသမှာ နေ့စဉ်နဲ့အမျှ လူအများသေကြေပြီး စစ်ရှောင်နေကြရပါသည်။ “ရခိုင်ဒေသစစ်ပွဲ” ကို အသေအချာ မတားဆီးနိုင်ပါ။ အစိုးရအနေဖြင့် တားမြစ်ရန် အကန့်အသတ်ရှိခြင်း (သို့) တားဆီးလိုသော ဆန္ဒမရှိခြင်းကို ဝေခွဲ၍ မရပါ။
၁၆။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်တွင်းမှာ ပြင်ဆင်၍ မရနိုင်သည်ကို သိပြီးသားဖြစ်နေ၍ လွှတ်တော်အတွင်းပြင်ဆင်ဖို့ ကြိုးစားခြင်းသည် “ဟန်ပြလုပ်ဆောင်ခြင်း” ဟု မြင်ပါသည်။ ဤသို့ ပြင်ဆင်ခြင်းထက် ဥပဒေ ပညာရှင်များ အကြံပေးသည့် အခြားနည်းလမ်းသွယ်များကို သုံးသင့်သည်။
၁၇။ အမျိုးသားပညာရေး ဥပဒေမှာ တက္ကသိုလ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များပေးသော်လည်း လက်တွေ့တွင် သိသာထင်ရှားသော အပြောင်းအလဲ မရှိခဲ့ပါ။
၁၈။ ဘာသာရေးနှင့် အမျိုးသားရေး အစွန်းရောက်သူများ၏ Mindset (အတွေး) ကို ယဉ်ကျေးနားလည်လာစေရန် လုပ်ဆောင်မှု အားနည်းသည်ဟု မြင်ပါသည်။ ထိုသူများကို ကြိုးစားပြီး educate (ပညာပေး) လုပ်သင့်သည်။ ဘာသာပေါင်းစုံ ၊ လူမျိုးပေါင်းစုံ ၊ ကျား/မ တန်းတူရေး နှင့် အတူတကွ ယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်းဖြစ်လာစေရန် ကြိုးစားသင့်သည်။ ဤသို့ မဆောင်ရွက်ခြင်းသည် ကွဲပြားနေသော အင်အားစုများ၏ ဆက်လက်ကွဲပြားမှုကို ဖြစ်စေသည်။
၁၉။ ၂၀၁၅ ရွေးကောက်ပွဲကာလက ကြွေးကြော်ခဲ့မှုများ ဖြစ်မလာပါ။
၂၀။ အချို့ ကဏ္ဍများတွင် စနစ်ကို ပြင်ဆင်ပြောင်းလဲမှု မရှိဘဲ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အရည်အချင်းကြောင့် တိုးတက်လာမှုမျိုး မဖြစ်သင့်ပါ။
၂၁။ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်အကြံပေးသူများ၏ အရည်အသွေး ရှိမှုသည် အလွန်အမင်း အရေးပါသည်။ (ဥပမာ။ ၂၀၁၇ အမျိုးသားကျန်းမာရေး စီမံကိန်း မိတ်ဆက်ပွဲ)
၂၂။ NLD အစိုးရလက်ထက်တွင် အဂတိလိုက်စားမှုအတွက် ဝန်ကြီးချုပ်အဆင့်အထိ အရေးယူခဲ့သည်။ အလွန်ကောင်းမွန်ပါသည်။ သို့ရာတွင် ထိုသို့အရေးယူခဲ့သော ဝန်ကြီးချုပ်တစ်ဦးကို ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအနေဖြင့် ပြန်ပြီးပါဝင်လာမှုကို ပွင့်လင်းမြင်သာမှုဖြင့် ချပြသင့်ပါသည်။
၂၃။ အစိုးရဝန်ကြီးဌာနများတွင် ၂၀၁၅ – ၂၀၂၀ အတွင်း ဗဟိုချုပ်ကိုင်မှုများကို ယခင်ကာလများကဲ့သို့ ပြောင်းလဲမှု မရှိသေးသည်ကို တွေ့ရပါသည်။ (ဥပမာ ။ ကျန်းမာရေးဝန်ကြီးဌာန)
၂၄။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာပါက အစိုးရယန္တရားများ လည်ပတ်ရာတွင် ပိုမိုကောင်းမွန်မြန်ဆန်လာမည်။
၂၅။ လွှတ်တော်လုပ်ငန်းရပ်များ ပိုမိုမြန်ဆန်လာစေရန် နည်းပညာများကို ယခုထက်ပိုသုံးသင့်ပါသည်။ တင်ပြဆွေးနွေးမှုများတွင် အဆင့်သတ်မှတ် စနစ်တကျ ခွဲခြားလုပ်ဆောင်လျှင်ပိုမို အဆင်ပြေနိုင်ပါသည်။
