လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် မဲဆန္ဒရှင်များရဲ့ မဲစာရင်းကိုတော့ ဇူလိုင် ၂၅ ရက်နေ့က သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှာ ဖော်ပြပေးထားပြီး မဲစာရင်း အမှားအယွင်းများစွာ ရှိနေတယ်လို့ သိရပါတယ်။
တချို့ကတော့ မဲစာရင်းသွားကြည့်ရန်အတွက် စိတ်မဝင်စားသူတွေလည်း ရှိနေကြတဲ့အတွက် အနုပညာရှင်များက မဲစာရင်း သွားရောက် ကြည့်ရှုရန်အတွက် တိုက်တွန်းထားပါတယ်။
ဇဏ်ခီ
“အားလုံး မဲစာရင်းတွေ သွားပြီးတော့ မစစ်ရသေးရင် စစ်ကြပါဦးလို့ ကျနော် သတိပေးတာပါ။ ၇ ရက်နေ့အထိပဲ စစ်လို့ရတယ်လို့လည်း ကြားပါတယ်။ ၇ ရက်နေ့ နောက်ပိုင်းဆိုရင် ကိုယ့်နာမည် ပါမလာခဲ့သည်ရှိသော် ဘာမှပြန်လုပ်ပေးလို့ မရတော့ဘူး။ တကယ် မဲပေးချိန်ရောက်ရင် မဲပေးခွင့် မရှိတော့မှာစိုးလို့ပါ။ အဲဒါဆိုရင်တော့ အင်မတန် နစ်နာတယ်ပေါ့”
“အခုဆိုရင်ကျနော်ကြားတာ မဲစာရင်းတွေ သွားကြည့်တဲ့အထဲမှာ နာမည်မပါတာတွေ ရှိတယ်။ တချို့ဆို မိသားစုလိုက်ကြီးကို နာမည်မပါတဲ့သူ ရှိတယ်ဆိုတော့ ဒါလေးက သေချာ စိစစ်ပြီးတော့ လုပ်ပေးကြပါဦးလို့။ အင်မတန် အရေးကြီးလို့ပါ။ Error များပြီးတော့ မဲပေးခွင့် မရှိတဲ့သူများလာပြီဆိုရင် ကျနော်တို့ မလိုလားအပ်တဲ့ အစိုးရဖွဲ့စည်းပုံမျိုး ဖြစ်သွားလိမ့်မယ်။ အခုလူတွေ ပြောနေတဲ့ညွှန့်ပေါင်းအစိုးရလိုမျိုး ဖြစ်သွားလိမ့်မယ်။ တခြားအစိုးရတွေနဲ့ အလုပ်တွေတွဲပြီး လုပ်သွားရတာမျိုးပေါ့”
ဖြူဖြူကျော်သိန်း
“၂၀၂၀ ရွေးကောက်ပွဲကြီးမှာ မဲပေးဖို့ မဲစာရင်းစစ်ပြီးကြပြီလား။ ဩဂုတ် ၇ ရက်နေ့ နောက်ဆုံးတဲ့။ ၅ နှစ်တခါမှ ပေးခွင့်ရတဲ့ အသဲကြားက မဲတပြားမို့ လက်လွတ်ခံလို့ မဖြစ်ဘူးနော်။ ဒီနှစ်မှာ ၁၈ နှစ်ပြည့်တဲ့ မောင်လေး၊ ညီမလေးတွေလည်း ပထမဆုံး မဲပေးရမယ့် အတွေ့အကြုံအတွက် ရင်ခုန်နေကြပြီထင်တယ်။ ဒါ တာဝန်ယူတတ်တယ်ဆိုတဲ့ လူကြီးဖြစ်ခြင်းရဲ့ အထိမ်းအမှတ် တခုပဲလေ။ မြန်မြန်လေးလှုပ်ရှားလိုက်ကြပါဦး”
မီမီဝင်းဖေ
“တယောက်နဲ့ တယောက် လက်ဆင့်ကမ်းပြီးတော့ မဲစာရင်းစစ်ဖို့ကို ဝိုင်းပြီးတော့ ဆော်သြပေးစေချင်ပါတယ်။ မဲစာရင်း မှန်မှန်ကန်ကန် ဖြစ်မှလည်း မဲပေးခွင့်ရမှာမို့လို့ပါ။ တိုက်တွန်းပါတယ်”
ယုန်လေး
“ကိုမောင်မောင်အေးက အကူအညီတောင်းတဲ့အတွက် ဒီကမ်ပိန်းလေးမှာ ပါဝင်ပေးတာပါ။ ဒီ ၇ ရက်နေ့ဆိုရင် မဲစာရင်းက နောက်ဆုံးဖြစ်ပါပြီ။ အဲ့တော့ အကုန်လုံး နီးလည်းနီးနေပြီ ဆိုတဲ့အတွက် မပျက်မကွက် သွားပေးသင့်တယ် ထင်ပါတယ်။ ၅ နှစ်မှ တကြိမ်ဆိုတော့ သွားပေးရမယ်လို့ ထင်ပါတယ်။ ဘယ်ဘက်ကို ပေးပေးပါ။ ကြိုက်တဲ့ဘက်ကို ပေးပါ။ ဒါဟာ ဒီမိုကရေစီဆိုတော့ ကြိုက်တဲ့ဘက်ကို ပေးလို့ရပါတယ်”
“ကိုယ်နဲ့ အမြင်ချင်း မတူတာနဲ့ ရန်ဖြစ်စရာအကြောင်း မရှိပါဘူး။ မဲစာရင်းက အမှားအယွင်းတွေ ရှိနေနိုင်ပါတယ်။ ရပ်ကွက်ရုံးမှာ သေချာလေး သွားစစ်ပေးပါ။ ကိုယ့်နာမည် ပါ၊ မပါကို မဲစာရင်းစစ်ဖို့တိုက်တွန်းချင်ပါတယ်”လို့ အဆိုတော် ယုန်လေးက ပြောထားပါတယ်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ UEC ပြော
တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော