မြန်မာရှေ့နေချုပ်၏သား ဆရာဝန်အဖြစ်လုပ်ကိုင်နေသော သြစတြေးလျ ဆေးရုံတခုပြင်ပတွင် တဦးတည်းဆန့်ကျင် ကန့်ကွက်ရင်း စစ်ကောင်စီဝင် သားသမီးများ မည်သည့်နေရာတွင် ရှိနေစေကာမူ စောင့်ကြည့်နေမည်ဖြစ်ကြောင်း စစ်ကောင်စီ သိစေမည်ဟု မြန်မာအင်ဂျင်နီယာတဦးဖြစ်သူ မစုစုစံ ဆုံးဖြတ်ထားသည်။
အသက် ၃၃ နှစ်ရှိပြီဖြစ်သော မစုစုစံသည် ပန်းရောင် ထရက်စုဝတ်စုံဖြင့် လက်ချောင်း သုံးချောင်းထောင်ထားသော လက်တဖက်ကို ဆန့်တန်းကာ အခြားလက်တဖက်က ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် တောင်းဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ရင်း ထိုဆေးရုံမှ ကားရပ်နားသောနေရာတွင် ရပ်နေသောကြောင့် သူမကို လူတိုင်းမြင်နိုင်သည်။
ကွင်းစလန်ပြည်နယ်မြောက်ပိုင်းမှ ကီလိုမီတာ ၁၅၀၀ (မိုင်ပေါင်း ၉၃၀) အကွာရှိ စစ်ကောင်စီဝင် သားသမီးများအနက် တဦးလုပ်ကိုင်နေသည့် မက်ကေးမြို့ငယ်လေးမှ ဆေးရုံသို့ လာရောက်ပြီးနောက် မစုစုစံက “သူတို့ကို ထိမရဘူးလို့ သူတို့က ထင်နေကြတာ” ဟု ပြောသည်။
“ဒါဟာ ဘယ်သူမှ ဥပဒေမဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်မရဘူးဆိုတာကို ပြည်သူတွေသိအောင် လုပ်တဲ့ နည်းလမ်းတခုဖြစ်တယ်” ဟုလည်း သူပြောသည်။
အာဏာသိမ်းပြီးချိန်မှ စတင်ပြီး အချို့သော ဆန္ဒပြသူများသည် မြန်မာနိုင်ငံမှ စစ်ကောင်စီ၏ မိသားစုဝင်များနှင့် အပေါင်းပါများကို ရှုတ်ချရန် အွန်လိုင်းလှုပ်ရှားမှုကို လုပ်ဆောင်နေပြီး ပြည်တွင်း သွေးထွက်သံယိုမှုများမှ ဝေးကွာသော ဒီမိုကရေစီနိုင်ငံများတွင် သက်သောင့်သက်သာနေထိုင်နေသော စစ်ကောင်စီဝင် သားသမီးများကို ဖေါ်ထုတ်နေသည်။
ထိုနည်းလမ်းသည် စစ်အာဏာသိမ်းမှုကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထိန်းသိမ်းရန် စစ်ကောင်စီကို ဖိအားပေးသည့် အကြမ်းမဖက်သော နည်းလမ်းတခုဖြစ်ကြောင်း ထိုလှုပ်ရှားမှုကို စီစဉ်သူများပြောသည်။
“စစ်တပ်က ဘာသာစကားတခုပဲ နားလည်တယ်။ အဲဒါ ဖိအားပဲ” ဟု စစ်ကောင်စီနှင့်ပတ်သက်သူများကို အရေးယူပိတ်ဆို့ရေးအတွက် ဩစတြေးလျ အစိုးရကို တိုက်တွန်းရန် ကင်ဘာရာသို့ လာရောက်သော သြစတြေးလျရှိ မြန်မာအသိုက်အဝန်းမှ ကိုထွန်းအောင်ရွှေပြောသည်။
“လူမှုပြစ်ဒဏ်ခတ်ရေးက စစ်ကောင်စီကို လှုပ်ခါပစ်လိုက်ပြီး သူတို့လုပ်ရပ်ကို သူတို့ ပြန်လည်စဉ်းစားစေတဲ့အတွက် ထိရောက်တယ်” ဟုလည်း သူပြောသည်။
