ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသင့်သလား

Want create site? Find Free WordPress Themes and plugins.

ရခိုင်အရေးကို အကြောင်းပြုပြီး ပြည်တွင်း အမျိုးသားရေး အင်အားစုတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စကို အကြောင်းပြုပြီး သူမ ကျရှုံးသွားခဲ့ရင် သူမနဲ့ အတူ တတိုင်းပြည်လုံးပါ ဒီမိုကရေစီ နောက်ပြန်လှိုင်းနဲ့ ဇာတ်သိမ်းသွားမှာကို စိုးရိမ်ပူပန်တဲ့ ပြည်သူတချို့က ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ရပ်တည်နေကြောင်း ပြသမှုတွေ ရှိနေပါတယ်။

တိုင်းပြည်မှာ သမ္မတ ဦးထင်ကျော်ပြီးရင် အရေးပါဆုံး ရာထူးတခု အဖြစ် ဖန်တီးထားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံဆိုတဲ့ ရာထူးနဲ့ မြန်မာပြည် ဒီမိုကရေစီခရီး အခြေခိုင်ရေး ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုပ်ငန်းစဉ် များအပေါ်မှာ တသားတည်း ရှိကြောင်း ပြသတဲ့ ထောက်ခံပွဲတခုကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့မှာ ပြုလုပ် စုဝေးခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ လူထုအင်အားပြတဲ့ နိုင်ငံရေး အားပြိုင်မှုတွေ အစဉ်အလာနဲ့ ရှိခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲရဲ့ နောက်ကွယ်မှာ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနဲ့ အစိုးရ ရှိနေသလား ဆိုတာ ဧရာဝတီက လိုက်လံ စုံစမ်းခဲ့ပေမယ့် သက်သေပြနိုင်တဲ့ အချက်အလက်မျိုးတော့ မရရှိခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေကို ရှေ့ဆက်ပြီး မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံရဲ့ မြို့ကြီး တချို့မှာလည်း ဆက်တိုက် လှုပ်ရှားဆောင်ရွက်ဖို့ ရှိနေတယ် လို့လည်း ကြားသိနေရပါတယ်။ အဲဒီအပြင် လွှတ်တော် ကိုယ်စားလှယ်တွေ အပြင် ပြည်သူတွေ ကပါ “We Stand with Aung San Su Kyi” ဆိုတဲ့ အမည်ကို လူမှုကွန်ရက်တွေမှာ ဖော်ပြလာကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တဦး ဖြစ်တဲ့ မုံရွာအောင်ရှင်က “ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ကို ဝန်းရံရမယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သူက လွဲရင် ဘယ်သူမှ မဦးဆောင်နိုင်ဘူး။ ဒေါ်အောင်ဆန်း စုကြည် ကို ယိမ်းယိုင်သွားအောင် ကျနော်တို့ လုပ်လို့ မရဘူး။ သူ့ကို ထောက်ကူပေးရမယ်။ ဒီမိုကရေစီ နောက်ပြန်လှိုင်း မဖြစ်အောင်တော့ ကျနော်တို့ ကာကွယ်ရမယ်” လို့ ပြောပါတယ်။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကျရှုံးသွားခဲ့ရင် သူ့ကို ကျရှုံးအောင် လုပ်တဲ့ သူတွေက တိုင်းပြည်ရဲ့ အနာဂတ် အတွက် တာဝန် ယူမလား ဆိုတာကို သူမကို ထောက်ခံသူတွေက မေးခွန်းထုတ်ပြီး နောင်နှစ် ၅၀၊ ၆၀ လောက် အထိ တိုင်းပြည်ဟာ နလန်ထူနိုင်လိမ့်မယ် မထင်တော့ဘူးလို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က ပြောပါတယ်။

ရခိုင်မှာ ပေါ်ပေါက်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ မီဒီယာတွေက တဆင့် ကမ္ဘာပေါ်မှာ ပြန့်နေတဲ့ သတင်းတွေရဲ့ အနေအထားက ပြောင်းပြန် ပုံစံနဲ့ Humanitarian Crisis လို မြင်နေချိန်မှာ ပြည်တွင်းမှာတော့ အစွန်းရောက် အကြမ်းဖက်မှု (Extremist Terrorisms) တွေကို ရင်ဆိုင်နေရတယ် လို့ NLD ပါတီ ဗဟိုကော်မတီဝင်လည်း ဖြစ်တဲ့ ဦးအောင်ကြည်ညွှန့် က သုံးသပ်ပါတယ်။

