နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးစနစ်များကို ခေတ်မီအောင် ပြုလုပ်ခြင်းနှင့် ဈေးချိုသော ဟိုတယ်များ တည်ဆောက်ခြင်းဖြင့် ကမ္ဘာလှည့်ခရီးသည်များ ပိုမို လာရောက်အောင် ဆွဲဆောင်နေချိန်တွင် အနောက်တိုင်း အွန်လိုင်း ခရီးသွားလုပ်ငန်း (OTAs) အများအပြားသည် မြန်မာနိုင်ငံသို့ ခရီးသွားလာခြင်းကို အားမပေးသောကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းသည် အာရှဈေးကွက်သို့သာ မျက်နှာမူနေရသည်။
ရခိုင်မြောက်ပိုင်းမှ မွတ်ဆလင် ၇ သိန်းခန့်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေသော တပ်မတော်၏ စစ်ဆင်ရေး အပြီးတွင် အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်နှင့် စကင်ဒီနေးဗီယန်း နိုင်ငံများမှ OTAs များသည် မြန်မာနိုင်ငံကို ခရီးသွားလုပ်ငန်း နေရာတခု အဆင့်မှ အကြီးအကျယ် လျှော့ချခဲ့ကြသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်းနှင့် ရွာများကို မီးရှို့ခြင်းများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည်။ ထိုလုပ်ရပ်များတွင် လူမျိုးတုံး သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ရှိကြောင်း ကုလသမဂ္ဂ၏ လွတ်လပ်သော အချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာ တစောင်က ဖော်ပြခဲ့ပြီး တပ်မတော် ခေါင်းဆောင်ပိုင်းကို နိုင်ငံတကာခုံရုံး (ICC) တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရန် တောင်းဆိုသည်။ ICC ကလည်း အကြိုကြားနာစစ်ဆေးမှု ပြုလုပ်ရန် အမှုဖွင့်ခဲ့ပြီ ဖြစ်သည်။
ကုလသမဂ္ဂ၏ တွေ့ရှိချက်များကို နိုင်ငံတကာ သတင်းဌာနများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေသည့် တချိန်တည်းတွင် အနောက်တိုင်း OTAs များသည် ၎င်းတို့၏ ခရီးစဉ်များနှင့် ကြော်ငြာများမှ မြန်မာနိုင်ငံကို ဖယ်ရှားခြင်းဖြင့် တိတ်တဆိတ် အရေးယူနေကြသည်။
ခရီးသည်များအတွက် တည်းခိုနေထိုင်ရေး၊ လေကြောင်းလိုင်း၊ စားသောက်ဆိုင်နှင့် ဟိုတယ်အထိ အရာရာကို အကြံပေးသော အင်တာနက် စာမျက်နှာဖြစ်သည့် အမေရိက အခြေစိုက် အွန်လိုင်း ခရီးသွား လုပ်ငန်းကြီးဖြစ်သော Trip Advisor သည် အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်မှ အပမ်းဖြေ စခန်းများကို ၎င်းတို့၏ အာရှမှ လည်ပတ်စရာ ၂၅ နေရာ စာရင်းတွင် ဖော်ပြသော်လည်း မြန်မာနိုင်ငံကို ၎င်း၏ အာရှခရီးသည်များရွေးချယ်မှု ဆုမှ ချန်လှပ်ထားခဲ့သည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။
နောက်ဆုံးထုတ်ပြန်သော ထိုစာရင်းတွင် ထိုင်းနိုင်ငံမှ ခရီးစဉ် ငါးခုပါသည်။ ထို စာမျက်နှာကို တလလျှင် ဝင်ရောက် ကြည့်ရှုသူ ၄၅၆ သန်းရှိသည်။
သို့သော် တခြားကျော်ကြားသော ခရီးသွားလုပ်ငန်းဖြစ်သည့် Lonely Planet တွင်မူ မြန်မာနိုင်ငံသည် အာရှ ထိပ်တန်း ခရီးစဉ် ၂၀ တွင် ပါဝင်နေပြန်သည်။
မြန်မာနိုင်ငံကို ၎င်းတို့ ဝက်ဘ်ဆိုက်၏ အာရှ ထိပ်တန်းခရီးစဉ် ၂၅ ခုနှင့် ကြီးထွားလာသော ခရီးစဉ်များတွင် ချန်လှပ် ထားကြောင်း Prof. Victor အမည်ဖြင့် ခရီးစဉ်များကို Trip Advisor တွင် ပုံမှန် သုံးသပ်ရေးသားနေသော ဝါရင့် ကလောင်ရှင်က ဧရာဝတီသို့ ပြောသည်။ သို့သော် ကမ္ဘာ့ခရီးစဉ်များနှင့် ဒေသတွင်း ခရီးစဉ်များပြုစုရာတွင် မည်သူ တာဝန်ရှိသည်ကို မသိကြောင်းနှင့် ထိုဆုံးဖြတ်ချက်ကို ချမှတ်ရာတွင်မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို အခြေခံခြင်း ရှိ မရှိ မသိကြောင်း သူကဆိုသည်။ ထိုဝက်ဘ်ဆိုက်၏ တခြားသော ကဏ္ဍများတွင်မူ ပုဂံ၊ ညောင်ရွှေ၊ အင်းလေးနှင့် ရန်ကုန်တို့ကို ဖော်ပြထားဆဲဖြစ်သည်။
မှတ်သားစရာ ကောင်းသည်မှာ ရခိုင် ပြည်နယ်မှ ငပလီကမ်းခြေသည် ထိုဝက်ဘ်ဆိုက်၏ အာရှထိပ်တန်း ခရီးစဉ် ၂၅ ခု၏ ထိပ်ဆုံး ၃ ခုတွင် ပါဝင်နေခြင်းဖြစ်သည်။
Trip Advisor အပါအဝင် ခရီးသွားလမ်းညွှန်များ အားလုံးသည် လမ်းကြောင်းချပေး ကြကြောင်း ငပလီ ကမ်းခြေတွင် ဟိုတယ်ဖွင့်ထားသော ဂျာမန် ဟိုတယ်လုပ်ငန်းရှင် အိုလီဗာ အက်ဆာက ပြောသည်။ ထို့ကြောင့် ထိပ်ဆုံးတွင်ပါလျှင် အကောင်းဆုံးဖြစ်ပြီ အလယ်တွင် သို့မဟုတ် နောက်ဆုံး နံပါတ် ၂၅ တွင်ပါလျှင်ပင် ဈေးကွက်ဝေစု ရကြောင်းနှင့် ထိုခရီးသွားလမ်းညွှန်များတွင် ဖော်ပြခံရခြင်းမရှိပါက ထိုနေရာသည် ဆက်လက်ရှင်သန်ခြင်း မရှိတော့ဘဲ ထိုခရီးစဉ် အမည် သေဆုံးသွားရကြောင်း သူက ရှင်းပြသည်။
၎င်းတို့ ကုမ္ပဏီက ခရီးစဉ်များကို အဆင့်ခွဲခြား သတ်မှတ်ရာတွင် ၁၂ လတာ ကာလအတွင်း စုဆောင်းထားသည့် ကမ္ဘာတဝန်းမှ ဟိုတယ်များ၊ ခရီးသွား ဆွဲဆောင်ရာနေရာများနှင့် စားသောက်ဆိုင်များအပေါ် သုံးသပ်ချက် အရည်အသွေးနှင့် အရေအတွက်တို့ကို ထည့်သွင်းစဉ်းစားသည့် စည်းမျဉ်းအမျိုးမျိုးကို အခြေခံကြောင်း Trip Advisor မှ အာရှပစိဖိတ်ဆိုင်ရာ အကြီးတန်း ဆက်သွယ်ရေး အရာရှိ ချယ်ရီလ် လောင်က ဧရာဝတီသတင်းဌာက မေးမြန်းသည့် email ကို ဖြေကြားရာတွင် ပြောသည်။ တခြားအခြေခံသော အချက်တခုမှာ ၎င်းတို့၏ ဝက်ဘ်ဆိုက်က ပြုလုပ်သည့် ခရီးသွား ဘွက်ကင် မှာကြားမှု ဖြစ်သည်။
မြန်မာနိုင်ငံကို ခရီးသွား လက်ကမ်းစာစောင်များတွင် ချန်လှပ်ထား
ကနေဒါ၊ အင်္ဂလန်၊ အမေရိကန်နှင့် စကင်ဒီနေးဗီးယန်း OTAs များသည် နိုင်ငံတခုချင်းစီနှင့် ပတ်သက်သော ခရီးသည် ဆွဲဆောင်သည့် နေရာများနှင့် ခရီးစဉ်များကို စက်တင်ဘာလတိုင်း လက်ကမ်းစာစောင်များ ဖြန့်ချိကြောင်း Nature Dream Tour ခရီးသွား လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောသည်။
လွန်ခဲ့သော နှစ်ကမူ ရခိုင်ပြည်နယ် အတွင်း နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် နိုင်ငံ၏ ပုံရိပ်ထိခိုက်သောကြောင့် ထိုလက်ကမ်းစာစောင်များတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အချက်အလက်များကို ချန်လှပ်ထားခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
ဒေါ်စံပယ်အောင်သည် ဥရောပတွင်ကျင်းပသည့် World Travel Market ခရီးသွားလုပ်ငန်း ပွဲတော်သို့လည်း တက်ရောက်ခဲ့ပြီး ထိုပွဲတော်တွင် “ရိုဟင်ဂျာ” ကိစ္စကို မကြာခဏ မေးမြန်းခံရကြောင်း ဆက်ပြောသည်။
တချို့ OTAs များသည် လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအားကြောင့် မြန်မာနိုင်ငံခရီးစဉ် လက်မှတ်ရောင်းချရန် ငြင်းဆန်ကြကြောင်းလည်း သူက ဆိုသည်။
“တချို့ ခရီးသွားလုပ်ငန်းကြီးတွေက ခရီးသွားရာသီ မတိုင်ခင် သူတို့ရဲ့ ဖောက်သည်တွေကို လက်ကမ်းစာစောင် ဖြန့်ချိကြတယ်။ မြန်မာနိုင်ငံအကြောင်းကို ဒီလက်ကမ်းစာစောင်တွေမှာ ချန်လှပ်ထားတယ်။ ဒီတော့ စဉ်းစားကြည့်လေ။ မြန်မာနိုင်ငံက ဘယ်လိုလုပ်ပြီး ခရီးသည် ဆွဲဆောင်နိုင်တော့မှာလဲ” ဟု ဒေါ်စံပယ်အောင်က ဆက်ပြောသည်။
အမေရိကန် ခရီးသွားလုပ်ငန်း ကုမ္ပဏီများသည် မြန်မာနိုင်ငံကို သပိတ်မှောက်ရာတွင် ပါဝင်ခြင်း ရှိ မရှိ Prof. Victor က အတိအကျ မပြောနိုင်သော်လည်း အနောက်နိုင်ငံသား အများစုတို့သည် “ရိုဟင်ဂျာများ သားကောင်ဖြစ်ရသည်” ဆိုသည့် နိုင်ငံတကာ သတင်းဌာနများနှင့် အမေရိကန် လူ့အခွင့်အရေးအဖွဲ့များ တင်ပြသော ဇာတ်လမ်းများ ကိုသာ မြင်ကြပြီး မြန်မာနိုင်ငံကို အများအားဖြင့် အဆိုးမြင်ကြသည်ဟု သူထင်ကြောင်း ပြောသည်။
“ကျနော်က နိုင်ငံတကာသတင်းတွေကို အမြဲကြည့်ပြီး မြန်မာနဲ့ ပတ်သက်တဲ့သတင်းတွေကို ရှာတယ်။ အများစုက မြန်မာနိုင်ငံကို ရန်လိုတဲ့ သတင်းတွေချည်းဖြစ်နေတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းကို ဒီအကျပ်အတည်းကနေ ကျနော်တို့ ကယ်တင်ရမယ်” ဟု Prof. Victor က ဆိုသည်။