စစ်ကောင်စီ၏ မိတ်ဆွေများ၊ အပေါင်းပါများနှင့် ဆွေမျိုးများကို လူမှုကွန်ရက်တွင် အရှက်ရစေခြင်းအပြင် တက်ကြွလှုပ်ရှားသူများသည် socialpunishment.com အမည်ရှိ အင်တာနက်စာမျက်နှာတခုကို တည်ထောင်ထားပြီး ထိုစာမျက်နှာမှ သတင်းအချက်အလက်များကို ဖေ့ဘွတ်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေကြသည်။
ထိုအင်တာနက်စာမျက်နှာတွင် လူပေါင်း ၁၂၀ ကျော်၏ အချက်အလက်များအား ရေးသားထားပြီး ၁၀ နှစ်ကြာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရပ်တန့်ကာ သွေးထွက်သံယို ဖိနှိပ်မှုများကို လုပ်ဆောင်နေသည့် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ရန် ပျက်ကွက်သူများအဖြစ် စွပ်စွဲခံရသူများ အကြောင်း ရေးသားထားသည်။
ထိုအင်တာနက်စာမျက်နှာတွင် သတင်းအချက်အလက်များကို သစ္စာဖေါက် ထိပ်တန်းအဆင့်မှ အောက်ခြေအဆင့်အထိ ခွဲခြားသတ်မှတ်ထားပြီး ဖေါ်ပြထားသောသူများ၏ ဓါတ်ပုံများ၊ ၎င်းတို့၏ ပတ်သက်ဆက်နွယ်မှု အသေးစိတ်များ၊ ကမ္ဘာတဝန်း ၎င်းတို့ရှိနေသော နေရာများကို ဖေါ်ပြထားပြီး ထိုနေရာများတွင်နေထိုင်သည့် မြန်မာများအနေဖြင့် ထိုသူများကို ခြေရာခံရေး လွယ်ကူစေရန် ဆောင်ရွက်ထားသည်။
၂၀၁၆ ခုနှစ်အထိ သြစတြေးလျတွင် မြန်မာနိုင်ငံမှလာသူ ၃၃၀၀၀ နီးပါးရှိသည်။
မက်ကေးအခြေစိုက် ဆေးရုံမှ သူ၏ ပစ်မှတ်မှာ အသက် ၂၈ နှစ်အရွယ် ဆရာဝန် ကိုမင်းရဲမြတ်ဖုန်းခိုင် ဖြစ်ကြောင်း မစုစုစံက ပြောသည်။
အထက်ပါ အင်တာနက်စာမျက်နှာ၏ အဆိုအရ သူ၏မိခင်သည် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲရန်လုပ်ဆောင်ပေးနေသည့် စစ်ကောင်စီ၏ ရှေ့နေချုပ် ဒေါ်သီတာဦးဖြစ်သည်။ သူမသည် အရပ်သားအစိုးရ ခေတ်က ရှေ့နေချုပ်ရုံးတွင် အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ယူခဲ့ပြီး စစ်ကောင်စီတွင် ရာထူးယူခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများက အပြင်းအထန် သစ္စာဖေါက်သူအဖြစ် သတ်မှတ်ခံရသည်။
ထိုသားအမိနှစ်ဦးလုံးကို Reuters ကဆက်သွယ်သည်ကို တုံ့ပြန်ပြောကြားခြင်း မရှိသော်လည်း မစုစုစံ၏ ကန့်ကွက်ဆန္ဒပြမှုကို ရင်ဆိုင်ပြီးနောက် နှစ်ရက်ကြာသောအခါ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အနေဖြင့် ကိုမင်းရဲမြတ်ဖုန်းခိုင်က သူသည် ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံသူဖြစ်ကြောင်း ဖေ့ဘွတ်တွင် ထုတ်ပြန်ကြေညာသည်။
