ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါ COVID 19 ကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိခဲ့သော မတ်လမှ စတင်ကာ ယနေ့အချိန်အထိ စီးပွားရေးလုပ်ငန်းကဏ္ဍ အားလုံးလိုလိုအပေါ် ထိခိုက်သက်ရောက်မှုများစွာ ရှိနေသည်။
အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ရရှိသော ပြည်ပပို့ကုန်လုပ်ငန်းများမှသည် အိမ်တွင်း မိသားစုတနိုင်တပိုင် စီးပွားရေး လုပ်ငန်းအသေးစားများအထိပင် စီးပွားရေး အကျပ်အတည်းများဖြင့် ရှေ့ဆက်ရပ်တည်ရန် အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။
ထိုလုပ်ငန်းများထဲတွင် ရှေးနှစ်ပေါင်းများစွာ ကတည်းက တည်ရှိလာပြီး မြန်မာ့ရိုးရာ ဘာသာရေး၊ အလှူပွဲများတွင် မပါမဖြစ်သည့် သင်ဖြူးဖျာ ရက်လုပ်သော လုပ်ငန်းများမှာ ကိုဗစ်ကြောင့် ဆက်လက် ရပ်တည်ရန် အခက်အခဲများစွာ ရှိလာနေ ပြီဖြစ်သည်။
ယခင်က မြန်မာ့လက်မှုထုတ်ကုန်တခုဖြစ်သည့် သင်ဖြူးဖျာလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းနှင့် လေးမျက်နှာမြို့ တို့တွင် အဓိက လုပ်ကိုင်လျက်ရှိကြပြီး ယခုနှစ်ပေါင်း ၂၀ ကျော်နောက်ပိုင်းတွင် ပန်းတနော်မြို့သည် သင်ဖြူးဖျာ လုပ်ငန်း အဓိက လုပ်ကိုင်သော မြို့ဖြစ်လာသည်။
ထိုလုပ်ငန်းသည် ပန်းတနော်မြို့ရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သင်ဖြူးဖျာသည် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အသုံးအဆောင် ပစ္စည်းတခုဖြစ်သလို ဒေသခံများ၏ အဓိက အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်ပြီး ကျေးရွာနေ အမျိုးသမီးများကို အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးထားသော မိရိုးဖလာ လုပ်ငန်းလည်း ဖြစ်သည်။
ထို့အပြင် သင်ဖြူးဖျာသည် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တခုလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိပြီး နောက်ပိုင်း အစိုးရ၏ အသွားအလာကန့်သတ်မှု စည်းမျဉ်းစည်းကမ်းများကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း အပါအဝင် ဈေးကွက်ဝယ်လိုအား ကျဆင်းမှုများက သင်ဖြူး ဖျာလုပ်ငန်းများ အပေါ် ရိုက်ခတ်မှုက ကြီးမားခဲ့သည်။
“မဖြစ်မနေမို့လို့သာ ကိုယ့်လုပ်ထားတဲ့ လုပ်ငန်းအတွက် ရင်းနှီးပြီးတော့ လုပ်ထားတဲ့ဟာက လုပ်နေတာပဲ ရှိတယ်။ ကိုယ့်အဖို့ မကျန်တော့ဘူး” ဟု သင်ဖြူးဖျာများ အဓိကလုပ်ကိုင်သော ပန်းတနော်မြို့ ကျုံးတုံးကြီးကျေးရွာ အုပ်စု တော်တရလေး ကျေးရွာမှ သင်ရုံပိုင်ရှင် မအေးအေးဖြိုးက ဧရာဝတီသို့ ပြောသည်။
မြန်မာ့ရိုးရာ သင်ဖြူးဖျာများကို အဆင့်ဆင့် ပြုလုပ်ရသည်။ ပထမ ဦးစွာ သုံးနှစ်ခန့် စိုက်ပျိုးရသော သင်ပင်များမှ သင်ချောင်းများကို ယူကာ သင်ချောင်းကို အခြမ်း ၃ ခြမ်းမှ ၅ ခြမ်းအထိ ခွဲစိတ်ကာ သုံးရက်ခန့် နေလှန်းရသည်။ နေလှမ်းခြင်း လုပ်ဆောင်ပြီးမှသာ ဖျာအဖြစ် ရက်လုပ်ရန် နှီးအဆင့်ကို ရောက်သည်။
ဖျာအချော ရက်လုပ်ရန် အဆင့်ရောက်ရန် သင်ကို ပြုပြင်ရသည့် လုပ်ငန်းစဉ်အဆင့် အားလုံးအတွက် အနည်းဆုံး အချိန် ၁၂ ရက်မှ ၁၄ ရက်အထိ ကြာမြင့်ပြီး အနည်းဆုံး လူ ၅ ဦး မှ ၇ ဦးခန့်အထိ လိုအပ်ပြီး အများစုမှာ အမျိုးသမီးများသာ လုပ်ကိုင်ကြသည်။
ဖျာအချောရက်လုပ်ရန် အဆင့်သင့်ဖြစ်ချိန်တွင် ဖျာရက်လုပ်သူများသည် တနေ့လျှင် ဖျာအချော ၅ ချပ် ရရှိမည့် ဖျာအကြမ်း ၁၀ ချပ်ကို ရက်လုပ်နိုင်ကြသည်။ ယင်းအရေအတွက်သည် ဖျာရက်လုပ်သား ၃ ဦး လုပ်ဆောင်ရခြင်း ဖြစ်သည်။
မအေးအေးဖြိုးက “ဈေးနှုန်းတွေက တော်တော်ကို ကျသွားတာ ရောင်းရတဲ့ ဈေးနှုန်းနဲ့ ကိုယ်လုပ်နေရတဲ့ လုပ်အားခ ဈေးနှုန်းနဲ့က အဆင်မပြေတော့ဘူး” ဟု ပြောဆိုသည်။
ဈေးကွက်ဝယ်လိုအား ကျဆင်းသွားမှုကြောင့် ယခင်က သင်ဖြူးဖျာတချပ် ဈေးနှုန်းသည် ကျပ် ၁ သောင်း ကျော်အထိ ရှိရာမှ ကိုဗစ်ကာလအတွင်းမှ ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့သည့် အချိန်အထိ ကျပ် ၇၀၀၀ မှ ကျပ် ၆၀၀၀ ခန့်အထိသို့ ဈေးနှုန်းကျဆင်းသွားခဲ့သည်။
ကတ္တီပါစဖြင့် အနားကွပ်သော ဈေးကွက်ဝင် ဖျာအချောတချပ် ဈေးနှုန်းသည် အရွယ်အစားပေါ်မူတည်ပြီး ကျပ် နှစ်သောင်းခန့် မှ ကျပ် လေးသောင်း ကျော်အထိ ရှိသည်။
တချပ်ကို ကျပ် ၇၀၀၀ ခန့် ပေါက်ဈေးရှိသည့် ဖျာ(အကြမ်း) ၄ ချပ်ကို ထုတ်လုပ်ရန် အသုံးပြုရသည့် သင်ပင်ကုန်ကြမ်း ဈေးနှုန်းသည် ကျပ် ၃၄၀၀၀ အထိ ကုန်ကျလျက်ရှိသည့်အတွက် လက်ရှိဈေးနှုန်းများအရ သင်ဖြူးဖျာ (အကြမ်း) ရက်လုပ်ကြသူများအတွက် လုပ်အားခပင်မဆို ရင်းနှီးလိုက်ရသည့် ငွေပင် ပြန်မရရှိသော အနေအထား ဖြစ်နေကြောင်း ပန်းတနော်မြို့ ကျုံးတုံးကြီးကျေးရွာ အုပ်စု တော်တရလေး ကျေးရွာမှာ သင်ဖြူးဖျာလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ထိုသို့ တွက်ခြေ မကိုက်သည့် ဈေးကွက်အနေအထားကြောင့် အငှားဖျာရက်လုပ်သူများကို ယခင်က ငှားရမ်း လုပ်ကိုင်နိုင်ခဲ့ကြသည့် သင်ဖြူးဖျာ(အကြမ်း) လုပ်ငန်းရှင်များသည် ယခုဈေးကွက် အနေအထားကြောင့် လုပ်သားများကို လုပ်အားခ ပေးချေရန် အခက်အခဲရှိလာခြင်းကြောင့် လုပ်သားလျှော့ချခြင်းနှင့် ဖျာထုတ်လုပ်မှုကို လျှော့ချခြင်းများ ပြုလုပ်ကာ လုပ်ငန်း ရပ်တည်နိုင်ရန် လုပ်ဆောင်လျက်ရှိကြသည်။
ယင်းသို့ လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်ရသော သင်ဖြူးဖျာလုပ်ငန်းရှင်များထဲတွင် ဖျာလုပ်ငန်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ လုပ်ကိုင်လာခဲ့သော မိသားစု တနိုင်တပိုင်လုပ်ငန်းရှင် တော်တရ လေးကျေးရွာနေ မဖြူဖြူအောင် တယောက်လည်း အပါအဝင်ဖြစ်သည်။
၎င်းက “အခုက ကိုယ်တိုင်လုပ်နေတာတောင် မနည်းရှုံးနေတာ သူများငှားလုပ်မယ်ဆိုရင်တော့ မပြောနေနဲ့တော့” ဟု အခြေအနေကို ညည်းတွားသည်။
သူမသည် ယခင်က ဈေးကွက်အခြေအနေကောင်းမွန်နေသည့် ကာလတွင် ဖျာရက်လုပ်သား ၅ ဦးအထိ အငှားခေါ်ကာ လုပ်ကိုင်ခဲ့ရသည်။ တလလျှင် ဖျာအချပ်ရေ ၁၀၀ ကျော်အထိ ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး ဝင်ငွေအနေဖြင့် တလကို ကျပ် ၁၀ သိန်းဝန်းကျင် အထိ ရှိခဲ့သည်။
ယခုတွင်မူ ရက်လုပ်ပြီးသော ဖျာဈေးနှုန်းသည် ထုတ်လုပ်မှုကုန်ကျစရိတ် နှင့် လုပ်အားခ စရိတ်များကို တွက်ချေကိုက်မှု မရှိတော့ခြင်းကြောင့် လက်ရှိအချိန်တွင်မူ ဖျာရက်လုပ်ခြင်းလုပ်ငန်းကို မဖြူဖြူအောင်သည် ၎င်း၏ အဒေါ် နှင့် တူမ တို့ဖြင့် သာ ဆက်လက်လုပ်ကိုင်နေရပြီး ဖျာအရောင်းအဝယ်ကိုလည်း ယခင်ကလို အရေအတွက်များများ မထုတ်လုပ်နိုင်တော့ဘဲ အဝယ်ရှိသလောက်အရေအတွက် အနည်းငယ်ကိုသာ အရောင်းအဝယ်လုပ်ဆောင်နေရသည်။
မဖြူဖြူအောင်က “ အရင်တုန်းကဆိုရင် ဒိုင်တွေဆီမပြောနဲ့ ဘယ်မှာပဲ ချရောင်းရောင်း၊ ကုန်သည်ဆီပဲ ရောင်းရောင်း အဆင်ပြေတယ်။ အခုက ဒိုင်မှာ သွားရောင်းရင် ကိုယ့်ဖျာကိုယူပါ့မလားပေါ့ မယူပြန်ရင်လည်း မရောင်းရဘူး။ ရွာအထိ ကုန်သည်တွေ လာဆင်းဝယ်ရင်လည်း ပေးတဲ့ ဈေးနဲ့ ဝယ်သလောက်ကို ရောင်းနေရတာ နောက်လာဝယ်ဖို့က မသေချာဘူးလေ” ဟု လက်ရှိ အရောင်းအဝယ်အခြေအနေကို ရှင်းပြသည်။
ဖျာလုပ်ငန်းများသည် ဈေးကွက်မတည်ငြိမ်ခြင်း နှင့် အရောင်းအဝယ် မကောင်းခြင်းကြောင့် မိသားစုအလိုက် ဖျာအငှားရက်လုပ်ရသော ဖျာလုပ်သားများအပေါ် ရိုက်ခတ်မှုက ကြီးမားခဲ့သည်။
အငှားဖျာလုပ်သားများသည် သင်ချောင်းကုန်ကြမ်းအဆင့် မှ ဖျာအဖြစ်အထိ ရောက်ရှိအောင် ရက်လုပ်ရပြီး ပြီးစီးသော ဖျာအရေအတွက်အပေါ်မူတည် လုပ်အားခကို ရရှိကြသည်။ ပန်းတနော်မြို့ရှိ ကျေးရွာအများစုတွင် ဖျာအငှားရက်လုပ် ခြင်းကို မိသားစုအလိုက် လုပ်ဆောင်ကြလေ့ရှိသည်။
အငှားဖျာလုပ်သားအဖြစ် လုပ်ကိုင်နေသော ဒေါ်အေးအေးခိုင်က “ အရင်က တသိန်းဆိုရင် တသိန်း၊ ငါးသောင်းဆိုရင် ငါးသောင်းပေါ့။ အခုဆိုရင် ငါးသောင်းလောက် ပြောရင် ၂ သောင်းလောက်ပဲရတော့တယ်။ သူတို့တွေလည်း မရောင်းရတာ သိနေတော့ ကိုယ်တွေကလည်း ပေးသလောက်ယူထားရတာပေါ့ ” ဟု လုပ်အားခရရှိမှု အခြေအနေကို ပြောပြသည်။
လက်ရှိအချိန်တွင် ပုံမှန်အသက်ဝမ်းကြောင်း လုပ်ငန်းများက အခြေအနေမကောင်းသည့် အပြင် ယခုလို ကိုဗစ်ကာလ အတွင်းတွင် တခြားစက်ရုံ၊ အလုပ်ရုံများကလည်း လုပ်သားလျှော့ချမှုများပင် ရှိနေကြောင့် ဖျာရက်ခြင်းလုပ်ငန်းကိုသာ ဆက်လက်လုပ်ကိုင်နေရကြောင်း ၎င်းက ပြောဆိုသည်။
ဒေါ်အေးအေးခိုင်က “ ဒီကာလမှာက စက်ရုံအလုပ်ရုံတွေကလည်း လူမခေါ်တော့ ကိုယ့်မိရိုးဖလာ လုပ်နေရတဲ့ အလုပ်ကို ပဲဆက်လုပ်နေရတာပေါ့။ နောက်ဆိုရင် ဒီထက်ပိုပြီး အခြေအနေဆိုးလာရင် ဘယ်လိုဖြစ်မယ်ဆိုတာကို ဘယ်လိုတွေးလို့ တွေးရမှန်းတောင် မသိပါဘူး” ဟု ဆိုသည်။
ထိုအခြေအနေများကြောင့် ကျေးရွာနေ အမျိုးသမီးများကို အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးထားသည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်း ထုတ်ကုန်လုပ်ငန်းသည် ဆက်လက်ရပ်တည်နိုင်ရန်အတွက်အခက် အခဲများစွာကို ရင်ဆိုင်ဖြေရှင်းနေကြရသည်။
ကိုဗစ်ရောဂါကြောင့် အချိန် ၅ လခန့် ဈေးကွက်မရှိသည့်အတွက် ယခင်က သင်ဖြူးဖျာ များကို ဒိုင်ခံ ဝယ်ပေးနေသော ဖျာကုန်သည်များနှင့် ဖျာအချောထည် ထုတ်လုပ်သည့် ဒိုင်များထံတွင်လည်း ပစ္စည်းများ ပိုလျှံလာပြီဖြစ်သည့် ယခုကာလပိုင်းတွင် အဝယ်ရပ်တန့်လျက်ရှိနေသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် မြန်မာနိုင်ငံတွင် အသွားအလာကန့်သတ်များ စတင်လုပ်ဆောင်သော မတ်၊ ဧပြီနှင့် မေလများသည် မြန်မာ့ရိုးရာပွဲလမ်းသဘင်များနှင့် ဘာသာရေးအလှူပွဲများစွာရှိပြီး သင်ဖြူးဖျာများ၏ တနှစ်ပတ်လုံးတွင် ရောင်းအား အကောင်းဆုံးအချိန်ကာလလည်း ဖြစ်သည်။
ယခုနှစ်တွင်မူ ထိုရောင်းအား အကောင်းဆုံး အချိန်ကာလတွင် ရောင်းအဝယ်ရပ်တန့်သွားခြင်း၊ ဝယ်ယူရင်းနှီး မြှုပ်နှံထားသော ဖျာများပင် အရောင်းမထွက်သေးခြင်း၊ ပုံမှန်အချိန်ကာလမှာပင် ဈေးကွက်အေးလေ့ရှိသည့် မိုးတွင်းကာလဖြစ်ခြင်းနှင့် မည့်သည်အချိန်တွင် ပြီးဆုံးနိုင်မည်ကို ခန့်မှန်း၍ မရသော ရောဂါဆိုး ကြောင့် လာမည့် ပွင့်လင်းရာသီမှာပင် မသေချာသေးသည့် ဈေးကွက်အခြေအနေများက ဖျာလုပ်ငန်းရှင်များကို တပူပေါ် တပူဆင့် အဖြစ်မျိုး ဖြစ်စေလျက်ရှိသည်။
ပန်းတနော်မြို့အခြေစိုက် ယူကေစိန် သင်ဖြူးဖျာရောင်းဝယ်ရေး နှင့် ကြိမ်ထွက်လက်မှုပစ္စည်းလုပ်ငန်း မန်နေဂျာ ဦးခင်မောင်ချိုက “ မြန်မာပြည်အနှံ ကို ဒီကနေပဲ ဖြန့်တာဆိုတော့ ဒီကာလမှာက လမ်းပန်းဆက်သွယ်ရေးအားလုံးက ပိတ်ထားတာရယ် ကုန်စည်ဒိုင်တွေ ကလည်း အကုန်ပိတ်ထားတာဆိုတော့ အရောင်းအဝယ်က လုံးဝမဖြစ်ဘူး။ ဒီလိုအရောင်းအဝယ်မဖြစ်ပေမဲ့ တဖက်မှာ ကျတော့ ကျနော်တို့က ပစ္စည်းလှောင်ထားရတာလေ တဖက်ကျတော့ မဖြန့်ဖြူးပေးနိုင်ဘူး ” ဟု ဈေးကွက်အခြေ အနေကို ရှင်းပြသည်။
၎င်းလုပ်ငန်းသည် ကျေးရွာများမှ အကြမ်း နှင့် အချော ရက်လုပ်ပြီး လာရောက်ရောင်းချသော ဖျာများကို တရားထိုင်ဖျာ၊ တယောက်အိပ်နှင့် နှစ်ယောက်အိပ်ဖျာ အစရှိသည့် အရွယ်အစားအမျိုးမျိုးသောဖျာများကို ကတ္တတီပါစဖြင့် အနား ကွတ်ကာ ဖျာအချောထည်ထုတ်ကုန်များအဖြစ်ပြုလုပ်ကာ ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်တွင်းဈေးကွက်များ ကို ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းဖြစ်သည်။
ဦးခင်မောင်ချိုက “ အခုက ကျနော်တို့က ဝန်ထမ်းကများတော့ ဝန်ထမ်းစရိတ်ရယ် သိုလှောင်ထားတဲ့ ကုန်ဖိုးတွေက လည်း များတော့ ဝင်ငွေလုံးဝရပ်သလို ဖြစ်နေတော့ ရှုံးနေတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
သင်ဖြူးဖျာများကို တနိုင်ငံလုံးကို ဖြန့်ဖြူးပေးနေသော ပွဲရုံများ၊ ဖျာ ဒ်ိုင်များအနေဖြင့်လည်း ရောင်းချရန် ဈေးကွက်မရှိသေးသည့်အတွက် အောက်ခြေကျေးရွာများမှ ရက်လုပ်လာသော ဖျာများကို အတိုင်းအတာတခုအထိသာ ဝယ်ယူ သိုလှောင်မည်ဖြစ်သည့်အတွက် ရေရှည်တွင် ဖျာလုပ်ငန်းများကို အခြေပြုပြီး စားဝတ်နေရေး ဖြေရှင်းနေရသော အခြေံလူတန်းစားများအပေါ် ပိုပြီး ထိခိုက်လာမည်ဖြစ်သည်။
ပုံမှန်အချိန်ကာလများတွင် တနှစ်ပတ်လုံး၌ သင်ဖြူးဖျာ အချပ်ရေ ပေါင်း ၁၄ သိန်းကျော်အထိရှိ ရောင်းချရလေ့ရှိပြီး ယခုတွင် ထိုပမာဏ၏ သုံးပုံနှစ်ပုံမှာ ရပ်တန့်သွားပြီး ကျန်တပုံမှာလည်း အရောင်းအဝယ်ကြန့်ကြာလျက်ရှိနေကြောင်း ဖျာလုပ်ငန်းရှင်များထံမှ သိရသည်။
ဖျာများသည် လူအသုံးဆောင်ပစ္စည်းများဖြစ်နေခြင်းကြောင့် ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း ကာလတွင်လည်း အများပြည်သူ များသည် စားဝတ်နေရေးကို အဓိက ငွေကြေးသုံးစွဲကြရမည်ဖြစ်ပြီး ပုံမှန်ဈေးကွက်ပြန်ဖြစ်ရန် အချိန်အတိုင်းအတာ တခု လိုအပ်မည်ဖြစ်ကြောင်း သင်ဖျာလုပ်ငန်းရှင် ဒေါ်အေးအေးစမ်း(ခ) ဒေါ်မီးမီး က ပြောသည်။
ရှေ့ဆက်ရပ်တည်နိုင်ရေး အခက်ကြုံနေတဲ့ သင်ဖြူးဖျာလုပ်ငန်းများ (ရုပ်/သံ)
၎င်းက “ ကျမတို့ လုပ်ငန်းက စားသုံးကုန်လည်း မဟုတ်ဘူးလေ။ လူသုံးကုန်ဆိုတော့ အခုချိန်မှာက ကျန်းမာရေးနဲ့ နေထိုင်စားသောက်ရေးကိုပဲ ဦးစားပေးရမှာဆိုတော့ လူသုံးကုန်မှာ လိုတာထက် ပိုသုံးဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး ” ဟု ပြောဆိုသည်။
သင်ဖြူးဖျာများသည် အများပြည်သူများအတွက် မရှိမဖြစ်လိုအပ်မည့် လူသုံးကုန်ပစ္စည်းများ မဟုတ်သည့် အတွက် ပုံမှန်ဈေးကွက် အနေအထားရောက်ရှိရန် အချိန်တခုစောင့်ဆိုင်းရမည်မှာ အသေချာပင်ဖြစ်သလို မည်သည့် အချိန်ကာလ တွင် ပြီးဆုံးနိုင်မှန်း မသိသေးသည့် ကပ်ရောဂါဆိုး ထပ်ပေးမည့် စိန်ခေါ်မှု အကျပ်အတည်းများကိုလည်း မြန်မာ့ရိုးရာ ဖျာလုပ်ငန်းများ မည်သို့ ကျော်လွှားကြရမည်ကို စိုးရိမ်တွေးတောနေကြရလျက် ရှိသည်။
You may also like these stories:
ဧည့်သည်မလာလို့ ဝမ်းရေးကြပ်တည်းလာတဲ့ ဆင်နှင့် ဆင်ထိန်းများ ဘဝ
ပုဂံ ယွန်းထည်လုပ်ငန်း အသက်ငင်နေပြီ
အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