၂၆။ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ထံတွင် တင်ပြလာသော ကိစ္စရပ်များကို အရေးယူဆောင်ရွက်ခြင်းအပြင် လူမှုပတ်ဝန်းကျင်အား စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်ရန်လိုအပ်သည်။
အထက်ဖော်ပြပါ အကြောင်းအရာများသည် ကျနော့်ထံ ပေးပို့ပြောဆိုသော အချက်အလက်အားလုံးကို ဖော်ပြထားခြင်းဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက် ၂၆ ချက်တွင် အချို့အချက်များတွင် ပိုမိုရှင်းလင်းစေရန် မူရင်းပြောဆိုသူများ၏ ရှင်းလင်းချက်အချို့ကို အောက်တွင် ဆက်လက်ဖော်ပြသွားပါမည်။
အချက် (၄)
ဒေါ်အောင်ဆန်းစုကြည်၏ အလွန် ကာလဆိုသော အချက်ကို အထူးအလေးပေး ပြောကြားထားသည်ကို တွေ့ရသည်။
အချက် (၅)(၆)(၉)(၁၁)
အထက်ဖော်ပြပါအချက်များသည် ယေဘူယျ အားဖြင့် ရည်ရွယ်ပြောဆိုမှု တူညီသည်ဟု ပြောဆိုနိုင်ပါသည်။ ဤအချက်သည် အများစုက ဝေဖန်ပြောဆိုမှု ဖြစ်သောကြောင့် အနာဂတ်တွင် အထူးအလေးထားစေလိုသော ဆန္ဒ ရှိပါသည်။
အချက် (၇)(၁၂)
ဗဟိုထိန်းချုပ်မှု လိုအပ်သည်ထက် များနေသည်ဟု ယူဆသည်။ ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို အခြေအတင်ဆွေးနွေးမှုများ မလုပ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မိမိနှင့်မတူသော အယူအဆများကို ပိုမိုဆွေးနွေးပြောဆိုရန် လမ်းဖွင့်ကြိုဆိုသင့်ကြောင်း ပြောဆိုရေးသားကြသည်။
အချက် (၉)
ပါတီတွင်း နေရာပေးမှုတွင် လူကြီး နှင့် လူငယ်/လူလတ်ပိုင်း အပြန်အလှန် နားလည် ညှိနှိုင်းမှု ပိုမို အားကောင်းဖို့ လိုကြောင်း ရေးသားထားပါသည်။
အချက် (၁၄)
မွန်ပြည်နယ် ချောင်းဆုံတံတား နှင့် ဆက်နွယ်ပြီး အဖွဲ့ချုပ်၏ တိုင်းရင်းသားများအပေါ် လိုက်လျောမှု အားနည်းသည်ဟု အများစုက ပြောကြသည်။ သို့ရာတွင် ဆရာဝန်တဦး၏ ထင်မြင်ချက်သည် အများစုနှင့် ကွဲပြားသည်။ ၎င်း ဆရာဝန်က ချောင်းဆုံတံတား Project(စီမံကိန်း)သည် NLD မတိုင်ခင်က စခဲ့သောကြောင့် အထူးမဝေဖန်လိုဟု ပြောကြားသည်။ ထို့အပြင် NLD အစိုးရသည် တိုင်းရင်းသား ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အထူးကောင်းမွန်သည်ဟု မှတ်ချက်ပေးပါသည်။
အချက် (၁၅)
ရခိုင်စစ်ပွဲ ကိစ္စတွင် NLD အစိုးရ၏ သဘောထားအမှန်ကို လူထုအား ရှင်းရှင်းလင်းလင်း ပြောဆိုမှု မရှိသည်ကို အားရပုံ မရှိပါ။
အချက် (၁၆)
၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မပြင်နိုင်သော်လည်း အရေးပါသော အခြားဥပဒေများ ပြောင်းလဲမှုများစွာကို ဥပဒေပညာရှင်များ အကြံပြုဆွေးနွ:မှုများနှင့်အညီ အလေးအနက်ထား ပြင်ဆင်ရန်မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။
အချက် (၂၀)
အဖွဲ့ချုပ်အစိုးရအနေဖြင့် “စနစ်ပြင်ဆင်မှု” အားနည်းကြောင်းပြောဆိုပါသည်။ ရှင်းလင်းတင်ပြရာတွင် “မန္တလေးမြို့” ကို နမူနာပေးသည်။ မန္တလေးမြို့၏ တိုးတက်ပြောင်းလဲမှုသည် မန္တလေးမြို့တော်ဝန်၏ အရည်အချင်းကြောင့် တိုးတက်ခြင်းဖြစ်ကြောင်း၊ “စနစ်ပြင်ဆင်မှု” ကောင်းမွန်လာမည်ဆိုပါက အခြားမြို့များတွင်လည်း “မန္တလေးမြို့” နည်းတူတိုးတက်ပြောင်းလဲမှုကို ပိုမိုတွေ့မြင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အချက် (၂၁)
