တချိန်က မြန်မာ့လေတပ်တွင် သူရဲကောင်းအဖြစ် ပြည်သူများ ဂုဏ်ပြုခဲ့ရသည့် ဗိုလ်ပီတာ ဆိုသော လေသူရဲတဦးရှိခဲ့ သည်။ သူသည် ၁၉၆၀ ခုနှစ်တဝိုက် ထိုင်း- မြန်မာနယ်စပ် ကျိုင်းတုံ၊ တာချီလိတ်တခွင် ခိုဝင်ကာ ကျူးကျော်လာသည့် တရုတ်ဖြူတပ်များကို မဲခေါင်စစ်ဆင်ရေးဖြင့် မောင်းထုတ်ရာ၌ ရန်သူ့လေယာဉ်နှင့် ဝေဟင်တွင် တိုက်ခိုက်ရင်း ကျဆုံး သွားခဲ့သူ ဖြစ်သည်။
ထိုစဉ်က ဗိုလ်ပီတာသည် ဆီးဖြူရီးတိုက်လေယာဉ်ကို မောင်းရင်း တဖက်မှ အမေရိကန်လုပ် ဘီ ၂၄ လစ်ဘရေတာ အမျိုးအစား ဗုံးကြဲလေယာဉ်ကြီးနှင့် စီးချင်းထိုးချိန် ကျဆုံးသွားသောကြောင့် ဗိုလ်ပီတာကို သူရဘွဲ့ ချီးမြှင့်ခဲ့သည်။
မြန်မာ့လေတပ်သားများကြားတွင် သူရဲကောင်း ဗိုလ်ပီတာ၏အကြောင်းမှာ ယနေ့တိုင် လက်ဆင့်ကမ်း လာခဲ့သည့် သမိုင်းသင်ခန်းစာတခုလည်း ဖြစ်သလို နေပြည်တော် စစ်သမိုင်းပြတိုက်တွင်ပင် ဗိုလ်ပီတာ၏ ပုံအား ချိတ်ဆွဲကာ ဂုဏ်ယူနေကြလျက်ရှိသည်။
သို့သော် ယနေ့အချိန်တွင် မြန်မာလေတပ်သည် ခေတ်မီ ရုရှားလုပ် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အင်အား ဖြည့်နိုင်ခဲ့သဖြင့် ရုပ်ဝတ္တုပိုင်း တိုးတက်သော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်မူ မိမိပြည်သူကို ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်သည့်အဆင့်သို့ ဒုတ်ဒုတ်ထိ လျောကျသွားခဲ့သောကြောင့် ဗိုလ်ပီတာကဲ့သို့ တိုင်းပြည်ချစ်စိတ် ဆို သည်မှာ ယုံတမ်းပုံပြင်သဖွယ် ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က ၎င်းတို့ကိုယ်တိုင် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက် ဖျက်ကာ ရွေးကောက်ခံ အစိုးရထံမှ အာဏာ သိမ်းယူခဲ့သည်။
ထိုသို့ အာဏာသိမ်းမှုအပေါ် မကျေနပ်သည့် ပြည်သူများက တပြည်လုံးအတိုင်းအတာဖြင့် ခုခံတော်လှန်ရာ စစ်ကောင် စီက လက်နက်ကြီးများသာမက လေတပ်အင်အားကိုပါ အရမ်းကာရော သုံး၍ နှိမ်နင်းတိုက်ခိုက်နေသည်ကို တွေ့ရပြီး အရပ်သားများကိုပင် ပစ်မှတ်ထားကာ အလွန်အကျွံ လုပ်လာရာ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ နောက်ပိုင်းမှာ ပိုဆိုးလာသည်ဟု ဆိုရမည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မြန်မာ့ဝေဟင်၌ ရုရှားလုပ် Su– 30 အမျိုးအစား ခေတ်မီ တိုက်လေယာဉ်များကို တွေ့လာရပြီးမကြာမီ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြောက်ဘက် ၁၀ မိုင်ကွာရှိ အနန့်ပါရွာက ဂီတဖျော်ဖြေပွဲအား ဗုံးကြဲသဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ ၉ တပ်မဟာမှူးနှင့် တပ်ရင်း ၆ မှ ခေါင်းဆောင်များ၊ အနုပညာရှင်များ အပါအဝင် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရသည်။
