ဆောင်းပါး

ကြိုးတိုက် ဋီကာ အပိုင်း (၁၆)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကြိုးတိုက်ဟာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ကြိုးသမားတွေ အပြင် ကျွန်းသမားတွေ၊ တခြားရာဇဝတ်မှု အမျိုးမျိုးနဲ့ လူမျိုးစုံ ရှိနေတဲ့ အကျဉ်းတိုက်ဖြစ်တဲ့ အပြင် အကျဉ်းထောင်တွင်း ပြစ်မှု ကျူးလွန်တယ်လို့ သတ်မှတ်ခံရသူတွေ အတွက် ပြစ်ဒဏ်တိုက်လည်း ဖြစ်တယ်။

အဲဒီ အချိန်က ထောင်လောက စကားတခုကို သတိရပါသေးတယ်။ မြန်မာနိုင်ငံမှာ အကျဉ်းထောင် ၄၄ ထောင်၊ ရဲဘက်အကျဉ်းစခန်း ၁၀ဝ ကျော်ရှိတာမှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး အကျဉ်းထောင်က “အင်းစိန်ထောင်” ဖြစ်ပြီး အင်းစိန်ထောင်ထဲမှာ ကြိုးတိုက်က အဆိုးဆုံးရယ် လို့ ပြောစမှတ် ပြုကြတယ်။

ကြိုးတိုက်ထဲ ထောင်တွင်းပြစ်ဒဏ်နဲ့ ရောက်လာတဲ့ သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကတော့ ပိုပြီး အထိနာ ကြရပါတယ်။

အခု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ကိုဘိုကြည် အပါ အဝင် ကိုဇော်ရိုး၊ ရဲမင်းထွန်း၊ ကိုစစ်၊ ဟောင်စွမ်၊ သိန်းထိုက်အောင် စတဲ့ နိုင်ငံရေး အကျဉ်းသား တသိုက် အဆောင်မှာ နိုင်ငံရေး အထိမ်းအမှတ် ဝိုင်းဖွဲ့လုပ်တယ် ဆိုပြီး ပြစ်ဒဏ်နဲ့ ကြိုးတိုက်ကို ရောက်လာကြတဲ့ နေ့က မြင်ကွင်းကို အခုထိ မှတ်မိနေ ပါတယ်။

ကြိုးတိုက် အဝင်ဝ ကတည်းက ၂ ယောက်တတွဲ ခြေချင်းတွေ ခတ်ထားလျက်နဲ့ ဝင်လာကြတဲ့ သူတို့ တသိုက်ကို အခန်းထဲ ပိတ်ကာ ပြစ်ဒဏ်ပုံစံကြီး မောင်းတော့တာပဲ။ ပြစ်ဒဏ်မောင်းတယ် ဆိုတာက ထောင်ဝန်ထမ်းတွေ မွေးထားတဲ့ စစ်သားဟောင်း အောင်ကိုဆိုတဲ့ အကျဉ်းသားက ပြစ်ဒဏ်ပုံစံ၊ ပုံစံကြီး လို့အော်ပြီး အခန်းတွင်းက အကျဉ်းသားတွေက လက်ကို ခေါင်းပေါ်တင်၊ ခါးကိုကုန်း၊ ကိုယ်ကိုဝပ်၊ ထိုင်လိုက်၊ ထလိုက် လုပ်ရပါတယ်။

ခြေချင်းသံ တညံညံနဲ့ တနေ့ကို ၃ ကြိမ် ပြစ်ဒဏ်ပုံစံ မောင်းကြတာပါ။ ကြိုးတိုက်ထဲက တခြားလူတွေလည်း ဒီပြစ်ဒဏ် ပုံစံ ပေးချိန်ရောက်ရင် နားထဲသံရည်ပူ လောင်းသလို ခံစားကြရတာပါ။

