လက်ရှိအချိန်တွင် အိမ်ထောင်စုစုပေါင်းတို့၏ ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်သည့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုကို စနစ်ကျပြီး အကျိုးအမြတ် ရရှိနိုင်သည့် အခြေအနေအထိ အဆင့်မြှင့်တင်ရန် အစိုးရကို ကူညီရေးအတွက် ကမ္ဘာ့ဘဏ်က သဘောတူလိုက်ပြီဖြစ်သည်။
လျှပ်စစ်ဓာတ်အား ကဏ္ဍကို ခေတ်မီ တိုးတက်လာအောင် အားထုတ်ရာတွင် ပါဝင်မည့် သဘောတူညီချက်ကို မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ်၏ အစိတ်အပိုင်းတခုဖြစ်သော International Finance Corporation (IFC) တို့ ပြီးခဲ့သည့်အပတ်က လက်မှတ်ရေးထိုးခဲ့ကြသည်။
“တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ကင်းမဲ့ခြင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရဲ့ အကြီးဆုံး စိန်ခေါ်မှုတွေထဲက တခု ဖြစ်ပါတယ် ” ဟု IFC ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ဥက္ကဌ Karin Finkeston ကပြောသည်။ ကမ္ဘာ့ဘဏ်၏ အဖွဲ့များထဲတွင် IFC သည် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။
နိုင်ငံအသီးသီးတွင် ဘဏ္ဍာရေးဆိုင်ရာ အကြံဉာဏ်များပေးခြင်း၊ အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများကြားတွင် ပေါင်းကူး တံတားအဖြစ် ဆောင်ရွက်ပေးခြင်း စသည့် အကူအညီများပေးနေသည့် IFC က လက်ရှိ ရှိနှင့်ပြီးသား အခြေခံအဆောက်အဦများ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ (YCESB) ကို ကူညီမည်ဖြစ်သည်။
သုံးစွဲသူ ၉၀၀၀၀၀ ရှိပြီး ရန်ကုန်မြို့၏ အကြီးဆုံးဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းဖြစ်သည့် YCESB ကို တည်ငြိမ်ခိုင်မာပြီး ကိုယ့်ဖာသာဘဏ္ဍာငွေ ရှာဖွေနိုင်သည့် အဖွဲ့အစည်းတခု ဖြစ်လာအောင် IFC က ကူညီပေးသွားမည် ဟုလည်း သိရသည်။ သို့သော်လည်း စီမံကိန်းအတွက် ငွေမည်မျှ သုံးစွဲသွားမည် ဆိုခြင်းကို IFC က တိကျစွာ ထုတ်ပြန်ခြင်း မရှိပါ။
လက်ရှိအချိန်တွင် YCESB ကို အစိုးရက အပြည့်အ၀ ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ဓာတ်အား ဖြန့်ဝေမှုစနစ်က ထိရောက်ခြင်းမရှိဘဲ ဓာတ်အားဆုံးရှုံးမှုက ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်။ IFC ၏ ခန့်မှန်းချက်အရ လျှပ်စစ် ဓာတ်အား ကဏ္ဍအတွက် အမေရိကန် ၁ ဒေါ်လာ ရင်းနှီးမြှုပ်နှံလိုက်တိုင်း ခေတ်မမီတော့သည့် စက်ပစ္စည်းများဖြင့် လည်ပတ် နေရသည့် ဓာတ်အားပေး စက်ရုံများကြောင့် ဆင့် ၃၀ ဆုံးရှုံးနေရသည်ဟု သိရသည်။
ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး ပြီးဆုံးသွားပြီး အရပ်သားအစိုးရတက်လာသည့် ၂၀၁၀ ခုနှစ်နောက်ပိုင်း တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ အုံနှင့် ကျင်းနှင့် ဝင်ရောက်လာခဲ့သော်လည်း ပုံမှန်လို မီးပျက်နေခြင်းနှင့် အခြေခံ အဆောက်အဦ အားနည်းခြင်းက စီးပွားရေးအတွက် အဓိက အတားအဆီးတခုဖြစ်နေသည်။
