ရခိုင် အင်အားကြီးပါတီ ၁ ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ ANP သည် ယမန်နေ့က ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး အထွေထွေ ရွေးကောက်ပွဲအပြီး မဲရလာဒ်များအရ ခိုင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ၁၅ နေရာတို့ တွင် အနိုင်ရထားပြီ ဖြစ်ကြောင်း ပါတီ ထိပ်ပိုင်းခေါင်းဆောင်များထံမှ သိရသည်။
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက “ လောလောဆယ် ကျနော်တို့ရထားတဲ့ စာရင်းအရဆိုရင် ANP ဟာ ပြည် နယ် လွှတ်တော်မှာ ၇ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၄ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၄ နေရာ စုစုပေါင်း ၁၅ နေရာ အနိုင်ရထားပြီးလို့ အကြမ်းဖျင်းအားဖြင့် စာရင်းဇယားတွေအရ သိရပြီ ” ဟု ဧရာဝတီသို့ ပြောသည်။ျ
လက်ရှိတွင်မှု ရွေးကောက်ပွဲ၏ မဲစာရင်း ရလာဒ်များကို သက်ဆိုင်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးရာ သက်ဆိုင်ရာပါတီများက ၎င်းတို့၏ မဲရလာဒ်များကို ရပ်ကွက်ကျေးရွာတို့မှ ရရှိခဲ့သော စာရင်းများကို ကိုးကားပြီးပြောဆိုနေရခြင်းဖြစ်သလို မဲအရေအတွက် အတိအကျကို မပြောနိုင်သော်လည်း သေချာသည့် အခြေအနေဖြစ်ကြောင်း အနိုင်ရပါတီများက ယုံကြည်နေသည်။
ဆက်လက်ပြီး ဦးသာထွန်းလှက “ အခု ရရှိထားတဲ့ စာရင်းဇယားတွေကတော့ မြို့နယ်မှာ ရှိတဲ့ ပါတီကော်မတီတွေက အဲဒီမှာရှိတဲ့ သူတို့ မဲရုံတွေကနေ ရရှိထားတဲ့ စာရင်းဇယားတွေကို တွက်ချပြီးတော့ သိရတာ။ UEC ဘက်က တရားဝင် မထုတ်ပြန်သေးပေမယ့်လည်း သေချာတဲ့ အခြေအနေတော့ ရှိတယ်လို့ ပြောလို့ရတယ် ” ဟု ဆိုသည်။
အဆိုပါ ANP အနိုင်ရရှိထားသည့် လွှတ်တော်နေရာ ၁၅ ခုမှာ ရခိုင်ပြည်နယ်လွှတ်တော် စစ်တွေမြို့နယ်တွင် ၂ နေရာ၊ ရမ်းဗြဲမြို့နယ်တွင် ၂ နေရာ၊ မာန်အောင်မြို့နယ်တွင် ၂ နေရာနှင့် တောင်ကုတ်မြို့နယ်တွင် ၁ နေရာ စုစုပေါင်း ၇ နေရာတို့ ဖြစ်ကြပြီး ပြည်သူ့လွှတ်တော်နေရာတွင် စစ်တွေမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ မာန်အောင်မြို့နယ်နှင့် ရမ်းဗြဲမြို့နယ် စုစုပေါင်း ၄ နေရာတို့ဖြစ်သလို အမျိုးသားလွှတ်တော်နေရာတွင် ကျောက်ဖြူနှင့် မာန်အောင် ၁ နေရာ၊ အမ်းနှင့် ရမ်းဗြဲ ၁ နေရာ၊ စစ်တွေ ၁ နေရာနှင့် တောင်ကုတ် ၁ နေရာ စုစုပေါင်း ၄ နေရာတို့ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူတို့ထံမှ သိရသည်။
ယင်းသို့ အနိုင်ရနေရာများမှာ ယခင်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က အနိုင်ရရှိခဲ့သည့် တောင်ပိုင်း မြို့နယ်မှ တောင်ကုတ်၊ မာန်အောင် မဲဆန္ဒနယ်တို့ ပါဝင်လာနေသည်ကို တွေ့ရသည်။
ယမန်နေ့ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်နယ်လွှတ်တော်တွင် ၁၃ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၈ နေရာနှင့်၊ အမျိုးသားလွှတ်တော်တွင် ၅ နေရာ စုစုပေါင်း ၂၆ နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် အထဲမှ ၁၅ နေရာ အနိုင်ရထားခြင်းပြီး ကျန်နေရာတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့က အနိုင်ရထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နေရာတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က အနိုင်ရရှိထားရာ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက “အမ်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားနဲ့ ပြည်နယ်လွှတ်တော် အမှတ် ၁ ဆိုပြီးတော့ ၃ နေရာပြိုင်တာ။ ပြည်သူ့လွှတ်တော်က နိုင်တယ်။ ပြည်နယ်လွှတ်တော် အမှတ် ၁ မှာလည်း နိုင်တယ်လို့ သိထားပြီ။ အမျိုးသားလွှတ်တော်မှာတော့ အမ်းနဲ့ ရမ်းဗြဲဖြစ်တယ်။ အမ်းက အားကောင်း ပေမယ့် ရမ်းဗြဲ မဲကိုတော့ စောင့်ကြည့်ရအုံးမယ်။ ဒါတွေကိုလည်း မဲရုံရဲ့ စာရင်းရလဒ်အသီးကို ကြည့်ပြီးတော့ ပြောတာ ဖြစ်တယ် ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့က ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။