ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၈ ရက်နေ့ ကော့မှူးမြို့နယ် မဲဆွယ်ခရီးစဉ်အား ကျန်းမာရေးဝန်ကြီးဌာနက သဘောမတူသဖြင့် ဖျက်သိမ်းကြောင်း ယနေ့အွန်လိုင်း ထုတ်လွှင့်သည့် အစီအစဉ်တွင် ၎င်းက အတည်ပြုသွားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က “မူလကဆိုရင် ဒီနေ့ညနေရန်ကုန်ဆင်းပြီးတော့ မဲဆန္ဒနယ် ကော့မှူးကိုဆင်းဖို့၊ နောက် ဆိတ်ကြီး-ခနောင်တိုမှာလည်း နိုင်ငံတော်အလုပ်တခုလုပ်ဖို့ရှိပါတယ်၊ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးက ခရီးသွားတာ သဘောမတူဘူးဆိုလို့ ကျမဒါကိုဖျက်သိမ်းလိုက်ပါတယ်။ ဒီအချိန်မှာ ကျမတို့နိုင်ငံက အာဏာအရှိဆုံးက ကျန်းမာရေးဝန်ကြီးဌာနဖြစ်နေတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေကို ကျမတို့ တိတိကျကျ လိုက်နာဖို့လိုတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သဘောမတူတဲ့ကိစ္စတွေကို ကျမတို့မလုပ်ဖို့ဘဲ” ဟု ပြောသည်။
ယမန့်နေ့က ၎င်း၏ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ နေအိမ်တွင် နေထိုင်သူ ၂ ဦးထံမှ Covid-19 အတည်းပြုလူနာတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ စီစဉ်ထားသည့် ခရီးစဉ်အား ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
ပိုးတွေ့လူနာ ၂ ဦးတွင် တဦးသည် ကော့မှူးမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့မနက် ထုတ်ပြန်ကြေညာချက်တွင်လည်း ကော့မှူးမြို့နယ်မှ Covid-19 ရောဂါ အတည်ပြုလူနာ ၃ ဦးထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့ကြား ဆက်စပ်မှုရှိမရှိ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် စတင်မဲဆွယ်နိုင်မည့်ရက်အား စက်တင်ဘာ ၈ ရက်နေ့ကို သတ်မှတ်ထားပြီး မဲဆွယ်စည်းရုံရာတွင် လူ ၅၀ ဦးထက်မပိုရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
သမ္မတနှင့် အတိုင်ပင်ခံတို့ ရွေးကောက်ပွဲ ရန်ကုန်တွင် သွားရောက်ယှဉ်ပြိုင်မည်
ရခိုင်ပြည်နယ်တွင် ရိက္ခာမပြတ်စေရဘူးဟု ဒေါ်အောင်ဆန်းစုကြည် အာမခံ