“အဲလို အနေအထားမျိုးမှာ အင်မတန်မှ သိမ်သိမ်မွေ့မွေ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်နေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုပင် နိုင်ငံတကာ ဖိအားတွေက အများကြီး ပေးလာတယ်။ ဒီလို အခြေအနေမျိုးမှာ ပြည်သူလူထုက လူမျိုးမရွေး၊ ဘာသာမရွေး အားလုံး တသားတည်း ထောက်ခံတယ် ဆိုတဲ့ အနေအထားမျိုးမှာ ရပ်ခံပေးဖို့ လိုအပ်တယ်” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တချို့၊ ပန်းရဲ့ လမ်း ဂီတအဖွဲ့၊ စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ နိုင်ငံရေး စိတ်ပါဝင်စားသူ ပြည်သူတွေ တက်ရောက် ပါဝင်ခဲ့တာကို တွေ့ရပြီး နောက်တရက်ထုတ် အစိုးရ သတင်းစာတွေမှာလည်း တခမ်းတနား ဖော်ပြပေးခဲ့ပါတယ်။

ဒီလို ဖော်ပြတာကို ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးမြင့်မောင် က နိုင်ငံတော်ရဲ့ လုပ်ဆောင်ချက်နဲ့ ပြည်သူတွေရဲ့ ဆန္ဒ တထပ်တည်း ဖြစ်တယ် ဆိုတာကို ပိုပြီးတော့ ထင်ရှားစေချင်လို့ ဖြစ်တယ် ဆိုပြီး ကာကွယ် ပြောဆိုခဲ့ ပါတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေ၊ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ ဖြစ်ပေါ် ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံတော်ရဲ့ အကြီးအကဲတွေရဲ့ ဆောင်ရွက်မှုတွေ အပေါ် ပြည်သူတွေက ကျေနပ် ထောက်ခံသည့် လုပ်ဆောင်မှုများ၊ အစိုးရနဲ့ ပြည်သူ တသားတည်း ရှိနေသည် ဆိုသည်ကို ပြသလိုတာ ဖြစ်တယ် လို့ ဦးမျိုးမြင့်မောင်က ရှင်းပြပါတယ်။

“ကျနော်တို့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ မူဝါဒကိုက အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြမယ်။ အလားတူပဲ ပြည်သူတွေရဲ့ ဆန္ဒတွေကိုလည်း အစိုးရသိအောင် လုပ်မယ် ဆိုတဲ့ မူဝါဒ ရှိပါတယ်။ တဖက်က မူဝါဒ အရ ဆောင်ရွက်တယ် လို့ ပြောမယ် ဆိုရင် မှန်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါပေမယ့် အစိုးရ လုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီနေတဲ့ ကိုဖီအာနန် ကော်မရှင် ကို ရှုတ်ချပွဲတွေ၊ အကြမ်းဖက် ဘင်္ဂါလီ ရှုတ်ချပွဲတွေကို အစိုးရသတင်းစာတွေမှာ မတွေ့ရပါဘူး။ ဒီလိုပွဲတွေမှာ ပူးပေါင်း ပါဝင်လေ့ရှိတဲ့ စာရေးဆရာ မောင်သွေးချွန် ကတော့ ဒေါ်အောင် ဆန်းစုကြည် ကို ထောက်ခံနေသူတွေဟာ သူ့အသိုင်းအဝိုင်းက လူတွေသာ ဖြစ်ပြီး ပြည်သူတွေ အားလုံး မပါဘူး လို့ ဧရာဝတီကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံတဲ့သူတွေ ရှိသလို အကြမ်းဖက် ဘင်္ဂါလီတွေကိုလည်း တပြိုင်တည်း ရှုတ်ချ နေတာတွေ ရှိတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့မိန့်ခွန်းကို ထောက်ခံနေကြတာ သူ့အသိုင်းအဝိုင်းက ထောက်ခံနေတာ။ တပြည်လုံး အတိုင်းအတာ မဆောင်ဘူး” လို့ မောင်သွေးချွန်က ဆိုပါတယ်။

