ကင်ဆာဝေဒနာ ခံစားနေချိန်မှာ အမြဲခွန်အားပေးတဲ့ အမျိုးသားအကြောင်း ပြောပြတဲ့ မီးမီးခဲ
ကင်ဆာရောဂါ ဝေဒနာကို ခံစားနေရတဲ့ အဆိုတော် မီးမီးခဲက သူ ဖြတ်သန်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေကို အခုလိုပဲ ပြောပါတယ်။
“ဆရာဝန်က ကျမကို ကင်ဆာဖြစ်နေပြီ၊ သေတော့မယ်ပဲ ပြောတယ်။ ၅ နှစ်တောင် ခံမယ် မပြောဘူး။ ကျမရော၊ အမျိုးသားရော ပူထူပြီးတော့ ငိုတာပေါ့။ ကလေးတွေကလည်း ငယ်သေးတယ်။ ကျမက စိတ်မာတဲ့သူဖြစ်တော့ ဘဝမှာလည်း ကြမ်းတမ်းတာတွေ ကြုံခဲ့ရတဲ့သူဆိုတော့ အမျိုးသားက ဘေးနားကနေပြီးတော့ သေမယ်ဆိုတဲ့ အရာကို မတွေးဘဲ အသက်ရှင်မယ့် အရာကိုပဲ တွေးကြည့်ရအောင်တဲ့။ ကျမ အဲ့စကားနဲ့ ထလာနိုင်တာပေါ့”လို့ မီးမီးခဲက ပြောပါတယ်။
ဆက်လက်ပြီး မီးမီးခဲက လက်ရှိ အမျိုးသားဖြစ်သူကလည်း သူ့အပေါ် ဘေးကနေ အမြဲ ခွန်အားပေးတယ်လို့ ဆိုပါတယ်။
“အမျိုးသားကလည်း စာဖတ်တယ်၊ အေးအေးဆေးဆေးသမား။ အတွေးအခေါ်က ရင့်ကျက်တယ်။ ကျမ အသက်ရှင်နိုင်မယ့် လမ်းကြောင်းလေးတွေ ရှာကြည့်ပေးတယ်။ ကင်ဆာက ဘာလုပ်ရမယ်၊ ဘာစားရမယ်။ ဆေးသွင်းမယ်ဆိုရင်လည်း အိမ်မှာနေမယ့်အစား အပြင်ခေါ်သွားပေးတယ်။ အမျိုးသားကလည်း ဘေးနားမှာ အမြဲခွန်အားပေးတယ်”
“အမျိုးသား မိဘတွေကလည်း ကျမ အတိတ်ကို နားလည်ပေးသလို ကျမလက်ရှိ ဖြစ်ပျက်နေတာကိုလည်း ကူညီ လုပ်ဆောင်ပေးတယ်။ ဟိုမှာ ကလေးထိန်းမယ့်သူ မရှိလည်း ယောက္ခမက ကူထိန်းပေးတယ်။ ကျမ ဆံပင်တွေ ကျွတ်ပြီး ခေါင်းတုံးတုံးတော့လည်း အမျိုးသားကိုယ်တိုင်ပဲ တုံးပေးတယ်။ ကျမကို သူ့မျက်စိထဲမှာ လှတယ်တဲ့။ စိတ်ချမ်းသာအောင်ပြောပေးတာနဲ့တင် စိတ်ဓာတ် ခွန်အားရတယ်။ သူ့ကို ကျေးဇူးတင်တယ်”လို့ မီးမီးခဲက ပြောပါတယ်။
ကိုယ်တိုင်က ကင်ဆာရောဂါသမား ဖြစ်နေတာကို မိသားစုဝင် သမီးလေးတွေက သိထားပြီး ဘဝတူ ရောဂါသည်တွေအပေါ်လည်း မီးမီးခဲက အခုလို အားပေးစကား ပြောပါတယ်။
“ကိုယ်တိုင်ကလည်း ကင်ဆာသမားလို မနေချင်ဘူး။ ကင်ဆာ ဖြစ်နေတာကို မပြောချင်ဘူး။ အခုလို ပြောရတာ ကျမလိုမျိုး နေတတ်ဖို့ ကျမလို ရောဂါသည်တွေအတွက် ခွန်အားပေးနေတာပါ။ သေရတော့မယ်ဆိုတော့ အရမ်းအံ့သြတယ်။ မသေချင်ဘူး။ ကျမ ကင်ဆာဖြစ်နေတာတော့ သမီးကြီးလည်း သိတယ်၊ သမီးငယ်လေး လည်းသိတယ်။ အငယ်ဆုံး ကလေးလေးတော့ မသိဘူးပေါ့”
“ကျမရောဂါက ရင်သားကင်ဆာ အဆင့် (၄)၊ ရင်သားကင်ဆာဖြစ်ရာကနေ ကျောရိုးထဲက ပျံ့သွားတယ်။ အခုချိန်မှာတော့ ထိန်းချုပ်ပြီး ကုသနေရတာ ဖြစ်တယ်။ ကုသနေချိန်မှာပဲ ခေါင်းနဲ့ လည်ပင်းမှာ ထပ်ပေးလာတယ်။ ကီမို ၆ ခါ၊ ဓာတ် ၁၂ ခါ ကင်ပြီးသွားပြီ။ အခုချိန်ထိ ဆုတောင်းပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်။ ကျမ အခုတော့ Back To You လို့ နာမည်ပေးထားတဲ့ First Solo Show ပွဲအတွက် အားတင်းထားတယ်။ ပွဲပြီးရင်တော့ နားမယ်”လို့ မီးမီးခဲက ပြောပါတယ်။
အဆိုတော် မီးမီးခဲကတော့ နိုင်ငံကျော် တေးရေးဆရာကြီး စောဘွဲ့မှူးရဲ့ သမီးငယ်ဖြစ်ပြီး အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမ ဖြစ်ပါတယ်။ မီးမီးခဲရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ Taw Win Garden ဟိုတယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
You may also like these stories:
ရထားသံလမ်းဘေးမှာ သီချင်းဆိုရင်း နိုင်ငံကျော်ခဲ့သူ အိန္ဒိယက အဘွား Ranu Mondal
ထွန်းအိန္ဒြာဗိုရဲ့ “သေခန်းပြတ်ပဲ သူငယ်ချင်း” သီချင်းကို ပြန်ဆိုထားတဲ့ ပိုးမီ
“အသက်ရှင်မယ့်သူ” အခွေထွက်ဖို့ ၅ နှစ်လောက် အချိန်ယူခဲ့ရတဲ့ အဆိုတော် လိမ္မော်သီး