အသက် ၁၂ နှစ်အောက် မိန်းကလေးများနှင့် မသန်စွမ်း အမျိုးသမီးများအပေါ် အဓမ္မမှု ကျူးလွန်သူများအား ထောင်ဒဏ် အနှစ် ၂၀ မှ တသက်တကျွန်းအထိ ချမှတ်နိုင်မည့် ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား စက်တင်ဘာ ၇ ရက် အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
လက်ရှိ မုဒိမ်းမှုများကို အရေးယူနေသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ၏ ပြစ်မှုပြစ်ဒဏ်များကို တိုးမြှင့်ကာ ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအဖြစ် ပဲခူးတိုင်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက သြဂုတ် ၁၀ ရက် တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ ကိုယ်စားလှယ် ၆ ဦးမှ ယမန်နေ့ တွင် ပြန်လည်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ တွင် ပုဒ်မခွဲ (၃)အဖြစ် ဖြည့်စွက်ထားပြီး ယင်းပုဒ်မခွဲတွင် “မည်သူမဆို မသန်စွမ်းသူ မိန်းမကိုဖြစ်စေ၊ အသက် ၁၂ နှစ် အောက် မိန်းကလေးကိုဖြစ်စေ မုဒိမ်းမှုကျူးလွန်လျှင် ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ထောင်ဒဏ်တသက်ဖြစ်စေ ချမှတ်ခြင်းခံရမည်”ဟု ရေးသားထားသည်။
ပါဝင်ဆွေးနွေးခဲ့သူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုးက “ ၁၂ အောက် ကလေးရယ်၊ မသန်စွမ်း အမျိုးသမီးတွေကို မုဒိမ်းကျင့်ရင် ထောင်ဒဏ် တသက် ချမှတ်ဖို့ အတွက် သူက တင်သွင်းခဲ့တယ်။ အဲဒါကို ကျမက မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေ ဖြစ်တဲ့ ကလေးသူငယ်ရဲ့ အသက်ဟာ ၁၆ နှစ် ဖြစ်လို့ သက်ငယ်မုဒိမ်းလို့ သတ်မှတ်တဲ့ အခါမှာ ၁၆ နှစ်အောက်ကိုပဲ သတ်မှတ်သင့်တယ်လို့ ဆွေးနွေးခဲ့ပါတယ်” ဟု မီဒီယာများကို ပြောသည်။
ပုဒ်မ ၃၇၆ ၌ မုဒိမ်းမှုကျူးလွန်သူများကို အရေးယူရာတွင် သက်ငယ်မုဒိမ်း၊ သက်ကြီးမုဒိမ်း ဟူ၍ ခွဲခြားမထားဘဲ ကျူးလွန်သူများကို ထောင်ဒဏ်နှစ် ၂၀ ဖြစ်စေ၊ ၁၀ နှစ်အထိ ဖြစ်စေချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
မုဒိမ်းမှုပြုကျင့်စဉ် ပြုကျင့်ခံရသူ အသက်သေဆုံးပါက ပြုကျင့်သူသည် မုဒိမ်းမှုဖြင့်အရေး ယူခံရမည့်အပြင် လူသတ်မှုဖြင့်လည်း ငြိစွန်းနေသဖြင့် သေဒဏ်ချမှတ်ခံရနိုင်ကြောင်း ဦးအောင်သိန်းက ပြောသည်။
တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး အောင်ထွန်းလင်းကလည်း ၁၂ နှစ်အောက် မိန်းကလေးကို မုဒိမ်းပြုကျင့်မှုသည် လူမဆန်သော ပြုလုပ်မှု ဖြစ်ကြောင်း၊ မြန်မာ့ ယဉ်ကျေးမှုတွင် ဆန့်ကျင်သည့် ရုပ်ဆိုး အကျည်းတန်သည့် လုပ်ရပ်ဖြစ်ခြင်းကြောင့် သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် တသက်ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ အထိ ဖြစ်စေ ချမှတ်စေနိုင်သည်ဟု ပြင်ဆင်သင့်ကြောင်း ဟု လွှတ်တော်အတွင်း ဆွေးနွေးခဲ့သည်။
၎င်းက “သေဒဏ် ပြစ်ဒဏ် ချမှတ်မှုမှာ အတည်ဖြစ်ဆဲဖြစ်၍ ယခု ပြစ်ဒဏ်ချမှတ်ချက်တွင် သေဒဏ်ကို ထည့်သွင်းချမှတ်ပါက တည်ဆဲဥပဒေများနှင့်လည်း ဆန့်ကျင်မှု ရှိမည် မဟုတ်ပါ” ဟု ဆိုသည်။
သက်ငယ်မုဒိမ်း ပြုကျင့်ခံရမှုများနှင့် ပတ်သက်ပြီး နိုင်ငံတဝှမ်းတွင်လည်း သေဒဏ် ချမှတ်နိုင်ရန် အတွက် လက်မှတ် ကောက်ယူမှုများပြုလုပ်ခဲ့ပြီး ဆန္ဒပြ တောင်းဆိုမှုများလည်း ရှိသည်။
ယင်းဥပဒေကြမ်းအပေါ် Triangle Women အဖွဲ့ဒါရိုက်တာ ဒေါ်ခင်လေးက ထောက်ခံပြီး ယင်းသို့ဆောင်ရွက်မှသာ သက်ငယ်မုဒိမ်းမှုများ အထိုက်အလျောက် လျော့နည်းမည်ဖြစ်ကြောင်း ဆိုသည်။
မခင်လေးက “ အခုပြင်တဲ့ ဥပဒေက အသက်ကန့်သတ်ချက်ကို ပြန်ပြင်ချင်တာ ဖြစ်ပါတယ်။ ၁၂ အောက်ကို ပြုကျင့်ခံရပြီဆိုရင် ဒါဘာမှ မစဉ်းစားနဲ့ နှစ် ၂၀ အတိချလိုက် ဆိုတာမျိုး ပြန်ပြင်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဥပဒေကြမ်းအား ပြင်ဆင်ပြီး ဥပဒေ အသက်ဝင်လာပါက တရားစီရင်ရေး အပိုင်းတွင် မှန်မှန်ကန်ကန် ဆောင်ရွက်စေလိုကြောင်း၊ ပြစ်ဒဏ် မည်မျှပင် ကြီးမားနေပါစေ ယင်းပြစ်ဒဏ် ချမှတ်ရန် တရားရုံးမှ ဆုံးဖြတ်ချက် မချပဲ အချိန်ဆွဲနေပါက နစ်နာသူ အမျိုးသမီးနှင့် ၎င်း၏ မိသားဝင်များမှာ ငွေကုန် လူပမ်း ဖြစ်၍ တရားရုံး ပုံမှန် မသွားနိုင်သည့် အခြေအနေများကြောင့် တရားမျှတမှု မရှိသည့် ဆုံးဖြတ်ချက်များလည်း ချမှတ်နိုင်ကြောင်း ဒေါ်ခင်လေးက ဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – သက်ငယ်မုဒိမ်းမှုကို ထောင်တသက်ချမှတ်မည့် ဥပဒေကြမ်းထုတ်ပြန်