ဘင်္ဂါလီ အကြမ်းဖက်နဲ့ ဆက်စပ်နေတဲ့ ကိုဖီအာနန် အကြံပေး ကော်မရှင်ကိုလည်း ရှုတ်ချကြောင်း၊ အထူးသဖြင့် စစ်တွေမှာ ရှိတဲ့ သူတွေက ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေကို လုံးဝ လက်မခံကြောင်း၊ ဒီပြဿနာတွေ ဖြစ်လာရတာ အစိုးရမှာ တာဝန်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကိုလည်း ၉၀ ရာခိုင်နှုန်းလောက်က လက်ခံနိုင်စရာ အခြေအနေမှာ မရှိဘူး လို့ ဆိုပါတယ်။

“အနာတခြား၊ ဆေးတခြား ဖြစ်နေတယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဆိုရင် ကုလသမဂ္ဂကို ရဲရဲရင့်ရင့် သွားပြီးတော့ သူ့တိုင်းပြည် အတွက် အလုပ် လုပ်နေချိန်မှာ သူက ဗမာပြည်မှာ မိန့်မိန့်ကြီး ထိုင်ပြီးတော့ သံတမာန်တွေကို ခေါ်ပြီး ဟိုပြောဒီပြော လျှောက်ပြောတာကြီးက အမှန်က ကုလသမဂ္ဂမှာ မုန့်ဝေတုန်းက သွားစားပြီး တုတ်ဝေတော့ သူက မသွားဘူး။ ဒီမိုကရေစီ သဘောတရား အရ ပြောရရင် သူပြောပြောနေတဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု သူ့မှာ မရှိဘူး” လို့ မောင်သွေးချွန်က ဝေဖန်ပါတယ်။

ရန်ကုန်မြို့က သတင်းစာဆရာ ဦးသီဟသွေးကတော့ မြန်မာပြည်က ရခိုင်အရေး အပါအဝင် ပြဿနာ တချို့ဟာ ဒေါ်အောင်ဆန်းစုကြည် ကြောင့် ပိုကြီးလာတာမျိုး ရှိသလို ဒေါ်အောင်ဆန်းစုကြည် ကို ဗဟိုပြုပြီး လှုပ်ရှားတဲ့ နိုင်ငံရေး အကွက်တွေလည်း တွေ့နေရတယ် လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တက်လာရင်တော့ တိုင်းပြည်မှာ အမျိုးသားရေး လက္ခဏာတွေ ပျောက်သွားမှာ၊ တိုင်းပြည် တချို့နေရာတွေ ဆုံးရှုံးသွားနိုင်တာ၊ နိုင်ငံတကာနဲ့ အရမ်းရင်းနှီးတဲ့ အတွက် သူ့ရဲ့ ပျော့ပြောင်းတဲ့ မူတွေကြောင့် အမျိုးသားရေး ကိစ္စတွေ ယုတ်လျော့သွားမှာကို အမျိုးသားရေး အင်အားစုတွေနဲ့ ယခင် အာဏာရပါတီ အဟောင်းတို့က စိတ်ပူနေတာ လို့ သုံးသပ်ရပါတယ်။

“တပ်မတော် ကိုယ်တိုင်လည်း ဒါကို စိတ်ပူပုံရတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာလို့ ဆိုပြီး စိတ်ပူတဲ့ သူတွေ ရှိသလို ဒေါ်အောင်ဆန်းစုကြည် အာဏာရလာမှ ဒီလို ပြဿနာ ဖြစ်ရတာ ဆိုတဲ့ နိုင်ငံတကာ အမြင်တွေလည်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လို့ မိုလို့ ပြဿနာ ပိုကြီးသွားတာ ရှိတယ်” လို့ ဦးသီဟသွေးက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းကလည်း ရခိုင်အပါအဝင် နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်မှုတွေ၊ ရွာတွေ မီးရှို့ခံရတာ တွေနဲ့ လူတွေ သေကြေမှုတွေ ရှိခဲ့ပေမယ့် နိုင်ငံတကာဖိအားက ဘာကြောင့် အခုမှ ပိုပြင်းထန်နေရလဲ လို့ အကဲခတ်တွေက မေးခွန်းထုတ်ပါတယ်။

“နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဆိုပြီး ဖြစ်နေတယ်။ နောက်တခါကျတော့ ဘင်္ဂါလီတွေဘက်က ကြည့်မယ် ဆိုရင်လည်း ဒီလို ပျော့ပြောင်းတဲ့ ခေါင်းဆောင်မျိုး တက်လာတဲ့ အချိန်မှာမှ မဖြစ်နိုင်ရင် မဖြစ်နိုင်တော့ဘူး ဆိုပြီး တွေးကြတယ်။ ဒီပေါ်မှာ အားလုံးက တွန်းကြတာပေါ့။ အဲဒါက ပြဿနာတခုပဲ။ အဲလို အားလုံး တွန်းရင်တော့ အားလုံး ကွဲဖို့ ရှိတယ်” လို့ သတင်းစာဆရာ ဦးသီဟသွေး က ဆိုပါတယ်။

ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲ အများဆုံး ရထားတဲ့ ပါတီတခုရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဖြတ်သန်းမှုတွေ၊ ရည်တည်မှုတွေ အရ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပေါ်မှာ တန်ဖိုးထားမှုက ဘယ်တော့မှ သွေဖည် မသွားဘူး ဆိုတာ ယုံကြည်ကြောင်း ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ လက်ရှိ နိုင်ငံရေး အခြေအနေမှာ ရွေးကောက် တင်မြောက် ခံထားရတဲ့ အစိုးရ ဖြစ်ပေမယ့် ၂၀၀၈ အခြေခံ ဥပဒေအရ အာဏာ ကျင့်သုံးရတဲ့အခါ တရားဥပဒေ စိုးမိုးရေးနဲ့ အဓိက ကျတဲ့ ဝန်ကြီးဌာနတွေ အပေါ်မှာ အာဏာသက်ရောက်မှုက ထိုက်သင့်သလောက် အားကောင်းမှု မရှိသေးဘူး ဆိုတာလည်း နားလည်ဖို့ လိုတယ် လို့ ၎င်းက ဆိုပါတယ်။

“ဥပမာ အသိုင်းအဝိုင်း ၂ ခု ကြားထဲမှာ ပဋိပက္ခတွေကို ညှိချင်တယ် ဆိုရင်တောင်မှာ တရားဥပဒေ စိုးမိုးရေးကို ကာကွယ် စောင့်ရှောက်တဲ့ ယန္တရားတွေ ဖြစ်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့လို၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့လို တရားရေးစနစ်တို့က ခိုင်မာ အားကောင်း နေမယ် ဆိုရင် ကျမတို့က ပြဿနာတွေကို ဒီထက်ပိုပြီးတော့၊ ဒီလောက်အထိ မဖြစ်လာဘဲနဲ့ ပြေပြေ လည်လည် ဖြေရှင်းနိုင်မှာပေါ့” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

၎င်းက ဆက်ပြီး “ဒီကြားထဲမှာ ပါတီပေါင်းစုံ၊ နိုင်ငံရေး အကျိုးစီးပွား ပေါင်းစုံနဲ့ အမျိုးသားရေး အစွန်းရောက် ဝါဒီတွေ ကလည်း ကျမတို့ တိုင်းပြည်မှာ ပေါ်ထွန်းနေဆဲပဲ ဖြစ်တယ်။ အားနည်းချည့်နဲ့မှုတွေနဲ့ တနှစ်ခွဲသာသာပဲ ရှိနေတဲ့ အစိုးရ တရပ်ကို မျှော်လင့်ချက်တွေနဲ့ ဖြစ်ချင်တာတွေ မဖြစ်ဘူး ဆိုပြီးတော့ ဖိအားတွေ ပေးတာနဲ့ စာရင် သူ့ကို အားပေးရမယ်။ ကောင်းတာတွေ လုပ်နေတဲ့ အပေါ် အင်အားဖြည့်ရမယ်” လို့ ဆိုပါတယ်။

ရန်ကုန်မြို့က အမျိုးသား လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာနရဲ့ ဒါရိုက်တာ ဦးသိန်းထွန်းဦး ကတော့ ရခိုင်ကိစ္စကို ဖြေရှင်းနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံကို ထောက်ခံတယ် ဆိုတဲ့ ကိစ္စဟာ ကိုယ့်နိုင်ငံကို တာဝန် ယူပြီးတော့ ဦးဆောင်တဲ့ သူကို ထောက်ခံတယ် ဆိုတာ ကောင်းတဲ့ လက္ခဏာတခု ဖြစ်ပေမယ့် အနောက်ဘက် ရခိုင် ပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ အချက်အပေါ်မှာပဲ လေ့လာသုံးသပ်ဖို့ လိုတယ် လို့ ဆိုပါတယ်။

