သြစတြေးလျနှင့် နယူးဇီလန် ဘဏ်လုပ်ငန်းတခုဖြစ်သော ANZ ဘဏ်သည် မြန်မာနိုင်ငံမှ ၎င်း၏ လုပ်ငန်းများကို လာ မည့်နှစ်တွင် ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ဘဏ်လုပ်ငန်းနှင့် နိုင်ငံခြား ငွေကြေးဆိုင်ရာ စည်းမျဉ်းများ ပြင်ဆင်ပြောင်းလဲမှုများကြောင့် ၎င်းတို့အနေဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် ရှုပ်ထွေး ခက်ခဲလာသဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် စီစဉ်ရခြင်းဖြစ်ကြောင်း ANZ ဘဏ် ဆိုထားသည်။
မြန်မာနိုင်ငံကို ကမာ္ဘ့ဘဏ္ဍာရေး ရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က ယခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အမည်ပျက်စာရင်းသွင်းလိုက်ပြီးနောက် ANZ ဘဏ်မှာ မြန်မာနိုင်ငံမှ ပထမဆုံး ပြန်လည်ထွက်ခွာသော နိုင်ငံတကာဘဏ် လုပ်ငန်းတခု ဖြစ်လာသည်။
အဆိုပါ ဩစတြေးလျနိုင်ငံ ANZ ဘဏ်သည် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကာလ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိခဲ့သော နိုင်ငံတကာဘဏ်များထဲမှ တခုလည်း ဖြစ်သည်။
ပြည်တွင်းရှိ စီးပွားရေး ပညာရှင်တဦးက “ဒီမှာဖြစ်နေတဲ့ အခြေအနေနဲ့ တိုင်းပြည်စီးပွားရေး အခြေအနေတွေက သူတို့တွေ အလုပ်လုပ်ဖို့ က အရမ်းခက်ပါတယ်။ သူတို့ ထွက်တယ်ဆိုတာကလည်း နောက်တောင်ကျနေတယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် တခုရှိတယ်။ ပြည်တွင်းမှာလည်ပတ်နေတဲ့၊ အလုပ်လုပ်နေပြီဖြစ်တဲ့ ဘဏ်တွေအနေနဲ့ကျတော့ ထွက်ဖို့ ပြောပေမယ့် ထင်သလောက် မလွယ်ဘူး။ နောက်ပြီးတော့ တခြား လုပ်ငန်းတွေနဲ့ မတူတာက ဘဏ်လုပ်ငန်းက ဝန်ဆောင် မှုပေးနေတာ ဆိုတော့လေ။ တိုင်းပြည်ငွေရေးကြေးရေး လည်ပတ်နေသရွှေ့ ငွေအလွှဲ အပြောင်းတွေ ရှိနေဦးမှာပဲဆိုတော့ အလွယ်တကူ ထွက်ဖို့ မလွယ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် လတ်တလောတွင် စင်ကာပူဘဏ်များနှင့် မြန်မာနိုင်ငံကြား ဘဏ်စနစ်အသုံးပြုမှုများတွင် ပိုမိုတင်းကျပ်စိစစ် လာသလို တဖက်တွင်လည်း စစ်ကောင်စီ၏ မူဝါဒအလွဲများကြောင့် ဖြစ်ပေါ်လာသော ကုန်သွယ်ရေး အတားအဆီးများ ရှိနေ၍ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုတွင် ပိုမိုခက်ခဲအကျပ်အတည်းလာနိုင်ကြောင်း ၎င်းက ဆိုသည်။
မြန်မာစစ်တပ်၏ အကျင့်ပျက်ခြစားမှုများ၊ တရားမဝင်လက်နက်တင်သွင်းမှုများ၊ တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ဖော် ထုတ်နေသော အရပ်ဘက်အဖွဲ့အစည်း Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ မြန်မာနိုင်ငံက ထွက်ခွာဖို့ ANZ ရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ သတိကြီးကြီးနဲ့ ကြိုဆိုပါတယ်။ စစ်တပ်က တရားမဝင် အာဏာ သိမ်းဖို့ ကြိုးပမ်းကတည်းက ANZ ဟာ အမေရိကန်၊ ယူကေနဲ့ EU က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အင်းဝဘဏ် (Innwa Bank) နဲ့ ကုန်သွယ်မှုပြုပြီး ဩစတြေးလျအစိုးရက ပိတ်ဆို့အရေးယူဖို့ ငြင်းဆန်တာကြောင့် စစ်အာဏာရှင် အစိုးရက သူရဲ့ ဖောက်သည်တွေဆီကို ငွေပေးချေရာမှာ လွယ်ကူချောမွေ့စေခဲ့ပါတယ်” ဟု ပြောဆိုသည်။
ANZ ဘဏ်သည် စစ်တပ်ပိုင် အင်းဝဘဏ်ကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ပြီးနောက်ပိုင်း ဟောင်ကောင် အခြေစိုက် အာမခံကော်ပိုရေးရှင်း AIA က အင်းဝဘဏ်စာရင်းများထဲသို့ ငွေလွှဲပြောင်းပေးပို့မှုကို ကြားခံဘဏ်အဖြစ် ဆောင်ရွက်ပေးခဲ့သလို ၂၀၂၁ ခုနှစ် ဩဂုတ်လ နှင့် စက်တင်ဘာလအတွင်း၌လည်း ငွေလွှဲပေးမှုမှတ်တမ်းများရှိခဲ့ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က Justice For Myanmar က ဖော်ထုတ်ခဲ့သည်။
ထို့အပြင် အာဏာသိမ်းစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုတခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)က ပူးတွဲ ပိုင်ဆိုင်သော ဆက်သွယ်ရေးအော်ပရေတာ Mytel တာဝါတိုင်များ ငှားရမ်းမှုအတွက် ငွေပေးချေမှုများကိုလည်း ANZ ဘဏ်က ဝန်ဆောင်မှုပေးခဲ့ကြောင်း ဆိုထားသည်။
“သြစတြေးလျအစိုးရကိုလည်း မြန်မာပြည်သူတွေကို ထောက်ခံပြီး တရားမဝင် စစ်အစိုးရနဲ့ သူ့ရဲ့ စီးပွားရေးတွေကို ပိတ်ဆို့အရေးယူခြင်းအားဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပြတ်ပြတ် သားသား ရပ်တည်ဖို့ တောင်းဆို ထားပါတယ်” ဟု မရတနာမောင်က ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဩစတြေးလျနိုင်ငံအခြေစိုက် ရေနံ နှင့် စွမ်းအင်ကုမ္ပဏီ Woodside နှင့် သတ္တုတူးဖော်ရေးကုမ္ပဏီ Myanmar Metals ကုမ္ပဏီတို့သည်လည်း မြန်မာနိုင်ငံမှ ၎င်းတို့ လုပ်ငန်းများကို ရပ်နားပြီး ပြန်လည်ထွက်ခွာသွားကြသည်။
ပြီးခဲ့သည် နိုဝင်ဘာ ၁၇ရက်က စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြန်လည်လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေး ပညာရှင် မစ္စတာ ရှောင်တာနဲလ်က လည်း သြစတြေးလျ အစိုးရအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ၎င်းတို့၏ ဘဏ်လုပ်ငန်းများကို ပိတ်ဆို့ အရေးယူမှု ချမှတ်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။
You may also like these stories:
ရှောင်တာနဲလ်ပြောတဲ့ မြန်မာထောင်တွင်း ရက် ၆၅၀
FATF ၏ အမည်ပျက်စာရင်းကြောင့် ပြည်တွင်းဒေါ်လာဈေး ဂယက်ထ
ငွေကြေးခဝါချမှု အမည်ပျက်စာရင်းမဝင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ
လေယာဉ်ဆီကုမ္ပဏီ Puma ရှယ်ယာတွေ ဘယ်သူဝယ်သလဲ