စစ်အာဏာရှင် တော်လှန်ရေးအတွက် လက်နက်ကိုင် နယ်မြေတခုကို ရောက်ရှိနေတဲ့ လူရွှင်တော် ဟားငါးကောင် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှု တတိယလှိုင်း ဆိုးရွားစွာ ကြုံတွေ့နေရတဲ့အပေါ် “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”လို့ ဆိုလိုက်ပါတယ်။
“အခုချိန် ကျနော်တို့ မြန်မာပြည်ကြီးမှာ COVID-19 ရောဂါ အင်မတန် ဆိုးရွားနေတာကို မြင်ရ၊ ကြားရတယ်။ Facebook မှာ စာတွေ ဖတ်ရတယ်။ ကျနော်တို့ ညီအစ်ကို ၅ ယောက် စိတ်ထဲမှာ တကယ် မကောင်းပါဘူး။ ကျနော်တို့ကို စနစ်တကျ လက်ဆေးပြ၊ Mask တပ်ပြတဲ့ အမေအိုကြီးကို ခင်ဗျားတို့၊ ကျနော်တို့ လွမ်းနေပြီဆိုတာ မငြင်းပါနဲ့ဗျာ”လို့ လူရွှင်တော် ပိုးလေးက ပြောပါတယ်။
COVID-19 ရောဂါကို ထိန်းချုပ်ရင်း၊ Mask တပ်၊ လက်ဆေးရင်း စစ်အာဏာရှင်ကို တော်လှန်ကြမယ်လို့ လူရွှင်တော် တိုးကျော်က ဆိုပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ကျနော်တို့ ချစ်ရတဲ့ ၇ ရက် သားသမီးများအားလုံး အာဏာရှင်ကို တော်လှန်တဲ့ နေရာမှာ လက်ဆေးရင်း၊ Mask တပ်ရင်း တော်လှန်ကြမယ်။ COVID-19 ရောဂါကို ထိန်းချုပ်ရင်း တော်လှန်ကြမယ်။ သြော်ဒါနဲ့ စစ်ကားကြီးပေါ်မှာ PPE ဝတ်စုံကြီး ဝတ်ပြီး သေနတ်ကြီး ကိုင်ထားတာ ခင်ဗျားတို့ လိပ်ပြာလုံရဲ့လား”လို့ တိုးကျော်က ပြောပါတယ်။

ဆက်လက်ပြီး လူရွှင်တော် ဝိုင်းကျော်နဲ့ ပြည်ကျော်တို့က COVID-19 ရောဂါကို ပြည်သူ့အစိုးရနဲ့ အတူ ပြည်သူတွေ လက်တွဲပြီး မောင်းထုတ်ပြမယ်လို့ ဆိုပါတယ်။
“အခုလို COVID-19 ရောဂါ ထိန်းချုပ်မရအောင် ကူးစက်ပြီး ပြည်သူတွေ သေနေတယ်ဆိုတာ မင်းအောင်လှိုင် အာဏာရူးလို့ပဲ။ သူသာ အာဏာ မရူးဘူးဆိုရင် ကျနော်တို့ ပြည်သူတွေ အခုလို မဖြစ်ဘူးဆိုတာ ကျနော်တို့ ယုံကြည်တယ်”လို့ ဝိုင်းကျော်က ဆိုပါတယ်။
“ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ထည့်လိုက်ပါ။ ကြောက်စရာ ကောင်းလောက်အောင် သေနေတဲ့ COVID-19 ရောဂါကို ပြည်သူ့အစိုးရနဲ့အတူ ပြည်သူတွေက ဝိုင်းဝန်း လက်တွဲပြီး မောင်းထုတ်ပြမယ်။ မယုံမရှိနဲ့ ကိုယ့်လူ”လို့ ပြည်ကျော်က ပြောပါတယ်။

ပြည်သူကို တကယ် စေတနာထားတယ်ဆိုရင် ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးပါလို့ လူရွှင်တော် တိုင်းကျော်က ပြောပါတယ်။
“ခင်ဗျားတို့ အခု အခက်အခဲ ဖြစ်နေတယ်ဆိုတဲ့ ဆရာဝန်တွေ၊ ခင်ဗျားတို့ကို လုံးဝ (လုံးဝ) မယုံကြည်လို့ တပြားတချပ်မှ မကူညီ မလှူဒါန်းတဲ့ အလှူရှင်တွေ၊ Volunteer တွေ၊ ကျန်းမာရေးကို ကျွမ်းကျင်တဲ့ မျိုးဆက်သစ် လူငယ်တွေ၊ နောက်ဆုံး ကုန်ကုန်ပြောမယ်ဗျာ။ ကမ္ဘာကနေ ဝိုင်းဝန်း လှူဒါန်းပြီး မြန်မာနိုင်ငံကို ပံ့ပိုးဖို့အတွက် ပြည်သူကို တကယ် စေတနာထားတယ်ဆိုရင် ပြည်သူ့အာဏာ ပြည်သူ့ ပြန်ပေး”လို့ တိုင်းကျော်က ပြောပါတယ်။

လူရွှင်တော် “ဟားငါးကောင်” အဖွဲ့မှာ တိုင်းကျော်၊ တိုးကျော်၊ ပိုးလေး၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်ပြီး၊ သူတို့ဟာ စစ်အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ကိုင် နယ်မြေကို ရောက်ရှိနေကြသူတွေ ဖြစ်ပါတယ်။
You may also like these stories:
အသဲမာစပြုနေပြီဆိုတဲ့ တချိန်တုန်းက ပျော်တော်ဆက် “ဟားငါးကောင်အဖွဲ့”
“ကိုယ့်အသိစိတ်နဲ့ကိုယ် တိုင်းပြည်ကို ချစ်လို့ ဓမ္မဘက်က ရပ်တည်နေကြတာ”
လိုအပ်တဲ့အချိန်ကျရင် ပြည်သူတွေအတွက် လက်နက်ကိုင်မှာပါ