နောက်ပိုင်း ဆက်တိုက်ဆိုသလို ချင်းအမျိုးသားတပ်ဦး (CNF) အခြေစိုက်ရာ အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဗစ်တိုးရီးယား စခန်းကို၂ ရက်ဆက်တိုက် ဗုံးကြဲခြင်း၊ မင်းတပ်မြို့နယ်မှ ရွာများအပြင် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားလေးရွာနှင့်၊ ကောလင်းမြို့နယ်၊ ကျောက်သဲပြင်ရွာတို့ကို ဗုံးကြဲခြင်း၊ မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းကျေးရွာမှ အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့ (NUG) ၏ ဆေးရုံကို လေကြောင်းမှ တိုက်ခိုက်ခဲ့သလို ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA) ဌာန ချုပ်ရှိရာ ဝမ်းဟိုင်းပေါ်ကိုလည်း အနိမ့်ပျံကာ ရန်စခြိမ်းခြောက်ခြင်း၊ NCA ထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) ၏ အမှတ်၂ စစ်ဆင်ရေးကွပ်ကဲရေး နည်းဗျူးဟာ ဗိုလ်မှူးကြီး စောအေဝမ်း၏ ဘုရားသုံးဆူ မြို့ ကြိမ်ချောင်းရွာရှိ နေအိမ်ပင်မကျန် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြသည်။
CNF ၏ ထုတ်ပြန်ချက်အရဆိုလျှင် ချင်းပြည်နယ်အတွင်း၂၀၂၃ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ ၂ လအတွင်း စစ် ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ ၁၁၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီး ထန်တလန်မြို့တွင်းမှလွဲ၍ ကျန်နေရာများမှာ စစ်ရှောင်များနှင့် ပြည်သူများ နေထိုင်ရာနေရာများ ဖြစ်ကြောင်း ဖော်ပြထားသည်။
အလားတူ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေများတွင်လည်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယခုနှစ်အတွင်း သေဆုံးသူ အရပ်သား ၁၁ ဦး ရှိသည်ဟု သိရသည်။
မြန်မာ့ပြည်တွင်းစစ်တလျောက်ကို ပြန်ကြည့်ပါက လေကြောင်းပစ်ကူသုံးပြီး တိုက်ခိုက်ခြင်းမှာ ၁၉၄၈ ခုနှစ် မတ်၂၈ ရက် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုပြီး နောက်ပိုင်းမှစ၍ ယနေ့တိုင် ဟုပင် ဆိုရမည်။
ထိုစဉ် ရန်ကုန်နှင့် မဝေးလှသော သာယာဝတီကို တပ်ပေါင်းစု သူပုန်ကသိမ်းထားရာ ဆိုရှယ်လစ်ပါတီ၏ အထူး စစ်မင်းကြီး ဗိုလ်စိန်မှန် ကိုယ်တိုင် လေကြောင်းမှ ဗုံးပစ်ချရန် ကြိုးစားရင်း မြေပြင်မှ ပစ်လိုက်သည့် ကျည်ကြောင့် ကျဆုံးခဲ့ခြင်းကစ၍ မှတ်တမ်းတင်ရမည်ဖြစ်၏။