“အခု ကိုဖီအာနန် ကော်မရှင်က ပြောထားတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေ ပြုပြင်ပြောင်းလဲမယ် ဆိုတဲ့ ကိစ္စမှာ ဥပဒေအမြင် အရကို သဘောတူစရာ အကြောင်း မရှိဘူး။ ပြုပြင်သည် ဆိုသည့် တိုင်အောင် ပြည်သူလူထုရဲ့ သဘောဆန္ဒ မပါဘဲနဲ့ မလုပ်သင့်ဘူး။ ဒါကို ပြု ပြင်မယ် ဆိုရင် သေချာလေ့လာပြီးမှ ကောင်းကျိုး ဆိုးကျိုးတွေကို သုံးသပ်ပြီးမှ လုပ်သင့်တယ် လို့ ကျနော်တို့က အမြင် ရှိပါတယ်” လို့ သူက ပြောပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဟာ ခိုးဝင်ဘင်္ဂါလီမှ မဟုတ်ဘဲ မြန်မာနိုင်ငံကို ဝင်လာတဲ့ ဘယ်နိုင်ငံခြားသား အတွက်ကို မဆို ကန့်သတ် ထားတာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ၁၉၉၃ သဘောတူစာချုပ်နဲ့ ပြန်လက်ခံမယ် ဆိုတာ ကိုတော့ ထောက်ခံကြောင်း ဦးသိန်းထွန်းဦး က ဆိုပါတယ်။

“နယ်စပ်ပြဿနာ ရခိုင်ပြဿနာ ဖြစ်ပြီးတဲ့ အချိန်မှာ တဖက်ဘက်ကို ဘင်္ဂါလီတွေ ပြေးသွားတယ် ဆိုပြီးတော့ ဒီဘက်က အော်တယ်။ ပြေးသွားတဲ့ ဦးရေက အံသြလောက်စရာ ကောင်းအောင် ရက်ပိုင်းအတွင်းမှာပဲ ၄ သိန်းကျော် ဖြစ်နေတယ်။ အဲဒီ လူတွေက ဘယ်သူ တွေလဲ၊ တကယ်ရော ကိုယ်တို့ဘက်က ဟုတ်ရဲ့လား ဆိုတဲ့ အငြင်းပွားနေတာတွေကို အစိုးရဘက်က သေချာစိစစ်ဖို့ လိုတယ်” လို့လည်း ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးကတော့ ပြဿနာတွေကို ချဉ်းကပ် စဉ်းစားတဲ့အခါမှာ ဘာသာ လူမျိုးတွေ ဘယ်လိုပဲ ကွဲပါစေ၊ အားလုံးဟာ မြန်မာနိုင်ငံသား ဆိုတဲ့ ရပ်တည်မှုအပေါ်မှာ အားလုံး စုစည်းညီညွှတ်ဖို့ လိုတယ် လို့ ရန်ကုန်မြို့မှာ ပြောဆိုခဲ့ပါတယ်။

“အခု ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နေ့ချင်းညချင်း ဖြေရှင်းလို့ မရဘူး။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပဲ ပြည်ပ နိုင်ငံ တချို့က အကုန်လုံး ဝိုင်းဝန်းတိုက်ခိုက်ပြီး အပြစ်တင်နေတာတွေက ဝေဖန်တာထက် ကျော်သွားတဲ့ အတွက် လူတိုင်း ငြိမ်နေ လို့ မရဘူး” လို့ သူက ဆိုပါတယ်။

နိုင်ငံတကာက လူတွေနဲ့ ပြည်တွင်းက မျိုးချစ်တွေ တခု သိထားသင့်တာက ဒေါ်အောင်ဆန်းစုကြည် ဟာ အားလုံး အတွက် အကျိုးစီးပွား မရှိဘူး ဆိုရင် ဘယ်သူနဲ့မှ Deal (စေ့စပ်ညှိနှိုင်းမှု) မလုပ်ဘူး ဆိုတဲ့မူ ရှိကြောင်း၊ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို အဓိက ထောက်ခံခဲ့တဲ့ အနောက်နိုင်ငံများ၊ ကုလနှင့် အဆင်မ ပြေတော့ဘဲ တရုတ်နှင့် အဆင်ပြေနေတာကို ကြည့်ရင် ပိုသိနိုင်ကြောင်း ဦးသီဟသွေးက သုံးသပ်ပါတယ်။