ဒါတောင် ကျနော်က ကြိုးတိုက်အိမ်ရှင် ဖြစ်နေတော့ ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ပြစ်ဒဏ် သမား တွေကို ပုံစံသိပ် မမောင်းဖို့ အသံပဲအော်ပြီး အထဲက ကိုယ့်လူတွေက သူအော်သလို လိုက်မလုပ်ရင်လည်း မသိချင် ယောင်ဆောင်ပေးဖို့ အောင်ကို ကို ကော်ဖီတိုက်၊ စီးကရက်တိုက်ပြီး စည်းရုံးကြည့်တယ်၊ အဆင် မပြေပါဘူး။

ဒီတော့ ဘာမှ မတတ်နိုင်ဘူး။ သူတို့ကို ကူညီဖို့ အရေး အစားအသောက်နဲ့ ကျန်တဲ့ လိုအပ်တာပဲ ကူညီလို့ရ သလောက် ကူညီမယ်လို့ စိတ်ကို ပိုင်းဖြတ် လိုက်တယ်။

ကြိုးတိုက်ဆိုတာက အကျဉ်းသား အများစုက မိသားစု ထောင်ဝင်စာ မလာနိုင်တဲ့ သူတွေဆိုတော့ ဆင်းရဲ သားတိုက် လို့ ပြောရမှာပေါ့။

ဒီတော့ ငရုတ်သီးစိမ်းနဲ့ ထောင်ကပေးတဲ့ ငါးပိကို ခွက်ထဲ ထည့်ထောင်းပြီး အိမ်ကပါတဲ့ ငါးပိကြော်၊ ပုစွန် ခြောက်ကြော် နည်းနည်းရောကာ ငါးပိထောင်း လုပ်လိုက်တယ်။

ဒါတွေကို ပလတ်စတစ်နဲ့ ကွမ်းသီးလုံးလောက် အရွယ် အထုပ်ကလေးတွေ ထုပ်ပြီး၊ ပြစ်ဒဏ်ခန်း တခန်းချင်း စီကို ငချွန်နဲ့ ထောင်ဝန်ထမ်းတွေ အလစ်မှာ သူတို့ကို ပစ်ပေးရတာ ပေါ့။

ဆေးလိပ်ကိုလည်း အလားတူ တိတ်တိတ်ကလေး ပစ်ပေးရတယ်။

နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အဲဒီတုန်းက တိုက်ဝန်းထောင်မှူးကြီး ဦးစောဇင်မြ ဆိုရင် အငြိုးထားတယ် လို့ ပြောရမယ်။

ဒါပေမယ့် တဖက်ကလည်း သူ့မှာ ကြောက်စိတ်တော့ ရှိဟန်တူတယ်။

ဘာကြောင့်လဲ ဆိုတော့ တချို့ ရာဇဝတ်သား ပြစ်ဒဏ်နဲ့ ရောက်လာတဲ့ သူတွေ ဆိုရင် ကြိုးတိုက် အဝင်ဝက တည်းက အကျဉ်းသားကို ဝမ်းလျားမှောက်ကာ မိကျောင်းတကောင်လို တွားသွားပြီး သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ခန်းရောက် အောင် ထောင်ဝန်ထမ်းတွေက ဝိုင်းရိုက်ပြီး မောင်းပို့တယ်။

ရှေ့ကလည်း ပြောင်ချောနေတဲ့ ကြမ်းပြင်ကို ရေဖျန်းရင်း မိကျောင်းသွား နေသူတွေက ခရီးမတွင် ကြတော့ဘူး ။ ဒီတော့ ရိုက်ချိန်ပိုရတော့တာပေါ့။

အကျဉ်းသားကတော့ အခန်းအဝင်မှာလည်း တခါ ပြင်းပြင်းထန်ထန် ကန်ကျောက် ရိုက်နှက်တာ ခံရ သေးတယ်။ ပြီးရင်တော့ ပုံစံမောင်းတော့တာ ပါပဲ။

နိုင်ငံရေး အကျဉ်းသား တွေကိုတော့ အဲဒီလောက်အထိ မိကျောင်းတက် တက်ခိုင်းတာမျိုး မလုပ်ခဲ့တာကို ကျေးဇူးတင် ရဦးမယ်။ ဒါကြောင့် အဲဒီတုန်းက ကြိုးတိုက်ကို မိကျောင်းတိုက်လို့လည်း နာမည်ကြီး တယ်။