“ကျနော် ကိုယ့်လမ်းကိုယ်လျှောက်ဖို့ မိဘတွေရဲ့ အရိပ်ကနေ ခွဲထွက်လာခဲ့ပြီ။ ကျနော်ဟာ စစ်မှန်မျှတတဲ့ ဒီမိုကရေစီရရှိရေး ကြိုးစားနေတဲ့ နိုင်ငံသားတွေထဲက တယောက်ဖြစ်တဲ့အတွက် ပြည်သူတွေနဲ့အတူ ရဲရင့်စွာ ရပ်တည်တယ်” ဟု မတ်လ ၈ ရက်နေ့တွင် သူရေးသားသည်။
ကျင့်ဝတ်ဆိုင်ရာ သံသယများ
မိဘများ၏လုပ်ရပ်ကြောင့် သားသမီးများကို အွန်လိုင်းတွင် အရှက်ရစေခြင်းနှင့် သက်ဆိုင်သည့် ပြဿနာများကြောင့် စစ်ကောင်စီဝင်များ၏ သားသမီးများကို ဆန့်ကျင်သည့် ထိုလှုပ်ရှားမှုတွင် ပါဝင်သူများအကြားတွင်လည်း ကျင့်ဝတ်ဆိုင်ရာမေးခွန်းများ ထွက်ပေါ်နေသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကိုအစုလိုက် အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်နေခြင်း အပေါ်ဒေါသ ပေါက်ကွဲမှုများသည် ထိုသံသယစိတ်ထက် အလေးသာနေကြောင်း လှုပ်ရှားမှုတွင် ပါဝင်သူများပြောသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အဆိုအရ လုံခြုံရေးတပ်များသည် ဆန္ဒပြသူ ၂၄၉ ဦးကို ပစ်သတ်ခဲ့ပြီးဖြစ်သည်။
မစုစုစံသည် စစ်ကောင်စီဝင် သားသမီးများကို ပစ်မှတ်ထားခြင်းနှင့်ပတ်သက်သည့် ကျင့်ဝတ်ဆိုင်ရာ ရှုပ်ထွေးမှုများကို ရင်ဆိုင်ရသော်လည်း မြန်မာနိုင်ငံ လမ်းမများတွင် ပစ်သတ်ခံနေရသော အရေအတွက်ကြောင့် သူ့အနေဖြင့် ထိုလုပ်ရပ်သည် မျှတမှုရှိကြောင်း ဆုံးဖြတ်ထားသည်။
ကိုမင်းရဲမြတ်ဖုန်းခိုင်သည် အစောပိုင်းက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြောဆိုရန် ပျက်ကွက်နေသောကြောင့် မစုစုစံက သူ့ကို ပစ်မှတ်ထားခြင်းဖြစ်သည်။
လွန်ခဲ့သောအပတ်က အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားသမီးနှစ်ယောက်နှင့် ၎င်းတို့ပိုင် ကုမ္ပဏီ ၆ ခုကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ဗြိတိန်နိုင်ငံကလည်း ဗိုလ်ချုပ်ဒါဇင်ဝက်ကျော်ကို ပိတ်ဆို့အရေးယူပြီး ၎င်းတို့ကို ဗြိတိန်တွင် ခရီးသွားလာခွင့်ပိတ်ကာ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းလိုက်သည်။ စစ်အရာရှိ ၉ ဦးကို အရေးယူမည်ဖြစ်ကြောင်းလည်း ကနေဒါနိုင်ငံက ပြောကြားထားသည်။
ထိုသို့ အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ပြောကြားခြင်း မရှိသော်လည်း ထိုအရေးယူပိတ်ဆို့မှုများကို မျှော်လင့်ထားကြောင်းနှင့် ထိုပိတ်ဆို့မှုများအတွက် စိတ်မပူကြောင်း ယခင်က ပြောကြားထားသည်။
သြစတြေးလျတွင် မြန်မာအချို့သည် စစ်ကောင်စီအဖွဲ့ဝင် သားသမီးများ၏ ပ်ိုင်ဆိုင်မှုများကို သိမ်းယူရန်နှင့် ပြည်ဝင်ခွင့် ဗီဇာများ ရုတ်သိမ်းရန် လှုပ်ရှားဆောင်ရွက်နေသည်။