ဒေါ်အောင်ဆန်းစုကြည်အား သတင်းအချက်အလက်ပေးသော အနားရှိ ပုဂ္ဂိုလ်တို့၏ အရည်အသွေးအားနည်းမှု ရှိကြောင်းရေးသားပြောဆိုသည်။ ဥပမာတခုပေးရာတွင် ၂၀၁၇ မတ်လ “အမျိုးသား ကျန်းမာရေး စီမံကိန်း” (၂၀၁၂-၂၀၂၁) မိတ်ဆက်ပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်မိန့်ခွန်းပြောခဲ့သည်။ ပြည်သူ့ကျန်းမာရေး (Public Health) နှင့် တိုက်ရိုက်ဆက်နွယ်သော HIV ၊ TB ရောဂါများ NLD အစိုးရတက်လာပြီးနောက် လျော့ကျသွားကြောင်း စာရင်းဇယားများဖြင့် ဖော်ပြခဲ့ပါသည်။ ပြည်သူ့ကျန်းမာရေး နှင့် ဆက်စပ်သောရောဂါများသည် နှစ်အချိန်တိုအတွင်း သိသိသာသာ ကျဆင်းလေ့မရှိသည်ကို ပြည်သူ့ကျန်းမာရေးပညာရှင်များ ကောင်းမွန်စွာ သိရှိပါသည်။ သို့ပါ၍ ၂၀၁၆ ခုဝန်းကျင်တွင် ရောဂါများ လျော့ကျသွားခြင်းသည် ၂၀၁၅ မတိုင်မီက အဖွဲ့အစည်းပေါင်းစုံ၏ ကြိုးစားမှု၏ ရလဒ်ဖြစ်ပါသည်။ NLD အစိုးရ၏ စွမ်းဆောင်မှုသက်သက်ဟု ထင်ယောင်ထင်မှား ဖြစ်စေပါသည်။ ဤသို့ ဖြစ်ခဲ့ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား အချက်အလက်၊ ရောဂါ၏ သဘာဝများကို အသေအချာ ပြောဆိုရှင်းလင်းမှု အားနည်းခဲ့သောကြောင့်ဟု ယူဆနိုင်ပါသည်ဟု လူလတ်ပြည်သူ့ကျန်းမာရေး ပညာရှင်တဦးက အပြုသဘောဖြင့် ဝေဖန်ခဲ့ပါသည်။
အချက် (၂၃)
ဤအချက်ကို ရှင်းလင်းပြောဆိုရာတွင် ကျန်းမာရေးကဏ္ဍတွင် ပြည်နယ်ကျန်းမာရေးဌာနများသည် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ဗဟိုချုပ်ကိုင်မှုဖြင့်သာ လုပ်ဆောင်နေပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် ဝန်ကြီးဌာနတို့နှင့် ဆက်စပ်ဆောင်ရွက်မှု လွန်စွာနည်းပါးကြောင်း ၅ နှစ်တာ ကာလအတွင်း တွေ့ရှိခဲ့ရသည်ဟု ရှင်းလင်းပြောဆိုပါသည်။
အချက် (၂၄)(၂၅)(၂၆)
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ထံ တင်ပြလာသော ကိစ္စရပ်များကို ဆောင်ရွက်သည့်အပြင် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ အစိုးရ အဖွဲ့အစည်းများနှင့် ဆွေးနွးတိုင်ပင်မှုများပါ လုပ်သင့်ကြောင်း ရေးသားထားပါသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် နယ်မြေပြည်သူလူထု နှင့် ၎င်းမြို့နယ်အတွင်းရှိ အစိုးရဌာနများအကြား ပိုမိုအဆင်ပြေချောမွေ့နိုင်ကြောင်းပင် ဖြစ်ပါသည်။
အထက်ဖော်ပြပါ စာစုတွင် သဘောထားအမြင်များသည် ၎င်းတို့၏ ပြည်တွင်း ဘဝ ဒေသ ဌာန အသီးသီးတွင် ဖြတ်သန်းတွေ့ကြုံမှုအပေါ်တွင် အခြေခံ၍ စိတ်ခံစားမှု ၊ ထိတွေ့မှုများကို တင်ပြထားခြင်းသာ ဖြစ်ပါသည်။
ကျနော့် အနေဖြင့် သတိမူမိသည့်အချက်မှာ ယနေ့အချိန်တွင် အဖွဲ့ချုပ်အား ဝေဖန်ပြောဆိုထောက်ပြမှု အချို့နှင့် ထပ်တူကျမှုများ ရှိသည် ဆိုသည့် အချက်ပင်ဖြစ်ပါသည်။