အဲဒီကိစ္စနဲ့ပဲ ကျနော်နဲ့ ကိုဘိုကြည်ကို ထောင်မှူးကြီး ဦးစောဇင်မြက ရည်ရွယ်ချက်ရှိရှိ အငြိုးထားခဲ့တယ်။ တနေ့ ကြိုးတိုက်ထဲမှာပဲ သူမွေးထားတဲ့ သောင်းစိန်နဲ့ စိုးစိုးဆိုတဲ့ ခါးပိုက်နှိုက် ၂ ယောက်က ကျနော်တို့ ၂ ယောက်ပေါင်းပြီး အပြင်ကို စာထုတ်ကာ ကြိုးတိုက်ထဲက အကြောင်းတွေကို အပြင်က လူတွေဆီပို့မယ် လို့ သတင်းပေးခဲ့တယ်။

ဒီကိစ္စ အကြောင်းပြုပြီး ကြိုးတိုက်ထဲမှာ အကျဉ်းသားချင်း အားပေးတဲ့ အနေနဲ့ ကိုယ်ဖတ်ဖူးတဲ့ ဘာသာပြန် ဝတ္ထုတွေ၊ ဇာတ်လမ်းတွေကို ကျနော်က နေ့စဉ်ပြောပြလေ့ ရှိတယ်။

ဒီလိုပြောတဲ့အခါ တတိုက်လုံးက အပ်ကျသံ ကြားရလောက် အောင် တိတ်ဆိတ်နေပေးပြီး စိတ်ဝင်တစား နားထောင်ကြတယ်။

တခါတရံ ကွက်စိပ်ဆရာလို အသံနေ အသံထားနဲ့ ဖွဲ့နွဲ့ပြောတော့ ကြိုးတိုက်ထဲက သူတွေက ဗဟုသုတ လည်း ရ၊ အပျင်းပြေလည်း နားထောင်ရ တာပါ။

ဒါ့အပြင် နံနက် ၅ နာရီ ထိုးပြီ ဆိုတာနဲ့ ကျနော်က အသံနေ အသံထားနဲ့ ပဋ္ဌာန်းတရားကို ရွတ်ဖတ် ပူဇော် လေ့လည်း ရှိတယ်။

ဒီလို ဇာတ်လမ်းပြောရင်း ဇာတ်လမ်း တခုထဲမှာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သက်ပြီး ဒိုင်ယာလော့ဂ် တခုကို ကျနော်ကပြောပြကာ ကမ္ဘာပေါ်မှာ သတ္တိ အကြောင်ဆုံး လူသားတွေဟာ စစ်ဗိုလ်ချုပ်ကြီးများ ဖြစ်တယ် ဆိုတာ ထည့်ပြောဖြစ်တယ်။

ဒါကလည်း ဇာတ်လမ်းထဲက ဒိုင်ယာလော့ဂ်ကို ပြောခဲ့တာ။

မကြာပါဘူး။ ကျနော့်အခန်းတံခါး သော့ဖွင့်သံ နဲ့အတူ လက်ထိတ်နောက်ပြန်ခတ်၊ ခေါင်းစွပ်စွပ်ပြီး မိန်းဂျေးလ်ရုံးကို ခေါ်သွားတယ်။

ဟိုရောက်တော့ တိုက်ထောင်မှူးကြီး ဦးစောဇင်မြနဲ့ ထောင်ပိုင်တွေက ကျနော်က တပ်မတော် အစိုးရ ဂုဏ်သိက္ခာ ကျစေတဲ့ အပြောအဆို တွေကို ကြိုးတိုက်ထဲက လူတွေကို အသံကျယ်ကျယ်နဲ့ ဟော ပြောစည်းရုံး လှုံ့ဆော်တယ်ဆိုပြီး အပြစ်ရှိတယ် လို့ သတ်မှတ်ခဲ့တယ်။