သာယာဝတီ၊ မှော်ဘီဝါးနက်ချောင်း၊ စာဗူးတောင်း စသည့် တိုက်ပွဲများတွင် လေယာဉ်ပေါ်က ဗုံးပစ်ချခြင်းသာ လုပ်နိုင် သော လေတပ်သည် ၁၉၅၀ ခုနှစ်တွင် လေတပ်ဦးစီးချုပ်ကိုယ်တိုင် ဒုံးကျည်တပ်ဆင်၍ ပစ်ခတ်ရန်ကြိုးစားရင်း ပြင်း အား ဒဏ်မခံနိုင်သဖြင့် တောင်ပံကျိုးကာ လေယာဉ်ပျက်ကျသွားသည့်အတွက် ဗိုလ်မှူးကြီး အက်စ်ခင်လည်း ကွယ်လွန်ခဲ့ရသည်အထိ အဆုံးအရှုံး ကြီးမားခဲ့သည်။
တရုတ်ဖြူ ကျူးကျော်စစ်ကို နှိမ်နင်းသည့် ဘုရင့်နောင်နှင့် ရန်ကြီးအောင် စစ်ဆင်ရေးများတွင် လေတပ်သည် ပို့ဆောင် ရေးနဲ့ ကင်းထောက်ရုံသာမက တိုက်ခိုက်ရေး တာဝန်ကိုလည်း ဆောင်ရွက်ခဲ့သည်ကို ထိုစစ်ဆင်ရေးများကို ဦးဆောင် သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္ထိ စာအုပ်၌ ဖော်ပြထားသည်။
နောင် မြန်မာဆိုရှယ်လစ် လမ်းစဉ်အစိုးရလက်ထက် အရှေ့မြောက်ဒေသရှိ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်တိုက်ပွဲကြီး များ ဖြစ်လာသည့်အခါ အကျပ်အတည်းပေါ်ပါက လေတပ်ကို ခေါ်ယူသုံးခဲ့သော်လည်း ကစထခေါ် စစ်ဆင်ရေး အထူး အဖွဲ့မှူးများ၊ ကာကွယ်ရေးစီးချုပ်ကဲ့သို့သော ပုဂ္ဂိုလ်များထံက အမိန့်ရမှသာ သုံးစွဲနိုင်သည်အထိ တင်းကျပ်ထားသည် ကို တွေ့ရ၏။
၂၀၁၁ ခုနှစ် ဇွန်လပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ကချင်စစ်ပွဲများမှစ၍ ကိုးကန့်နှင့် ရခိုင်စစ်ပွဲများတိုင် လေတပ်အင်အား ကို ကြည်းတပ်နှင့်တွဲ၍ သုံးစွဲခဲ့သော်လည်း နောက်ပိုင်း တိုက်ပွဲတိုင်းလိုလိုတွင် အမြဲတစေ လေကြောင်းစစ်ကူခေါ်လာ ရသည့်အတွက် စစ်ကောင်စီ၏ ခြေလျင်တပ်များ မြေပြင်၌ အကျပ်အတည်း ပိုဆိုက်လာသည်ဟု ယူဆရမည် ဖြစ် သလို၊ ၎င်းတို့၏ မြေပြင်တိုက်ခိုက်ရေး အင်အားနှင့် ပတ်သက်၍လည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ယခင်က နယ်စပ်မျဉ်းအနီး တိုက်ပွဲများဖြစ်ပါက တဖက်န်ိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျည်ကျမည်ကို စိုးရိမ်ကြသလို ဝေဟင်ပိုင်နက် ဖြတ်ကျော်ခွင့်ကိုလည်း ကြိုတင်အသိပေး ညှိနှိုင်းတောင်းခံကြသော်လည်း ယခုနောက်ပိုင်း ထိုင်း လေပိုင်နက်ကို ဖြတ်ကာ တိုက်ခိုက်သဖြင့် သက်ဆိုင်ရာ နိုင်ငံသားများ အိုးအိမ်ထိခိုက်မှုရှိခဲ့သလို မကြာသေးမီက အိန္ဒိယလေပိုင်နက်ကိုဖြတ်၍ တိုက်ခိုက်သည်ကို ကြည့်ခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံများကြား စောင့်ထိန်းရမည့် အခြေခံအချက်များကိုပင် မလိုက်နာနိုင်တော့သည်ကို တွေ့ရသည်။