သြစတြေးလျတွင် ပစ်မှတ်ထားသော လူအချို့၏ ကိုယ်ရေးအချက်အလက်များ၊ ဖုန်းနံပါတ်များ၊ အလုပ်လုပ်သောနေရာများ၊ ၎င်းတို့နေထိုင်သော ရပ်ကွက်များကို အွန်လိုင်းတွင် ထုတ်ပြန်ထားခံရသည်။
စစ်ကောင်စီကို အရှက်ရစေရန် လုပ်ဆောင်သော လှုပ်ရှားမှုသည် စစ်တပ်ပိုင် ကုမ္ပဏီများကို သပိတ်မှောက်ရန်နှင့် စစ်အာဏာသိမ်းမှုကို ထောက်ခံသော ပုဂ္ဂိုလ်များကို အထီးကျန်စေရန် လုပ်ဆောင်သော ပိုမိိုကျယ်ပြန့်သည့် လှုပ်ရှားမှု၏ အစိတ်အပိုင်းဖြစ်သည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများက ဖြစ်စေသည့် ပိုမိုကျယ်ပြန့်သော ထိုလှုပ်ရှားမှုတွင် အဓိက မဏ္ဍိုင်လေးခု ရှိသည်။ စစ်ကောင်စီနှင့် ပတ်သက်သူများကို မည်သည့်ပစ္စည်းမျှ မရောင်းရေး၊ စစ်ကောင်စီနှင့် ပတ်သက်သူများ ထုတ်လုပ်သည့် ပစ္စည်းများကို မဝယ်ရေး၊ စစ်ကောင်စီနှင့်ပတ်သက်သူများကို မဆက်ဆံရေးနှင့် ၎င်းတို့ကို မည်သည့်အခါမျှ မမေ့ရေးတို့ဖြစ်သည်။
တသီးပုဂ္ဂလများကို အွန်လိုင်းတွင် ပစ်မှတ်ထားခြင်းသည် ဆိုးကျိုးကိုဖြစ်စေသည့် လက္ခဏာများရှိကြောင်း အမေရိကန် အခြေစိုက် Stimson Center သုတေသနအဖွဲ့မှ မြန်မာပညာရှင် အမရာ သီဟ ပြောသည်။
စစ်သားများနှင့် ၎င်းတို့ကိုထောက်ခံသူများသည် ဖိအားပေးခံလာရသောကြောင့် အွန်လိုင်းတွင် ပိုမို ပြင်းထန်သော စကားများနှင့် ခြိမ်းခြောက်မှုများကို ပြုလုပ်လာကြောင်း သူပြောသည်။
ငါ့ကို အပြစ်ပေး၊ ငါ့သမီးကို အပြစ်မပေးနဲ့
မြန်မာကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးပွင့်ဆန်း၏ သား ဘရိုင်ယန်ထွန်းသည်လည်း သြစတြေးလျတွင် အလုပ်လုပ်နေသော ဆရာဝန်တဦးဖြစ်သည်။ သူ့ကို အင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားခြင်းမရှိသော်လည်း သူသည် ဒေါ်အောင်ဆန်းစုကြည်ကို ကာလကြာမြင့်စွာထောက်ခံသူဖြစ်ပြီး သူ့အဖေကို နိုင်ငံရေးအရ သဘောမတူကြောင်းနှင့် ဆန္ဒပြလှုပ်ရှားမှုများကို ထောက်ခံသည့် ရေးသားတင်ပြမှုများ ပြုလုပ်နေသည့်ကြားမှ အွန်လိုင်းတွင် တိုက်ခိုက်မှုများ ခံရကြောင်းပြောသည်။
“ဒီကိစ္စဖြစ်ကတည်းက ကျနော်လည်း ကျနော့်အဖေကို social punishment လုပ်တယ်။ ကျနော်က သူ့ကို လူသိရှင်ကြား ကန့်ကွက်ပါတယ်” ဟု ကွင်းစလန်ရှိ Redland ဆေးရုံမှ ဆရာဝန်တဦးဖြစ်သူ အသက် ၂၈ နှစ်အရွယ် ဘရိုင်ယန်ထွန်းပြောသည်။
သူ ထိုသို့တွေ့ကြုံနေရသော်လည်း ထိုအွန်လိုင်းလှုပ်ရှားမှုသည် ခုခံရေးလှုပ်ရှားမှု၏ တရားဝင် လုပ်ရပ်ဖြစ်ကြောင်း သူထောက်ခံသည်ဟု ပြောသည်။