ကျနော့်ရဲ့ တုံ့ပြန် ချေပချက်တွေကို အကျဉ်းထောင် အရာရှိတွေဘက်က လက်မခံခဲ့ဘူး။

ဒီနောက်တော့ ကျနော့်မှာ ခေါင်းစွပ်နဲ့ လက်ထိတ် နောက်ပြန်ခတ် ခံရရင်း အင်းစိန်ထောင်တွင်းက မကြာခဏ ခရီးနှင်ရလေ့ ရှိတဲ့ စစ်ခွေးတိုက်ကို ရောက်ပါရော။

မတရားသဖြင့် မဟုတ်မမှန် လုပ်ကြံသတင်း ပေးချက်နဲ့ အကြောင်းမဲ့ ပြစ်ဒဏ်ပေးခံရတာကို ကျနော်က မကျေနပ်လို့ ထပ်တင်ပြရင်း ထောင်ပိုင်တွေနဲ့ ကျနော့်အကြား အငြင်းအခုံတွေ ဖြစ်ခဲ့တယ်။

ကျနော်က အကျဉ်းထောင်လက်စွဲ ဥပဒေတွေ ကို တန်းစီရွတ်ပြပြီးတော့ ဘယ်အချက်နဲ့ ငြိစွန်းနေလို့ ထောင်တွင်း ပြစ်ဒဏ် ပေးရတာလဲ ဆိုတဲ့ ကျနော့် အမေးကို သူတို့ မဖြေနိုင်ခဲ့ဘူး။

ဒါနဲ့ ကျနော့်ကို ကြိုးတိုက်ထဲက ကျနော့်အခန်း မဟုတ်တဲ့ တခြား သွပ်ပြားပိတ် အမှောင်ခန်း တခန်းထဲကို ပြန်ခေါ် လာတယ်။

ဒါပေမယ့် ကျနော့်ကို နံနက် ထောင်ဖွင့်တဲ့ အချိန်မှာ ကြိုးတိုက် အမှောင်ခန်းထဲက ခေါင်းစွပ်စွပ်၊ လက် ထိတ်နောက်ပြန်ခတ်ကာ ထပ်ခေါ်ထုတ်သွားပြီး စစ်ခွေးတိုက်မှာ တနေကုန်ထား ထားတယ်။

အဲဒီ စစ်ခွေးတိုက် ၁၀ ခန်းတွဲ တတိုက်လုံးမှာ အကျဉ်းသားဆို လို့ ကျနော် တယောက်ပဲ ရှိတယ်။

စစ်ခွေးတိုက် ပြစ်ဒဏ်နဲ့ အတူ ထောင်အာဏာပိုင်က ကျနော့်ကို ကော်စား ၃ ရက် ပြစ်ဒဏ် ချမှတ်တော့ နေ့လယ်စာနဲ့ ညစာကို စစ်ခွေးတိုက်မှာ ကော်စားရ တယ်။

ကော်စားရင်လည်း ဝန်ထမ်းရှေ့မှာပဲ စားရတာပါ။ ပန်းကန်ထဲမှာ ကော်ရည် မကျန်စေရ ဘူး။

ထမင်းကို ဆားအလွန်ငန်အောင် ထည့်ကျို ထားတဲ့ ကော်ရည်ဟာ နေ့လယ်စာ၊ ညစာ ၂ ကြိမ် အတွက် တနေ့ ၂ ပန်းကန် စားရတယ်။

ထုံးစံအတိုင်း ဒီအတိုင်းစားရင်း ဘယ်လိုမှ မျိုမကျအောင် ငန်လွန်း တဲ့ကော်ရည်ကို ထောင်တွင်း ပညာနဲ့ စားခဲ့တယ်။ ဒီလိုမှ မဟုတ်ဘဲ ကော်စားရင် ဝမ်းသွားလို့ပါ။ ဝမ်းသွားရင် အားအင်ပြတ်ပြီး ချည့်နဲ့ သွားတတ် ပါတယ်။