လက်ရှိ စစ်ကောင်စီ လေတပ်၏အမိန့်ပေးစနစ်မှာ တိုင်းမှူးတပ်မမှူးများအနေဖြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို စိတ်ကြိုက် အသုံးပြုခွင့်ရထားပြီး တိုက်လေယာဉ် စေလွှတ်ခွင့်ကိုမူ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် လေတပ်တို့မှ ဆုံးဖြတ်ကြောင်း သိရသည်။
စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပါက ချက်ခြင်း လေကြောင်းပစ်ကူပေးနိုင်ရန် စီစဉ်ထားပြီး ထို့အတွက် စိတ်ဓာတ် တက်ကြလာကာ လေကြောင်း အားကိုးဖြင့် ပြန်လည်တိုက်ခိုက်မှုများ ရှိလာသလို၊ တဖက်မှ တိုက်ခိုက်သူများ အနေ ဖြင့်လည်း လေတပ်အကူလာမည်ကို စိုးရိမ်စိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကြောင်း CDM လေတပ်သားများက ဆိုသည်။
လာမည့် မတ် ၂၇ ရက် တပ်မတော်နေ့တွင် ဝေဟင်၌ တိုက်လေယာဉ်များ ပျံသန်းကာ အင်အားပြပြီး လူထုကို ခြိမ်း ခြောက်မှုများ ပြုလုပ်တော့မည် ဖြစ်သလို လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် ကရင်နီစစ်မြေပြင်တွင် လေကြောင်း တိုက်ခိုက်မှုများ အကြီးအကျယ် ပြုလုပ်လိမ့်မည် ဟု CDM လေတပ်သားများက ခန့်မှန်းကြသည်။
ထိုသို့ စစ်ကောင်စီက လေကြောင်းအင်အားကို အရမ်းကာရော သုံးစွဲလာပါက ကရင်နီ အရပ်သားပြည်သူများ ထိခိုက် ဒဏ်ရာရမှုများ ပို၍ များပြားလာနိုင်ပေ၏။
ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရှိသူ တဦးက “ဒီပြည်နယ်က သေးသေးလေးပါ၊ မြေပြင်က စစ်ကြောင်း ထိုးတာကတော့ ရေကုန်ရေခမ်း တိုက်မယ်ပြောထားလို့ တိုက်တာ ပြောစရာတော့ မရှိပါဘူး။ ဒါပေမယ့် လေကြောင်း အလွန်အကျွံ အသုံးပြုတဲ့ကိစ္စကတော့ သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက တခုခုတော့ အဆုံးအဖြတ်ပေးရတော့မယ် ထင်တယ်။ စစ်ကြောင်းတွေ ဦးတည်တာမျိုးပဲ မဟုတ်ဘဲ စစ်ရှောင်တွေကိုပါ ဦးတည် တိုက်ခိုက်တာတွေက မဖြစ်သင့်တဲ့ ကိစ္စလို့ပဲ ယူဆပါတယ်” ဟု ပြောသည်။
လေတပ်ကို ကျောခိုင်းခဲ့သည့် CDM လေသူရဲ ဗိုလ်ကြီး ဇေသူအောင်က ပြည်ပ ကျူးကျော်ရန်က ကာကွယ်ခဲ့သည့် နိုင်ငံသူရဲကောင်း ဗိုလ်ပီတာအကြောင်း စစ်တက္ကသိုလ်တွင် အမြဲ မှတ်သားခဲ့ရသော်လည်း လက်ရှိ စစ်ကောင်စီ၏ လေသူရဲများမှာမူ ကိုယ့်ပြည်သူကိုယ် ပြန်သတ်သည့် စစ်မိစ္ဆာများအဖြစ် သမိုင်းတွင်မည်ဖြစ်ပြီး ဗိုလ်ပီတာသာ သက်ရှိထင်ရှားရှိပါက ရှက်စရာ ကောင်းလောက်အောင်ပင် ဖြစ်ကြောင်း ပြောဆိုသည်။
You may also like these stories:
စစ်ကောင်စီ ဘီလူးစစ်ကြောင်းကို မြောင်မှာ PDF တွေ ဝိုင်းတိုက်
လက်ယက်ကုန်းသတ်ဖြတ်မှု CDM လေတပ်ဗိုလ်ကြီးတဦး ရှင်းပြ
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