ကိုရီးယား tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့တဲ့ “Hospital Playlist” ဇာတ်လမ်းတွဲ Season 2 ရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အစောဆုံးအနေနဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ စတင် ရိုက်ကူးသွားမှာပါ။
သတင်းတွေမှာ ဖော်ပြချက်အရ ထုတ်လုပ်ရေးအဖွဲ့ဟာ Season 2 မှာ ပါဝင်လာမယ့် ဇာတ်ပို့နဲ့ အရံ သရုပ်ဆောင်တွေကို ရွေးချယ်နေပြီး မကြာခင် တရားဝင် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ရိုက်ကူးရေးကိုတော့ ဒီဇင်ဘာလဆန်းပိုင်းမှာ စတင်မယ်လို့ ခန့်မှန်းထားပြီး၊ Season 1 က အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Jo Jung Suk, Yoo Yeon Seok, Jung Kyung Ho, Kim Dae Myung နဲ့ Jeon Mi Do တို့အပြင် ဇာတ်ပို့ဇာတ်ရံ အသစ်တွေပါ ပါဝင်လာဖို့ ရှိပါတယ်။
tvN ရုပ်သံလိုင်းက “Hospital Playlist ဇာတ်လမ်းတွဲ Season 2 ရိုက်ကူးရေးအတွက် ကြိုးစားပြင်ဆင်နေကြပါတယ်။ လောလောဆယ်တော့ ရိုက်ကူးရေးစမယ့် ရက်အတိအကျကို မကြေညာနိုင်သေးပါဘူး။ အားလုံးလည်း နားလည်ပေးမယ် ထင်ပါတယ်” လို့ ပြောကြားသွားပါတယ်။
“Hospital Playlist” ဇာတ်လမ်းတွဲ Season 2 ကို ၂၀၂၁ ခုနှစ်မှာ ပြသဖို့ အစောပိုင်းတည်းက ကြေညာထားခဲ့တာပါ။ Season 1 စပြစဉ်တည်းက လူကြိုက်များတဲ့ ဇာတ်လမ်းတွဲ ဖြစ်ခဲ့သလို၊ အဓိကဇာတ်ကောင် တဦးချင်းစီရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရှုနှုန်းမြင့်တဲ့ ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ်။
ဆေးကျောင်း အတူတူတက်ရင်း ရင်းနှီးလာခဲ့ကြတဲ့ သူငယ်ချင်း ၅ ယောက် နှစ် ၂၀ ကြာတဲ့အခါ ဆေးရုံတရုံတည်း အတူတူ အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အတူတူ ပြန်ဆုံချိန်မှာ ကျောင်းတုန်းက ဝါသနာပါရာ ဂီတအဖွဲ့ လေးကိုပါ ပြန်အသက်သွင်းရင်း ပုံဖော်ခဲ့ကြပါတယ်။
တွေ့မြင်နေကျ ဆေးလောကအခြေခံ ဇာတ်လမ်းတွဲတွေနဲ့ ကွဲထွက်ပြီး တယောက်ချင်းစီရဲ့ နေ့စဉ်ဘဝတွေမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို ရောယှက် ရိုက်ကူးထားတာပါ။ နေ့စဉ်ဘဝမှာ ရှုံးနှိမ့်မှု၊ အောင်မြင်မှုတွေကို အတူတူ ခံစားရင်း နှစ် ၂၀ ကျော်ကြာ သူငယ်ချင်းသံယောဇဉ် ရင်းနှီးချစ်ချင်မှုတွေကို အသားပေး ရိုက်ကူးထားတဲ့ Melodrama အမျိုးအစား ဖြစ်ပါတယ်။
“Hospital Playlist” ကို “Reply 1997” ၊ “Reply 1994” ၊ “Reply 1988” တို့မှာ အတွဲညီခဲ့တဲ့ ဒါရိုက်တာ Shin Won Ho နဲ့ ဇာတ်ညွှန်းဆရာ Lee Woo Jung တို့နှစ်ယောက် စီစဉ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
Ref: Soompi