“သူ (ဒေါ်အောင်ဆန်းစုကြည်) က လက်တွေ့ အကျိုးစီးပွားကိုပဲ ကြည့်တယ်။ အဲဒါကြောင့် ရည်ရွယ်ချက်တွေ အကျိုးစီးပွားတွေနဲ့ တွန်းရင် အကုန်လုံး ပျက်စီးသွားလိမ့်မယ်” လို့ သူက သတိပေးပါတယ်။

စာရေးဆရာ မောင်သွေးချွန်ကတော့ ရခိုင်ကိစ္စ အစိုးရ ဖြေရှင်းတဲ့ ပုံစံကို ကြည့်မရပေးမယ့် နိုင်ငံတကာ ဖိအားပေးမှုတွေ အရမ်းများ လာရင်တော့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ပြီးမှ အစိုးရနဲ့ ပြန်ဖြေရှင်းမည် ဖြစ်ကြောင်း ဧရာဝတီကို ပြောပါတယ်။

“R to P (Responsible to Protect) တို့ ဘာတို့ ဆုံးဖြတ်ပြီး မောင်တောဒေသကို ဝင်လာမယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကို အပြတ်အသတ် ထောက်ခံပြီးတော့ တတိုင်းပြည်လုံး စည်းရုံးပြီးတော့ အမျိုးသား စည်းလုံးညီညွှတ်ရေးကို လုပ်ရမယ်။ ဝင်လာမယ့် နိုင်ငံခြား စစ်တပ်တွေ မှန်သမျှကို ဆန့်ကျင်သွားရမယ်” လို့ သူက ပြောပါတယ်။

ဒါပေမယ့် စက်တင်ဘာလ ၂၆ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားရေး အင်အားစုတွေရဲ့ အင်အားစုရုံးပွဲမှာ ဘင်္ဂါလီ နာမည် မခေါ်ရတာ၊ ကိုဖီအာနန် နာမည် မသုံးရတာ၊ ရိုဟင်ဂျာ နာမည် မသုံးရ ဆိုတာတွေက ဒီမိုကရေစီရဲ့ လက္ခဏာလည်း မဟုတ်ကြောင်း၊ အစိုးရတရပ် အနေနဲ့ အင်မတန် ညံ့ဖျင်းတယ် ဆိုတာ ပြသသွားပြီး ပြည်သူလူထုက ဘယ်တော့မှ အားကိုးမှာ မဟုတ်တော့ဘူးလို့ မောင်သွေးချွန်ကပဲ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရှင်သက်တမ်းက ရှည်ခဲ့တာကြောင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ အားနည်းတဲ့ အခါ လူတွေရဲ့ တွေးပုံခေါ်ပုံ အစွန်းရောက်မှုတွေက ပြဿနာတွေကို ပိုမိုကြီးထွားစေပြီး ဗဟုသုတ အားနည်းတဲ့ အပေါ်မှာ လည်း လက်ရှိ ပြဿနာတွေနဲ့ အများကြီး သက်ဆိုင်နေတယ် လို့ ရန်ကင်းအမတ် ဒေါ်ဇင်မာအောင် က သုံးသပ်ပါတယ်။

“အခုအစိုးရမှာက အရင် သက်တမ်းနဲ့ စာရင် စိန်ခေါ်မှုတွေက များလွန်းတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ နိုင်ငံရေး ပြဿနာတွေ ကနေပြီးတော့ မမျှော်မှန်းထားတဲ့ ဆိုးကျိုးမျိုးတွေကိုလည်း တွေ့ရတယ်။ ဒေသတွင်း နိုင်ငံရေး အခြေအနေ မှာလည်း မတူတဲ့ အကျိုး စီးပွားတွေနဲ့ ဘေးပတ်ချာလည်းမှာ ဝိုင်းနေတယ်” လို့ သူက ဆိုပါတယ်။

အခု အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ၊ နိုင်ငံရေး အင်အားတို့နဲ့ ထိန်းထား၍သာ နိုင်ငံတကာ ဖိအားကို ကျားကန် ထားရကြောင်း၊ တဖက်မှာလည်း နိုင်ငံတကာ စံချိန်၊ စံညွှန်း၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနဲ့ ဖြစ်စေဖို့ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများကို ထိန်းကျောင်း နေရကြောင်း ၎င်းက သုံးသပ်သည်။