အစိုးရကလည်း စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း စသော လုပ်ဆောင်မှုများဖြင့် ကုမ္ပဏီများကို ဆွဲဆောင်ရင်း ရှိနှင့်ပြီး ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်များကို အဆင့်မြှင့်ပြီး ထိရောက်မှုရှိလာစေရန် နိုင်ငံခြား ကျွမ်းကျင်သူများကို အားကိုးနေရသည်။
YCESB ကို အများပိုင် ကော်ပိုရေးရှင်းတခုအဖြစ်သို့ အသွင်ကူးပြောင်းနိုင်ရန် အချိန် ၃ နှစ်မျှကြာမည်ဟု IFC က ခန့်မှန်း ထားသည်။ YCESB ကို အပြည့်အ၀ မပြောင်းနိုင်မီ လိုအပ်သော အကူအညီများ၊ ဘဏ္ဍာရေး အထောက်အပံ့များ ပေးသွား ရန်လည်း ဆန္ဒရှိနေသည်။
တချိန်ထဲမှာပင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဓာတ်ငွေ့စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ရန် ငွေကြေးထောက်ပံ့မည်ဟု စင်္ကာပူနိုင်ငံမှ Asiatech Energy က ကြေညာခဲ့သည်။
နေပြည်တော်တွင် အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်ရာ၌ လျှပ်စစ်ဓာတ်အား ၂၃၀ မီဂါဝပ်ထွက်ရှိမည့် စီမံကိန်းအတွက် ငွေကြေးထောက်ပံ့ မှုပေးရန် စင်္ကာပူနိုင်ငံမှ United Overseas Bank (UOB) နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ ပြီး ဖြစ်သည်ဟု ပြောသည်။ သို့သော်လည်း ငွေကြေးမည်မျှ သုံးစွဲမည်ဆိုခြင်းကို ထုတ်ပြန်ခြင်း မရှိခဲ့ပါ။
၄၃ မီဂါဝပ်ထွက်မည့် စက်ရုံတခုကို ယခုနှစ်နှောင်းပိုင်းတွင် ကနဦး စတင်ဆောက်လုပ်မည်ဖြစ်သည်ဟု Asiatech Energy က ဆိုသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ပြီးစီးမည်ဟု မျှော်လင့်ထားကြောင်းလည်း ပြောသည်။ လူဦးရေ ၅ သန်းအတွက် စွမ်းအင်ထောက်ပံ့ပေးနိုင်မည်ဟုလည်း သိရသည်။ ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ကုန်ကျစားရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ဖြစ်သည် ဟုလည်းသိရသည်။
အမေရိကန် အခြေစိုက် APR Energy က မန္တလေးတိုင်းတွင် ၁၀၀ မီဂါဝပ်ထုတ်လုပ်ပေးမည့် ဓာတ်အားပေးစက်ရုံ တရုံ တည်ဆောက်မည်ဟု UOB က ယခင်အပတ်က ကြေညာခဲ့သည်။
ယခင်အပတ် အတွင်းကပင် စင်္ကာပူနိုင်ငံမှ Navigat Group ၏ လုပ်ငန်းခွဲဖြစ်သော MAXPOWER (Thaketa) Company Ltd က ကာလရှည် ဓာတ်အားဝယ်ယူရေးအတွက် မြန်မာအစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ စာချုပ်သည် မြန်မာအစိုးရနှင့် နိုင်ငံခြား စွမ်းအင်ကုမ္ပဏီတခုကြားတွင် ပထမဆုံးသော သဘောတူညီချက်လည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြားစွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် နမူနာလည်းဖြစ်သည်။
ရန်ကုန် ဆင်ခြေဖုံးဒေသတခုတွင် ၅၀ မီဂါဝပ်ထုတ်လုပ်နိုင်မည့် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၃၅သန်း သုံးစွဲသွားမည်ဟု MAXPOWER ကဆိုသည်။