မိလ္လာဖုံးဖို့ ပေးထားတဲ့ ဖွဲပြာထုပ်ထဲက ဖွဲပြာကို ထောင်ပုံစံ ပုဆိုးထိပ်မှာထည့်၊ သားရေကွင်း (ကြိုတင်ရှာဖွေ ထားတဲ့ ရော်ဘာကွင်း) နဲ့ထုပ်၊ ကော်စား လာကျွေးမယ့် အချိန်မတိုင်ခင် ပြင်ထားရတယ်။

ဝန်ထမ်းလာပေးတဲ့ ကော်ရည်ခွက် ကို အခန်းတံခါး အောက်က ထိုးသွင်းလိုက်ချိန်မှာ ကိုယ်က ဖွဲပြာထုပ်ထားတဲ့ ပုဆိုးပိုင်းကို ကော်ပန်းကန်ထဲ စိမ်ထားရင်း ဝန်ထမ်းကို စကားမရှိ စကားရှာပြီး အချိန်ဆွဲလိုက်တယ်။

ပြီးတော့ ဆားအလွန်ငန်တဲ့ ကော်ရည်လည်း ဖွဲပြာတန်ခိုးနဲ့ အငန်ပေါ့သွားချိန်ကျမှ လက်နှစ်ဖက်နဲ့ ပန်းကန်ကို ကိုင်ပြီး တခါတည်း မော့သောက် ပစ်လိုက်တယ်။ ကော်စားရတာ ၃ ရက်ကို ဒီလိုနည်းနဲ့ အောင်မြင်စွာပဲ ဖြတ်သန်းခဲ့တယ်။

ဒီလိုနဲ့ နံနက်ထောင်ဖွင့် စစ်ခွေးတိုက်ကိုသွား၊ ညနေထောင်ပိတ် ကြိုးတိုက်ထဲက သွပ်ပြားပိတ် အမှောင်ခန်း ထဲ ကိုပြန်လာနဲ့ ကော်စားရက် လွန်လာတော့ နံနက်ပိုင်း စစ်ခွေးတိုက်ကို မသွားခင် ဘေးခန်းက ကိုဘိုကြည် က နေ့လယ်စာ အတွက် ငါးပိကြော်ကို ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ အထုပ်လေးကို မိန်းမလျာ ဇော်ဇော်က တဆင့် ကျနော့်ကို ပေးလိုက်တယ်။

တိုက်ရုံးခန်းမှာ အကူ လုပ်ပေးနေရတဲ့ ဇော်ဇော်က အခန်းတံခါး လာဖွင့်ချိန် ကျနော့်ကို ခေါင်းစွပ်စွပ် ပေးရင်း ပုဆိုးခါးပုံစထဲကို ကိုဘိုကြည်ပေးတဲ့ ငါးပိကြော်ထုပ်ကို ထည့်ပေးလိုက်တယ်။ စစ်ခွေးတိုက် ရောက်တဲ့အခါ တာလဘောနဲ့ ငါးပိနဲ့သာ စားရမယ့် နေ့လယ်စာအတွက် အဲဒီ ငါးပိကြော်ထုပ်လေးက နတ်သုဒ္ဓါတမျှ မြိန်လှပါတယ်။

ညနေ ထောင်ပိတ်ချိန် ပြန်လာတော့ အခန်း တံခါးဖွင့်ပေးတဲ့ ဇော်ဇော်က ကိုဘိုကြည် ပြင်ပေးထားတဲ့ ထမင်း သုပ်ကို သွပ်ပြားပိတ် အမှောင်ခန်းထဲ ကြိုထည့်ထားပေးလို့ ညစာကိုလည်း အဆင်ပြေပြေ စားခဲ့ရတယ်။

ဒီလိုနဲ့ ၁၄ ရက်ပြည့်တော့ ပြစ်ဒဏ် စေ့သွားတယ်။ ဒီလိုပြစ်ဒဏ်ရက် အတွင်း အိမ်ကထောင်ဝင် စာလာတာလည်း တွေ့ခွင့် မရခဲ့ဘဲ ပြစ်ဒဏ်သဘော အရ ထောင်ဝင်စာပါ ပိတ်ပင်ခြင်း ခံရတယ်။ ဒါလည်း နောက်မှ သိရတာပါ။