“အကယ်၍ သူများ မရှိရင် အဘက်ဘက်က ထိန်းကျောင်းနိုင်တဲ့ ဒေါက်တိုင်တခုဟာ ပြိုကျသွားတဲ့ သဘော ဖြစ်သွားလိမ့် မယ်။ အဲဒီအခါကျရင် ကျမတို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အရေးဟာ ဟိုမရောက် ဒီမရောက် အဆိုးအကျော့ သံသရာထဲမှာ တဝဲလည်လည်နဲ့ ဖြစ်လာနိုင်တဲ့ အနေအထား ရှိပါတယ်။ အဲလောက်အထိ စိတ်ပူစရာ ကောင်းပါတယ်” လို့ ဒေါ်ဇင်မာအောင် က ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးအပါအဝင် တိုင်းပြည်ရေးရာ ကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ လက်နက်ကိုင် အင်အားစုကြီး တခုဖြစ်တဲ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရင် အောင်မြင်နိုင်မှာ ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ယနေ့အချိန်အထိ အမျိုးသား ရင်ကြားစေ့ရေးမူကို လက်ကိုင်ထားပြီး ဆောင်ရွက်နေတဲ့ အခင်းအကျင်းမှာပဲ ရှိနေပါသေး တယ်။

အမျိုးသား လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာနရဲ့ ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ တပ်မတော်ဟာ သူတို့ ရရှိတဲ့ အရပ်သား အစိုးရက ခွင့်ပြုထားတဲ့ အတိုင်းအတာ တခုအထိကတော့ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက် နေကြောင်း ပြောပါတယ်။

“ဒီဒေသက စစ်အုပ်ချုပ်ရေး မဟုတ်ဘူး။ စစ်ဆင်ရေး နယ်မြေသာ ဖြစ်တဲ့ အတွက်ကြောင့် ဒီနယ်မြေနဲ့ သင့်လျော်တဲ့ လှုပ်ရှားမှု အားလုံးကို သူတို့ အနေနဲ့ လုပ်ထားတာ ရှိပါတယ်။ ပိုပြီးတော့ ကျော်လွန်ပြီး ဆောင်ရွက်ထားမျိုး မတွေ့ရပါဘူး။ ကျနော် မြင်တာကတော့ တပ်မတော်သည် အရပ်သားအစိုးရရဲ့ ခွင့်ပြုပေးမှု အောက်ထဲမှာ လိုက်လျောညီထွေစွာ ဆောင်ရွက်ပေးနေတယ်” လို့ ၎င်းက ပြောပါတယ်။

ဒါပေမယ့် တိုင်းပြည်မှာ ရခိုင်အရေး အပါအဝင် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် မှာ အကြံပေး အဖွဲ့လိုမျိုး မရှိဘဲ ပြဿနာတရပ်ကို အချက်အလက် အားကိုးနဲ့ အဖြစ်မှန် အပေါ်မှာ စိစစ်သုံးသပ်ပြီး သူ့ရဲ့ အမြော်အမြင်၊ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေကိုသာ အဓိက အားကိုးနေတာလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဘာပဲပြောပြော ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည် မှတပါး အခြား မရှိဘူး။ ကျနော်တို့က တိုင်းပြည်ကို တကယ်တမ်း ကယ်တင်မယ့်သူ မရှိဘူးဗျ။ သူ့မှာ နိုင်ငံရေးအရ သြဇာရှိတယ်။ သူ့ရဲ့ အမြော်အမြင်၊ ဉာဏ်ပညာ၊ အတွေ့အကြုံနဲ့ပဲ သုံးသပ်ပြီး သူ့ကိုယ်သူပဲ အားကိုးနေတယ်” လို့ စာရေးဆရာ မုံရွာအောင်ရှင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူတွေက တဖက်၊ ကိုဖီအာနန် အကြံပြုချက်ကို အကောင်အထည်ဖော်လို့ ဘင်္ဂါလီ ဆန့်ကျင်ရေး ဆိုတဲ့ အမျိုးသားရေး အင်အားစုတွေက တဖက်၊ ထောက်ခံပွဲ၊ ဆန္ဒပြပွဲ၊ ရှုတ်ချပွဲတွေ တွေ့လာရပြီး နိုင်ငံရေး အားပြိုင်မှုတွေ ဖြစ်နေတာကတော့ သိသာထင်ရှားနေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading