အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် မန္တလေးအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်က မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတွင် ပြုလုပ်ခဲ့သည်။
ယင်း တွေ့ဆုံ ဆွေးနွေးမှုသည် ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဘောင်များ ရေးဆွဲနိုင်ရန် ဖြစ်သည်ဟု မန္တလေး တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်း က ပြောသည်။
“ပုဂ္ဂလိက အခန်းကဏ္ဍဖွံ့ဖြိုးဖို့ ဘဏ္ဍာရေး၊ နည်းပညာနဲ့ သယ်ယူပို့ဆောင်ရေး အပိုင်းတွေမှာ အခက်အခဲ ရှိပါတယ်။ အဲဒီ အခက် အခဲ တွေကို ဘယ်လို ဖြည့်ဆည်းနိုင်မယ်ဆိုတာ လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကလည်း ဝိုင်းဝန်း အဖြေရှာကြဖို့ လိုအပ်ပါတယ်”ဟု ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောပြသည်။
ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးလာစေရန်အတွက် ရှုပ်ထွေးနေသည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြန်လည်ပြုပြင်ရန် လိုအပ်ပြီး အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား အပြန်အလှန် ထိတွေ့မှုများရှိရန် အရေးကြီးသည်ဟု ADB ၏ Deputy Country Director Mr. Peter Brimble က ပြောဆိုကြောင်းလည်း သိရသည်။
ထိုဆွေးနွေးပွဲသို့ မန္တလေးမြို့ရှိ ကဏ္ဍအသီးသီးမှ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ပြီး လုပ်ငန်းရှင်များ က အစိုးရ ဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ကြန့်ကြာမှုများအား ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်များ အပေါ် ပြန်လည်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ADB ကို အကူအညီတောင်းခဲ့ပြီး ယင်း လုပ်ငန်းစဉ်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်စနစ်နှင့် ဆီလျော်သည့် ဥပဒေများ ပြန်လည်ပြုပြင်ရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်မှု တိုးမြှင့်ရေး၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ် တိုးတက်ရေးဆိုသည့် မဏ္ဍိုင် ၅ ခုဖြင့် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။