တခြားသော ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ကိုကျော်စွာမင်းကလည်း ဒေါ်စံပယ်အောင်ကဲ့သို့ပင် အလားတူ သတင်း စကားများ ကြားသိခဲ့ကြောင်း ပြောသည်။ ယခုအချိန်အထိ မြန်မာခရီးသွားလုပ်ငန်းသည် အာရှ နိုင်ငံများထက် အနောက်တိုင်း နိုင်ငံများကို ပိုမိုမှီခိုအားထားနေရကြောင်း သူက ရှင်းပြသည်။
ယခုအခါ မြန်မာခရီးသွားလုပ်ငန်းများသည် ယဉ်ကျေးမှု အခြေခံခရီးသွားလုပ်ငန်းသို့ ကူးပြောင်းရန် စဉ်းစားနေကြောင်း၊ အာရှနှင့် အနောက်နိုင်ငံများမှ ခရီးသွားများသည် ခရီးသွားရသည့် ရည်ရွယ်ချက်များ မတူညီသောကြောင့် ထိုကိစ္စမှာ ခရီးသွားလုပ်ငန်းများကို စောင့်ကြိုနေသည့် စိန်ခေါ်မှုဖြစ်နေကြောင်း၊ အနောက်နိုင်ငံသားများသည် ခရီးရှည်လျှောက်ခြင်း၊ ခရီးကြမ်း လျှောက်ခြင်းနှင့် ထူးခြားသော ကမ်းခြေများကို ကြိုက်နှစ်သက်ကြပြီး အာရှသားသည် ဈေးဝယ်ခြင်းကို နှစ်ခြိုက်ကြကြောင်း ကိုကျော်စွာမင်းက ပြောသည်။
“အနောက်နိုင်ငံသားတွေနဲ့ အဓိကလုပ်နေရတဲ့ ကျနော်တို့လို လူတွေအတွက် အရမ်းကို ခက်ခဲပါတယ်။ အခြေအနေ ကတော့ ရုတ်တရက် လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ လိုလာတဲ့ စားသောက်ဆိုင်ပိုင်ရှင်လို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံသည် ခရီးသည် ၁.၈ သန်းခန့် လက်ခံရရှိခဲ့ပြီး လွန်ခဲ့သော နှစ်နှင့် နှိုင်းယှဉ်ပါက ခရီးသည် ၃၈၀၀၀ ခန့် လျော့နည်းသွားသည်။ အစိုးရက ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး နှစ်စဉ် ခရီးသည် ၇ သန်းအထိ ရရှိရန် ရည်မှန်းထားသည်။ ထိုသို့ကျဆင်းသွားခြင်းမှာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု များကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ နှိုင်းယှဉ်ကြည့်ပါက ထိုင်းနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် ခရီးသည် ၃၅.၃၈ သန်းရရှိပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်ပင် ရှိသည်။
လွန်ခဲ့သော နှစ်က ကနေဒါနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသည် ၅၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက နိုင်ငံပိုင် သတင်းစာကပင် ဝန်ခံခဲ့ရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များအတွက် ဟိုတယ်ပေါင်း ၁၆၇၆ ခုတွင် အခန်းပေါင်း ၆၇၃၅၀ ရှိသော်လည်း ဟိုတယ်လုပ်ငန်း ဝင်ငွေမှာ လွန်ခဲ့သော သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူသားချင်း စာနာမှု အကျပ်အတည်း ပေါ်ပေါက်ချိန်မှ စတင် ကျဆင်းလာနေသည်။ အနောက်နိုင်ငံများနှင့် ဥရောပသားများ၏ အမြင်တွင် နိုင်ငံပုံရိပ် ကျဆင်းသောကြောင့် ၂၀၁၈ ခုနှစ်တွင် ကနေဒါ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ခရီးသည် အရေအတွက် သိသိသာသာ ကျဆင်းသွားခဲ့သည်။
