နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G ကွန်ရက် အမြန်နှုန်းဆိုင်ရာ လေ့လာမှုတခုမှာ အမေရိကန်ပြည်ထောင်စုက အဆင့် ၄၇ သာ ချိတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ ဗြိတိန်အောက်၊ အဆင့် ၃၉ နေရာမှာ ရှိနေပါတယ်။
ယခု လေ့လာချက်ကို သုတေသနကုမ္ပဏီတခုဖြစ်တဲ့ Open Signal က ပြုလုပ်ခဲ့တာပါ။ 5G နည်းပညာ အလားအလာနဲ့ စပ်လျဉ်းပြီး နိုင်ငံပေါင်း ၇၇ နိုင်ငံက ပျှမ်းမျှနဲ့ အမြင့်ဆုံး 4G မြန်နှုန်းတွေကို သိရှိနိုင်ဖို့အတွက် ကြီးမားတဲ့ လေ့လာမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင် Devices ပေါင်း ၉၄ သန်းကျော်မှာ ပြုလုပ်ခဲ့တဲ့ တိုင်းတာမှုပေါင်း ၅၈၅ ဘီလျံက အချက်အလက်တွေအပေါ် မူတည် တွက်ချက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
4G Download မြန်နှုန်း စာရင်းရဲ့ ထိပ်ဆုံးနေရာမှာတော့ တောင်ကိုရီးယားနိုင်ငံက အမြင့်ဆုံး မြန်နှုန်း တစက္ကန့်ကို 55.7 megabits (Mbps) နဲ့ ရပ်တည်နေပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ တနေ့တာ အတွင်း အမြင့်ဆုံး မြန်နှုန်းရဲ့ ၂ ဆ နီးပါး ရှိတာပါ။
တောင်ကိုရီးယားနိုင်ငံ အောက်မှာတော့ ဆွစ်ဇာလန် (55.5 Mbps) ၊ နယ်သာလန် (54.9 Mpbs)၊ စင်ကာပူ (54.7Mbps) နဲ့ နော်ဝေ (53..5Mbps) တို့ အသီးသီး ရပ်တည်နေကြပါတယ်။ မြန်မာနိုင်ငံကတော့ အမြင့်ဆုံးမြန်နှုန်း 32.7Mbps၊ ပျှမ်းမျှမြန်နှုန်း 16.5Mbps နဲ့ ဗြိတိန်အောက်၊ အဆင့် ၃၉ နေရာမှာ ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု ရဲ့ 4G Download မြန်နှုန်းဟာ တနေ့တာအတွင်း မြန်နှုန်းအမြင့်မားဆုံး အချိန်မှာ 28.8Mbps ရှိပြီး၊ ပျှမ်းမျှအားဖြင့် 18.1Mbps ရှိပါတယ်။
နိုင်ငံအများစုရဲ့ ပျှမ်းမျှနဲ့ အမြန်ဆုံး နှုန်းထားတွေအကြား ကွာဟချက် ကြီးမားတာကိုလည်း တွေ့မြင်ရမှာပါ။ ဒါဟာ 4G ကွန်ရက်လိုင်း ကြပ်မှု ပြဿနာကို မီးမောင်းထိုးပြနေတာ ဖြစ်ပြီး၊ နိုင်ငံအများစုမှာ 5G ကွန်ရက် အမြန်ဆုံး ထွက်ပေါ်လာဖို့ လိုအပ်နေတယ်ဆိုတာ သိသာထင်ရှားစေပါတယ်။ ချက်ဗ်သမ္မတနိုင်ငံတခုပဲ အမြင့်ဆုံးနဲ့ ပျှမ်းမျှ မြန်နှုန်းအကြား ကွာဟချက် အနည်းဆုံး ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ Apple နဲ့ Google အပါအဝင် ကမ္ဘာ့ထိပ်သီး နည်းပညာကုမ္ပဏီကြီးတွေ အခြေစိုက်ရာ Silicon Valley တည်ရှိတဲ့ နိုင်ငံ ဖြစ်ပေမယ့် 4G Download မြန်နှုန်း နည်းပါးရခြင်း အကြောင်းရင်းတခုကတော့ စမတ်ဖုန်းအသုံးပြုသူ ဦးရေ များပြားလွန်းတာကြောင့် ဖြစ်နိုင်ပါတယ်။
Ref: Androdi Authority, 9to5 Mac