နောက်တော့ အိမ်က ထောင်ဝင်စာ လာတွေ့ချိန် ဘာလို့ ထောင်ဝင်စာ ပိတ်ပင် အပြစ်ပေးခံရတာလဲ ဆိုတဲ့ အမေးကို ကျနော်ကတော့ အရွှန်းဖောက်ပြီး အိမ်ကို စိတ်မထိခိုက်စေဖို့ပေါ့ လို့ ပေါ့ပေါ့ပဲ ဖြေလိုက်တယ်။ ဒီလိုမျိုး ထောင်ဝင်စာ ပိတ်ပင် ခံရတာကလည်း ကျနော့်ဘဝ ထောင်တွင်း နှစ်ပေါင်းများစွာကာလမှာ မကြာခဏ ဖြစ်လေ့ရှိတယ်။

တကယ်ဆို ကျနော့်အိမ်က ထောင်ဝင်စာလာ တွေ့ဖို့ အခက်အခဲတွေ အများကြီးနဲ့ လာတွေ့ခဲ့ရတာပါ။

ခရီးကလည်း မိုင် ၅၀ဝ လောက်ဝေးတဲ့ မိတ္ထီလာ ကနေ ရန်ကုန်မြို့ အင်းစိန်ကို လာကြရတာ။ သူတို့ ရင်ထဲ ကျနော့်ကို တွေ့ခွင့် မရလို့ ဘယ်လောက် ခံစားသွားရမယ် ဆိုတာ ခန့်မှန်းမိတယ်။ ဒီအတွက် ကျနော်လည်း အတော် စိတ်မသက်မသာ ဖြစ်ရတယ်။

ကျနော့်ညီနဲ့ ညီမတွေဖြစ်တဲ့ တက္ကသိုလ် ကျောင်းသား ၅ ယောက်ကို ဆက်ပြီးတာဝန်ယူနေတဲ့ ကျောင်း ဆရာ မိသားစု အနေနဲ့ ကျနော့်အတွက် ထောင်ဝင်စာ တခါတွေ့ဖို့ အရေး အတော် ခက်ခက်ခဲခဲ ဖြတ်သန်း ခဲ့ရတာပါ။

အညာကထွက်တဲ့ စောင်၊ ပုဆိုးစတာတွေကို အဟောင်းပေး၊ အသစ်ယူပုံစံနဲ့ ကျနော့်ကို ထောင်ဝင်စာလာ တွေ့ရင်း ရန်ကုန်မှာ ရောင်းရတယ်။

အဲဒီကရတဲ့ အမြတ်အစွန်းလေးနဲ့ ကျနော့် ထောင်ဝင်စာ လမ်းစရိတ်၊ အစားအသောက် စရိတ်တွေကို ခုမိ၊ ကာမိအောင်လို့ တချိန်က မြို့ပိုင်သမီးဖြစ်ခဲ့တဲ့ ကျနော့်မေမေ ဈေးရောင်းရပါတယ်။

တခါတရံ အညာက သယ်လာတဲ့ ပစ္စည်းတွေက ရောင်းမထွက်လို့ အခက်တွေ့ရတာတွေလည်းရှိတယ်။ တချို့က မိသားစုဘဝ ဖြတ်သန်းရတာကို စာနာပြီး ဝယ်ယူအားပေးခဲ့တာမျိုးလည်း ရှိတယ်လို့ မေမေက ပြောပြတယ်။

သားဇောနဲ့ မေမေ့မှာ ဒါတွေကိုမမှုဘဲ ကျော် ဖြတ်ခဲ့ရတယ်။ ဒါ့အပြင် အဘက်ဘက်က ကုန်ကျ စရိတ် သက်သာအောင် ချွေတာရပါသေးတယ်။

ကျနော့်မိသားစုဟာ ကျနော့်ဆီ ထောင်ဝင်စာ လာရင်း ရန်ကုန်မှာလည်း အမျိုးတွေအိမ်မှာတည်းခိုတာမျိုး မလုပ်ပါဘူး။