အာရှဈေးကွက်သို့ ဦးတည်ခြင်း
နိုင်ငံ၏ နိုင်ငံရေး ရာသီဥတု တည်ငြိမ်လာပါက မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့် ခရီးသည် များပြားလာမည် ဖြစ်ပြီး ထိုသို့ဖြစ်ရန် အချိန်အနည်းဆုံး နှစ်နှစ်ခန့် လိုမည်ဟု ခရီးသွားလုပ်ငန်း များက ယုံကြည်ကြသည်။
ရခိုင်နှင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ အသိုင်းအဝန်းများအကြား ၂၀၁၂ ခုနှစ်တွင် ပဋိပက္ခ ဖြစ်ပေါ်စဉ် ကလည်း အလားတူ ပုံစံမျိုး ဖြစ်ခဲ့ကြောင်းနှင့် ခရီးသွားလုပ်ငန်းများက တရာသီလုံး ခရီးစဉ်များကို ပယ်ဖျက်ခဲ့ပြီးနောက်တွင် ဆယ်စုနှစ်များစွာအတွင်း အကောင်းဆုံး ခရီးသွားရာသီ ပေါ်ပေါက်ခဲ့ကြောင်း ငပလီကမ်းခြေ ဟိုတယ်ပိုင်ရှင် အိုလီဗာ အက်ဆာက ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ် ခရီးသွားရာသီတွင် အလားအလာ ကောင်းနိုင်ခြင်း ရှိမရှိ ဧရာဝတီ သတင်းဌာနက စီးပွားရေး လုပ်ငန်းရှင် ငါးဦးကို မေးမြန်းခဲ့သည်။ သုံးဦးက အလားအလာ မကောင်းရန် များကြောင်းဖြေပြီး ကျန် နှစ်ဦးက အခြေအနေ ခန့်မှန်းရန် ခက်ခဲသည်ဟုဖြေကြသည်။
အိုလီဗာ အက်ဆာ၏ အဆိုအရ ဂျာမနီက အကြီးမားဆုံး လေ့လာရေး ခရီးသွား လုပ်ငန်းကလည်း မြန်မာနိုင်ငံသို့ ခရီးစဉ်များကို တနှစ်လျှင် ၁၀၀ ခန့် ဖြတ်တောက်နေကြောင်း သိရသည်။
ကျော်ကြားသော ခရီးသွားလမ်းညွှန်စာအုပ်နှင့် အွန်လိုင်းဆွေးနွေးပွဲ ကလည်း မြန်မာနိုင်ငံခရီးစဉ်များကို မရောင်းရကြောင်း ပြောသည်။
“အခြေအနေကတော့ အများကြီး ပိုဆိုးလာမယ်လို့ ကျနော်ထင်တယ်” ဟု အိုလီဗာအက်ဆာက ပြောသည်။
ကိန်းဂဏန်း အတိအကျ မပြောနိုင်သော်လည်း ထိုကဲ့သို့သော ခံစားမှုများကို ကြားသိနေရကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ဆိုသည်။
ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းရှင်များသည် အာရှခရီးသည် များအတွက် ရည်ရွယ်သည့် ခရီးသည် ဆွဲဆောင်ရာ နေရာသစ်များကို အားပေးရန် ပြင်ဆင်နေကြသည်။
အာရှ ခရီးသည်များသည် မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသည်များ၏ ၇၀ ရာခိုင်နှုန်းရှိပြီး ကျန်လူများမှာ အမေရိကန်၊ ဥရောပနှင့် စကင်ဒီနေးဗီးယန်း ခရီးသည်များ ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်သော စာရင်းများအရ သိရသည်။ သို့သော် အနောက်တိုင်း ခရီးသည်များသည် မြန်မာနိုင်ငံတွင် ပိုမိုရှည်ကြာစွာ တပတ်မှ နှစ်ပတ်အထိ နေထိုင်ကြပြီး အာရှခရီးသည် များထက်လည်း ငွေကို ပိုမိုသုံးကြသည်။
“ကျမ သိသလောက်ကတော့ တချို့ ခရီးသွား လုပ်ငန်းတွေက အာရှ အထူးပြု ခရီးစဉ်တွေ ဖော်ထုတ်ဖို့ ခြေလှမ်း စလှမ်းနေပြီ” ဟု ဒေါ်မေမြတ်မွန်ဝင်းက ပြောသည်။
မြန်မာအစိုးရသည် ဈေးကွက် သေနင်္ဂဗျူဟာ အဖြစ် မကြာသေးမီက ဂျပန်နှင့် ကိုရီးယား နိုင်ငံသားများအတွက် ဗီဇာ ကင်းလွတ်ခွင့်ကို စတင်မိတ်ဆက်ပေးခဲ့ပြီး တရုတ်နိုင်ငံသားများ အတွက်လည်း ဆိုက်ရောက်ဗီဇာ စနစ်ကို ကျင့်သုံး နေကြောင်းသိရသည်။
မြန်မာ့ ခရီးသွားလုပ်ငန်းသည် သက်ကြီးပိုင်းခရီးသည်များအတွက် ရှေးဟောင်း သုတေသန ဇုန်များ၊ ဘုရား ကျောင်းကန်များ စသည့် ယဉ်ကျေးမှုဆိုင်ရာ ခရီးစဉ်များအပေါ်တွင် ယေဘုယျအားဖြင့် အခြေခံကြောင်း ဒေါ်မေမြတ်မွန်ဝင်းက ပြောသည်။ ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ မြန်မာခရီးသွားလုပ်ငန်း တခုလုံးသည် လူငယ်ပိုင်းနှင့် သက်လတ်ပိုင်းတို့ အတွက် အတွေ့အကြုံသစ်များ ဖန်တီးပေးရန် မေ့လျှော့နေကြောင်းလည်း သူက ရှင်းပြသည်။
“ညဘက် ရန်ကုန်မှာ ဘယ်နား သွားရမှန်းမသိဘူးလို့ တချို့ဖောက်သည်တွေက ကျမကို ပြောကြတယ်။ ကျမတို့မှာ ညဈေးဆိုတာမျိုး မရှိဘူး။ တခုလောက်တော့ ရှိသင့်တယ်” ဟု ဒေါ်မေမြတ်မွန်ဝင်းက ပြောသည်။
ခရီးသွားလုပ်ငန်းအသင်းများနှင့် သြဂုတ်လလယ်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်သစ်များ ဖော်ထုတ်ရန်နှင့် သဘာဝ/စွန့်စား ခရီးစဉ်များ ဖော်ထုတ်ရန် တိုက်တွန်းခဲ့သည်။
“ကျမတို့ရဲ့ လမ်းပမ်းဆက်သွယ်ရေးကို ခေတ်မီအောင် လုပ်နိုင်ရင် ခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
မြန်မာနိုင်ငံကို ခရီးသည်များ စိတ်ဝင်စားမှုကို ထိန်းသိမ်းထားနိုင်ရန် အတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့သည် ခရီးသည်ဆွဲဆောင်ရာ နေရာသစ်များနှင့် ခရီးသည်လာရောက်မှု မရှိသည့် နေရာများကို CNN ကဲ့သို့သော နိုင်ငံတကာ ရုပ်သံဌာနများတွင် ကြော်ငြာရန် အစီအစဉ်တခုကို မကြာသေးမီက ဆွေးနွေးခဲ့ ကြကြောင်း ဒေါ်မေမြတ်မွန်ဝင်းက ပြောသည်။
အောက်တိုဘာလတွင် စတင်ရန် စီမံကိန်းများနှင့် ရှေ့ပြေး စီမံချက်တခုကို ငွေကြေးထောက်ပံ့ရန် အစိုးရက ခွင့်ပြုထားပြီး ဖြစ်သည်။
(Moe Myint ၏ Analysis: Tourism Industry Courts Asian Market as Westerners Shy Away ကို ဆီလျော်အောင် ဘာသာပြန်သည်။)