လူငယ်/လူလတ် ဆရာဝန်များ၏ ဝေဖန်အကြံပြုချက် (၂၆)ချက်အနက် အောက်ဖော်ပြပါ အချက်များကို အထူးအလေးပေး ဖော်ပြလိုပါသည်။
၁။ ဒေါ်အောင်ဆန်းစုကြည် အလွန်ကာလအတွက် ယခုအချိန်မှစ၍ ခေါင်းဆောင်မှုနေရာကို အလေးအနက် တွေးဆခြင်း ။
၂။ တိုင်းပြည်၏ တည်ဆောက်ရေး ကဏ္ဍတိုင်းတွင် တတ်သိကျွမ်းကျင်ပညာရှင်များ ပိုမိုပါဝင်စေခြင်း ၊ ရှာဖွေ မွေးထုတ်ခြင်း ။
၃။ အဖွဲ့ချုပ်အတွင်း ဗဟိုထိန်းချုပ်မှု လျော့ချခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ကျိုးကြောင်းဆက်ဝေဖန်ပြောဆိုမှုကို အခွင့်သာအောင် ပြုလုပ်ခြင်း ။
၄။ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်မှု အောင်မြင်ရန် နည်းနာများ ပြန်လည် ဆန်းစစ်ပြုပြင်ခြင်း ။
၅။ အဖွဲ့ချုပ်အတွင်း နေရာပေးမှုတွင် လူကြီး နှင့် လူလတ်ပိုင်း အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတည်ဆောက်ခြင်း ။
၆။ တိုင်းရင်းသားများ၏ ဗဟိုအဖွဲ့ချုပ်အပေါ် ယုံကြည်မှု ပြန်လည်တိုးတက်လာစေရေး ။
၇။ ရခိုင်စစ်ပွဲ ရပ်တံ့နိုင်မှု နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် မဖြစ်မနေကြိုးစားခြင်း ။
၈။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် အရေးကြီးသော ကဏ္ဍရပ်များ ပြောင်းလဲမှုပြုလုပ်ရန် အစွမ်းကုန် အားထုတ်ခြင်း ။
၉။ လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းရည်မြင့်မားလာစေရန် ဆောင်ရွက်ခြင်းတို့ပင်ဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုပါလျှင် ဤစာစုတွင် အဖွဲ့ချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည်အား လေးစားချစ်ခင်သော လူငယ်/လူလတ်ဆရာဝန်များ၏ ချစ်ခြင်းအားဖြင့်သာ အပြုသဘော ပြောဆိုချက်များသာ ဖြစ်ပါသည်။ ရှေ့လာမည့် ၅ နှစ်တာတွင် ပို၍ကောင်းမွန်သော “အရွေ့” ကို လိုလားနေသော လူငယ်/လူလတ် ဆရာဝန်များ၏ “ရင်ဖွင့်သံ” များ ပင်ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ရှေ့လာမည့် ၅ နှစ် သက်တမ်းတွင် အစိုးရဖွဲ့စည်းနိုင်ပါက ယခု “မေတ္တာ” ဖြင့် တင်ပြသော ဝေဖန်ထောက်ပြမှုများကို အလေးအနက် ဓမ္မဒိဌာန်ကျကျ စိစစ်ဝေဖန်နိုင်စေရန် ဆန္ဒပြုကြောင်းပါဗျာ။
(ဒေါက်တာသိန်းဝင်း(တောင်အာဖရိက) သည် နှစ် ၃၀ ခန့် နိုင်ငံပြင်ပတွင်နေထိုင်ခဲ့ရပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာနိုင်ငံလွတ်မြောက်ရေးအဖွဲ့ (တောင်အာဖရိက)တွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့ပါသည်။ ယခုအခါ ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါက်တာစင်သီရာမောင်နှင့်အတူ တိုင်းရင်းသားကျန်းမာရေးလုပ်ငန်းများတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်လျက် ရှိသည်။)
You may also like these stories:
ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများလည်း အရေးပါသည်
ကိုဗစ်အတွက် လစ်ဟာနေသော ကွက်လပ်