ယခုဘဏ္ဍာနှစ်အတွင်း မြန်မာဆန်သည် ပြည်ပသို့ တန်ချိန် ၂ သန်းခန့်သာ တင်ပု့ိနိုင်မည်ခန့်မှန်းသဖြင့် စပါးဈေး ကျမည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ဥက္ကဌ ဦးချစ်ခိုင်က ပြောသည်။
“ဘာလို့ တင်ပို့မှု လျော့ကျမယ်လို့ ခန့်မှန်းသလဲ ဆိုတော့ အီးယူ(ဥရောပ) ကပိတ်ဆို့မှုတွေရှိသလို တရုတ်ရဲ့ ဝယ်လို အား လျော့သွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်” ဟု ဦးချစ်ခိုင်က ပြောသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ဆန်တန်ချိန် ၃.၅၈ သန်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၁. ဘီလျှံ ကျော် ရရှိခဲ့သော်လည်း ယခုနှစ်တွင် အထက်ပါအဓိကအချက် ၂ ချက်ကြောင့် ပြည်ပတင်ပို့မှု လျော့ကျ မည်ဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ဝယ်ယူမှု ကျဆင်းသွားခြင်းမှာ ပြီးခဲသည့် သြဂုတ်လမှ စတင်၍ အမေရိကန်နှင့် ကုန်သွယ်ရေး စစ် ဖြစ် ပြီးနောက် တရုတ်၏ အရန် ဆန်ပမာဏ အမြောက်အမြား သိုလှောင် မူဝါဒကို ပြန်လည် သုံးသပ်လျက် ရှိသဖြင့် မြန်မာ့ ဆန် အဓိက ဝယ်လက် တရုတ်၏ ဝယ်လိုအား လျော့ကျသွားခြင်းဖြစ်သည်ဟု သိရသည်။
EU ကမူ ဥရောပ စားသောက်ကုန် ထုတ်လုပ်သူများ အပေါ် စီးပွားရေး ထိခိုက်စေသောကြောင့် ဆို သည့် အကြောင်းပြ ချက်ဖြင့် အခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP)ကို ပြီးခဲ့သည်လ ဇန်နဝါရီ ၁၈ ရက်နေ့မှ ပထမနှစ်တွင် ၁ တန် လျှင် ၁၇၅ ယူရို၊ ဒုတိယနှစ် တွင် တတန်လျှင် ၁၅၀ ယူရိုနှင့် တတိယနှစ်တွင် ၁၂၅ ယူရို အခွန်စည်းကြပ် ကောက်ခံ သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထို့အတွက် ဆန်တန်ချိန် ၁ သန်းခွဲကျော်က ပြည်တွင်းမျာ ပိုလျှံလာမှာဖြစ်ကြောင်း၊ အထူးသဖြင့် နွေစပါးပေါ်ချိန်တွင် ဈေးကွက် ကမောက်ကမ ဖြစ်မည်ကို စိုးရိမ်ရသည့်အတွက် ၎င်းအခြေအနေကို ဖြေရှင်းရန် အားလုံး ဝိုင်းဝန်း ဆွေးနွေး ရမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ဥက္ကဌ ဦးချစ်ခိုင်က ထောက်ပြသည်။
ပြီးခဲ့သည့်နှစ်မှ စတင်၍ ဆန်စပါး၏ အခြေခံ အာမခံဈေးနှုန်း (Mininum Support Price) ကို တင်း ၁၀၀ လျှင် ၅ သိန်း ကျပ် နှုန်းဖြင့် သတ်မှတ်ခဲ့ပြီး အဆိုပါ အခြေခံနှုန်းထားသည် နှစ်စဉ်သတ်မှတ် ပေးရမည်ဖြစ်ရာ ပြည်တွင်း၌ ဆန်စပါး ပိုလျှံမည် ဆိုပါက ယခုနှစ် နွေစပါးအတွက် အခြေခံနှုန်းသည် လျော့ကျသွားနိုင်မည် ဟု ၎င်းက ခန့်မှန်းသည်။
ထိုသို့ ဖြစ်လာပါမူ ဈေးကွက်သဘောအရ တောင်သူများက အလုံးအရင်းဖြင့် ရောင်းချမည်ဆိုပါက ငွေကြေး၊ သို လှောင်ရန် နေရာ အခက်အခဲ ရှိနိုင်မည်ဟု ဆန်လုပ်ငန်းရှင်များက ပြောသည်။
ဆန်ပို့ကုန် လုပ်ငန်းရှင်ဒေါက်တာစိုးထွန်းကလည်း “လက်ရှိ ကျသွားတဲ့အကြောင်း တရုတ်နယ်စပ် ကုန်သွယ်ရေး လျော့သွားတယ်။ ရန်ကုန်ဆိပ်ကမ်းက ၁.၂ သန်း လောက်ပဲ အများဆုံး ပို့လို့ရတယ် ဆိုတော့ တရုတ်နယ်စပ် ကုန် သွယ်ရေးကို အဓိကထားဖို့ လိုတယ်။ ဒီနေရာမှာ တရုတ်နဲ့ တရားဝင် ရောင်းချနိုင်ဖို့ ညှိနှိုင်းဖို့လိုတယ်။ ဒါကတော့ အစိုးရ အပိုင်းကလည်း လိုတယ်။ တရုတ်ရဲ့ ကုန်သွယ် ရေး မပါရင်တော့ ဆန်ကုန်သွယ်မှု တိုးလာဖို့ နည်းနည်း ခက်မယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုနှစ်ပိုင်းအတွင်း မြန်မာ့ဆန်ကို ဖိလစ်ပိုင်၊ အာဖရိကတို့က ဝယ်လိုအားရှိလာသဖြင့် ထိုသို့ ဈေးကွက်အလား အလာ ရှိသည့် နိုင်ငံများနှင့် နှစ်နိုင်ငံ ဆန်ကုန်သွယ်မှု အတွက် G to G (Government to Government) တရားဝင် လက်မှတ် ရေးထိုးနိုင်ရန် အစိုးရအနေဖြင့် ကြိုးစား ပေးရန်လိုအပ်သည်ဟု ၎င်းကဆက် ပြောသည်။
အလားတူ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌဦးချစ်ခိုင်ကလည်း “နယ်စပ်ကုန်သွယ်ရေး ဆိုတာက ကိုယ့် နိုင်ငံ သားတွေ ဂုဏ်သိက္ခာ ရှိရှိ ရောင်းနိုင်ဖို့အတွက် တရားဝင် ဖြစ်ဖို့ လို တယ်။ ဒီအတွက် အစိုးရက အလျင် အမြန် ဆောင်ရွက်ပေးမယ် ဆိုရင် ရင်းနှီးမြှပ်နှံမှုအပိုင်းက လုပ်ငန်းရှင် တာဝန်ယူသွားမှာဖြစ်ပါတယ်” ဟု ထောက်ပြသည်။
ဆက်စပ်ဖတ်ရှု့ရန် –
မြန်မာ့ဆန်ဈေးကွက်က တရုတ်ကို ၅၀ ရာခိုင်နှုန်း မှီခိုနေရတယ်
မြန်မာ့ဆန်လုံးရှည် EU အခွန် ပြန်ကောက်မည်