“ဒါကတော့ ပြည်သူတွေမှာရှိတဲ့ လက်နက်အနည်းငယ်ထဲက တခုလို့ပဲ ကျနော်ထင်တယ်။ စစ်တပ်က ပြည်သူတွေကို လမ်းမပေါ်မှာ သေနတ်တွေနဲ့ ပစ်သတ်နေတယ်လေ” ဟု သူပြောသည်။
သို့သော် အွန်လိုင်းလှုပ်ရှားမှုတွင် တိုက်ခိုက်ခံရသူအချို့က ၎င်းတို့သည် ဓါးစာခံ ဖြစ်ရသည်ဟု ပြောသည်။
အွန်လိုင်းတွင် တိုက်ခိုက်ခံရသူများအနက် ပထမဆုံး တိုက်ခိုက်ခံရသူတဦးမှာ လူမှုဒဏ်ခတ်ရေးလှုပ်ရှားမှုက ဗိုလ်ချုပ်ကျော်စွာလင်း၏ သမီးအဖြစ်ဖေါ်ပြထားသော ကျောင်းသူ နန်းလင်းလဲ့ဦးဖြစ်သည်။
လူသတ်သမား၏ သမီး ဟု ခေါ်ပြီး သူမ၏ ဓါတ်ပုံများကို သူမ တက်ရောက်ပညာသင်ကြားနေသော တိုကျိုရှိ တိုကျိုတက္ကသိုလ်တွင် ကပ်ထားသည်။ သူမကို ကျောင်းမှထုတ်ရန် တက်ကြွလှုပ်ရှားသူများက ထိုတက္ကသိုလ်ကို တောင်းဆိုသည်။
တက္ကသ်ိုလ်အနေဖြင့် ရဲတပ်ဖွဲ့နှင့် တိုင်ပင်နေကြောင်း တိုကျို တက္ကသိုလ်မှ ပြောခွင့်ရသူ မာဆာကာဇူ ဆိုင်တိုကပြောသော်လည်း ထိုကျောင်းသူ၏ လုံခြုံရေးအတွက် အခြားအသေးစိတ်များကို ဆက်လက်ပြောကြားခြင်းမပြုပေ။
ဂျပန်ရဲတပ်ဖွဲ့ကလည်း မှတ်ချက်ပေးရန် ငြင်းဆန်သည်။
အချို့သောမိဘများက လူမှုကွန်ရက်တွင် အပြင်းအထန်တုံ့ပြန်ကြသည်။ အငြိမ်းစား အဆင့်မြင့်စစ်အရာရှိ ဦးထင်ဇော်ဝင်း၏ သမီးမှာ ရန်ကုန်ဆေးတက္ကသိုလ် ၁ မှ ကျောင်းသူတဦးဖြစ်ကြောင်း လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုက ဖေ့ဘွတ်စာမျက်နှာတွင် ဖေါ်ပြထားသည်။
“အမေဖြစ်သူကို လာပြီး ဘယ်လို လူမှုပြစ်ဒဏ်မဆို လာလုပ်ပါ။ မိဘနှစ်ယောက်လုံးကို ရိုက်သတ်လို့ရတယ်။ ကျမသမီးအတွက် ကျမသွေးကို စတေးပြီး လက်ခံမယ်” ဟု မိခင်ဖြစ်သူက ဖေ့ဘွတ်တွင် ရေးသည်။
“ကျမရဲ့သမီး၊ အငြိမ်းစားစစ်အရာရှိတယောက်ရဲ့သမီး အေးဖုန်းပြည့်ချိုရဲ့ ဘဝဆက်လက်ရှင်သန်ခွင့်ပေးပါ” ဟု ဆက်လက်ရေးသားသည်။ ၎င်းတို့သည် အထက်ပါပို့စ်ကို ရေးသားပြီးနောက် လူမှုကွန်ရက် အသုံးပြုခြင်းကို ရှောင်ရှားလိုက်သည်။
(Reuters သတင်းဌာန၏ Outed by online campaign, children of Myanmar junta hounded abroad သတင်းကို ဆီလျော်အောင် ဧရာဝတီက ဘာသာပြန်သည်။)
You may also like these stories:
စစ်တပ်ကို ကြောက်၍ ထွက်ပြေးသည့် ဒီပဲယင်း ဒေသခံများ အိမ်မပြန်ရဲသေး
စစ်ကောင်စီ၏ သတ်ဖြတ်မှုများကို ICC တင်ရန် CRPH လမ်းရှာနေ
စစ်ကောင်စီက မျှော်လင့်ချက်ကြီးသည့် တိုင်းပြည်အနာဂတ်ကို လမ်းမများပေါ်တွင် သတ်ဖြတ်နေ
ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