သူတို့ဆီမှာတည်းခိုရင် သူတို့ရဲ့ ရာထူး၊ တာဝန်တွေ ယူထားကြတဲ့ အစိုးရအလုပ်တွေက အနှောင့်အယှက် ဖြစ်မှာစိုးလို့ ကျနော့် အမှုတွဲ မြင့်စိုးရဲ့ လှိုင်မြို့နယ်က အိမ်မှာတည်းခိုရတယ်။ အဲဒီအိမ်က ဘဝတူတွေမို့ အခုလို တည်းခိုခွင့် ပေးတာပါ။

ဆွေမျိုးတချို့နဲ့ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေ ကဆို ကျနော့်မိသားစု ရန်ကုန်လာရင် တည်းခိုမှာစိုးလို့ လူချင်း မျက်နှာချင်းဆိုင် တိုက်ဆိုင်စွာ တွေ့တာတောင် မျက်နှာလွှဲသွားတတ်လေ့ ရှိခဲ့တာ။

အရပ်ထဲကလူတွေ ဆိုလည်း ကျနော့် မိသားစုနဲ့ စကားတောင် မပြောရဲကြဘူး။

ဒါပေမယ့် ဒီမိုကရေစီ တိုက်ပွဲဖော် မိတ်ဆွေ တချို့က ကျနော့် မိသားစုကို စာနာနားလည်ပြီး အကူအညီ တချို့ ပေးတာ သိရတယ်။

အဲဒီ ကာလတွေမှာ ကျနော့် မိသားစုကို ဖေးမအားပေး စကား ပြောဖို့တောင် စစ်ထောက် လှမ်းရေးတွေကို ကြောက်နေကြ တာ။

ဒီလို လူမှုဝန်းကျင်ကပါ ဖယ်ကြဉ်ခံထား ရတဲ့ မိသားစုက ကျနော့်ဆီကို ထောင်ဝင်စာလာ တွေ့နိုင်ရေး ကြိုးပမ်းချက်ဟာ ဘယ်လောက်ခက်ခဲမယ် ဆိုတာ မှန်းကြည့်နိုင်ပါတယ်။

မိသားစု ဘဝအခက်အခဲတွေကို ဘယ်သူ့ဆီကမှ အကူအညီ မတောင်းခဲ့ဘဲ ဖြတ်သန်းခဲ့ရတာ။ အဲဒီတုန်း ကလည်း နိုင်ငံရေး စိတ်ရှိသူတိုင်းရဲ့ ဘဝ အခြေအနေတွေက တောင်မင်း မြောက်မင်း မကယ်နိုင် ဖြစ် ခဲ့ကြတယ်။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေ ဘယ်လောက် ခက်ခက်ခဲခဲ ဘဝတွေကို ဖြတ်သန်း ရုန်းကန်ကြရ တာကို တော်တော်များများက သတိမမူမိခဲ့ ကြပါဘူး။

ကျနော့်လိုပဲ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေလည်း အလားတူ တွေ့ကြုံခဲ့ရ တာပါ။

ကျနော် အကျဉ်းထောင်ထဲရှိနေချိန်တလျှောက်လုံး ကျနော့်မိသားစုတွေက ပြည်ပအခြေစိုက် ရေဒီယိုတွေမှာ လာတဲ့ ပြည်ပရောက် အဖွဲ့အစည်းတွေက ကျနော်တို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုံ့ဆော် တောင်းဆိုမှုတွေ နိုင်ငံတကာမှာ လုပ်နေတယ်ဆိုတဲ့ အသံတွေကပဲ အားဆေးဖြစ်ခဲ့ရတာလို့ ကွယ်လွန်သွား ပြီဖြစ်တဲ့ မေမေက ထောင်ဝင်စာတွေ့တုန်း ပြောပြတယ်။

အကျဉ်းကျခံ နေရစဉ် ကာလတွေက ကျနော်ကလည်း အကျဉ်းထောင်ထဲ ကျနော်ခံစားဖြတ်သန်းရတဲ့ အခက်အခဲတွေကို မိသားစုကို ထုတ်မပြောရက်သလို မိသားစုကလည်း ကျနော့်ကို သူတို့ အပြင် လောကမှာ ဖြတ်သန်းနေရတဲ့ အခက်အခဲတွေကို ဖွင့်ဟပြောဖို့ အတော်ထိန်းကြပါတယ်။

ဒါကြောင့် ကြိုးတိုက် အပါအဝင် အကျဉ်းထောင် ထဲက အကျဉ်းသား အများစုရဲ့ မိသားစုတွေဟာ အလားတူ အပြန်အလှန် အခက်အခဲတွေကို ပြိုင်တူ ရင်ဆိုင်ဖြတ်သန်းကြရတာပါပဲ။

ဒါကြောင့် အင်းစိန်ထောင် ထောင်ဝင် စာခန်းမှာ နိုင်ငံရေးအကျဉ်းသား မိသားစုတွေရဲ့ကျတဲ့ မျက်ရည်တွေ ဟာ ပင်လယ်တခုစာမက ရှိနေပြီလို့ ပြောစမှတ်တွင်ပါတယ်။

ဒါပေမယ့် တချို့သော အကျဉ်းသားတွေကတော့ ထောင်ဆိုတာဟာ ဈေးကွက်စီးပွားရေး ငွေတွင်းကြီး ဖြစ်နေပါတယ်။

သူတို့တွေဟာ အကျဉ်းထောင်ထဲမှာ နည်းမျိုးစုံ နဲ့ ပိုက်ဆံရှာကာ လစဉ် မိသားစုကို သိန်းနဲ့ချီ ထောက်ပံ့ နိုင်ကြပါ တယ်။ အဲဒီအကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်တွေကတော့ အလွန် ပလဲနံပသင့်ကြတာပါ။

သူတို့လို ငွေရှာတတ်တဲ့ အကျဉ်းသား မျိုးတွေကို နေရာပေးပြီး ခွင်ဖန်ကာ ထောင်ဝန်ထမ်း တွေလည်း ဝင်ငွေအလွန်ကောင်း ကြပါတယ်။

အပူမီးတွေ တောက်လောင်နေတဲ့ အကျဉ်းသား မိသားစုလက်ထဲက နွမ်းစုတ်နေတဲ့ငွေကို နည်းမျိုးစုံ အသုံးပြု ပြီး ယူတတ်တဲ့ ထောင်ဝန်ထမ်းတွေက အများစုရှိခဲ့ကြတာပါ။

တချို့ အမျိုးသား ထောင်ဝန်ထမ်းတွေဆို အကျဉ်းသားရဲ့ ဇနီး၊ သမီးတွေကို အကျဉ်းထောင်ထဲက ခင်ပွန်းနဲ့ ဖခင်ကို စောင့်ရှောက်ပါမယ် လိမ်ညာပြောဆိုကာ မြူဆွယ် သိမ်းသွင်းပြီး ကာမကို ရယူတာမျိုးတောင် ရှိ တယ်လို့ မျက်ရည် စက်လက် ဖွင့်ဟကြတဲ့ အကျဉ်းသား တချို့က ပြန် ပြောပြတာ နားထဲစွဲ နေခဲ့ပါ သေးတယ်။ ။

ဆက်လက်ဖော်ပြပါမည်

(လင်းသန့်သည် ၈ လေးလုံး ကာလတွင် ဗကသ ပြန်လည်ဖွဲ့စည်းရေး ကော်မတီဝင် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF အဖွဲ့ဝင်တဦး ဖြစ်ခဲ့သည်။ ရန်ကုန်မြို့တွင် ဖမ်းဆီးခံရပြီးနောက် သေဒဏ်ချမှတ် ခံရပြီး အင်းစိန်ထောင်နှင့် သရက်ထောင်တို့တွင် ၁၉ နှစ်ကြာနေထိုင်ခဲ့ရသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading