အမေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ပြန်လည် ကူးသန်းရောင်းဝယ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
“အမေရိကန် ကုမ္ပဏီတွေအနေနဲ့ Huawei ကို ပစ္စည်း (ပြန်) ရောင်းနိုင်ပါပြီ။ နိုင်ငံလုံခြုံရေးအတွက် အန္တရာယ်ကြီးကြီးမားမား မရှိတဲ့ ပစ္စည်းမျိုးတွေပဲ ပြောတာပါ”လို့ သမ္မတ ထရမ့်က ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ပြုလုပ်ခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ဇွန်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထရမ့်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက်မှာ ထရမ့်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ တရုတ်နဲ့ အစည်းအဝေးမှာ ကုန်သွယ်ရေးစစ်ပွဲ ရပ်ဆိုင်းထားဖို့နဲ့၊ တရုတ် ကုန်ပစ္စည်းတွေအပေါ် သွင်းခွန် ထပ်တိုးမယ့်အစီအစဉ်ကို အချိန် အကန့်အသတ် မရှိ ရပ်ဆိုင်းဖို့ သဘောတူညီမှု ရှိခဲ့ပါတယ်။
အပြန်အလှန်အနေနဲ့ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံထုတ် စိုက်ပျိုးမွေးမြူရေး ပစ္စည်းတွေကို ပမာဏ အများအပြား စတင် ဝယ်ယူသွားမှာပါ။
ထရမ့်က အမေရိကန် ကုမ္ပဏီတွေအနေနဲ့ Huawei ကို ထုတ်ကုန်ပစ္စည်းပမာဏ အမြောက်အများ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ အစိုးရအမိန့်ကြောင့် မရောင်းနိုင်တော့တာကို မကျေမနပ်ဖြစ်နေတဲ့ အမေရိကန် ကုမ္ပဏီအချို့ ရှိကြောင်းလည်း ထရမ့်က ဝန်ခံပြောကြားသွားခဲ့ပါတယ်။
အမေရိကန်အစိုးရက ကုန်သွယ်ခွင့် ပိတ်ပင်တဲ့ စာရင်းထဲ ထည့်ပြီးမှာ Huawei အနေနဲ့ အကြပ်အတည်း များစွာ ရင်ဆိုင်ခဲ့ရပါတယ်။ Google က Android Apps နဲ့ Services အသုံးပြုခွင့် ရုပ်သိမ်း လိုက်သလို၊ Chip ကုမ္ပဏီ အများအပြားကလည်း Huawei ထံ တင်ပို့မှု ရပ်ဆိုင်းခဲ့ကြပါတယ်။ ဒီပြဿနာတွေကြောင့် ကုမ္ပဏီ အနေနဲ့ ရှေ့လာမယ့် ၂ နှစ်အတွင်း ကန်ဒေါ်လာ ၃၀ ဘီလျံလောက် ဆုံးရှုံးနိုင်တယ်လို့ Huawei တည်ထောင်သူ Ren Zhengfei ကိုယ်တိုင် ဝန်ခံပြောကြားခဲ့ရပါတယ်။
ယခု သမ္မတထရမ့် စကားအရဆိုရင် Huawei အနေနဲ့ သက်ပြင်းကြီးကြီး ချနိုင်တော့မှာပါ။ ဒါပေမဲ့လည်း တရုတ်နဲ့ အမေရိကန် အစိုးရအကြား နှစ်ဦးနှစ်ဖက် သဘောတူညီချက်တွေ ပျက်စီးသွားမယ်ဆိုရင်တော့ အခြေအနေတွေလည်း တမျိုး ပြန်ဖြစ်သွားနိုင်ပါသေးတယ်။
Huawei ကို မေလက ကုန်သွယ်ခွင့် ပိတ်ပင်တဲ့ စာရင်းထဲ တရားဝင် ထည့်သွင်းခဲ့တဲ့ အမေရိကန် ကုန်သွယ်ရေးဌာနကတော့ ထရမ့်ရဲ့ စကားအပေါ် ပြန်လည် တုံ့ပြန်ခြင်း မရှိသေးပါဘူး။ Huawei ရဲ့ တရားဝင် Twitter အကောင့်တခုမှာတော့ ဒေါ်နယ်ထရမ့်ရဲ့ ခွင့်ပြုစကားကို “တဆစ်ချိုး အလှည့်အပြောင်း”လို့ မှတ်ချက်ပေးထားပါတယ်။
Ref: CNN, Tech Crunch
You may also like these stories:
Google နဲ့ Facebook Apps တွေ သုံးမရတော့ရင် ငွေအပြည့် ပြန်အမ်းမယ်လို့ Huawei ပြော
ကိုယ်ပိုင် HongMeng OS သုံး ဖုန်းပေါင်း ၁ သန်းကျော်ကို Huawei တင်ပို့ထားပြီးဖြစ်
အမေရိကန်က ပိတ်သော်လည်း ဟွာဝေးကို မြန်မာ ကြိုဆို
ဟွာဝေးကို အမေရိကန်တို့ လျှော့တွက်ထားကြောင်း တည်ထောင်သူ ပြော
မေရိကန်က Huawei ပိတ်ပင်ထားမှုကို ခေတ္တ ဖြေလျော့ပေး