ကမ္ဘာပေါ်မှာ COVID-19 ရောဂါ ကူးစက်မှု အများဆုံး တတိယနေရာမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ၂၄ နာရီအတွင်း ကူးစက်မှုပေါင်း ၇ သောင်းကျော်နဲ့ စံချိန်တင် ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နဲ့ ဘရားဇီးနိုင်ငံပြီးရင် အိန္ဒိယနိုင်ငံဟာ ကူးစက်မှုအများဆုံး ဖြစ်နေပေမယ့်လည်း နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းတွေကိုတော့ ပိတ်တာမျိုး မရှိသေးပါဘူး။
သြဂုတ်လ ၃၀ ရက်နေ့ တရက်တည်းမှာတင် ကူးစက်မှုပေါင်း ၇၈,၇၆၁ ခုနဲ့ ၂၄ နာရီအတွင်း ကမ္ဘာပေါ်မှာ ကူးစက်မှု အများဆုံး စံချိန်ဖြစ်လာခဲ့တာပါ။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော် နေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၃ ဒသမ ၅ သန်း ကျော်လွန်သွားပါပြီ။
ကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၆၃,၀၀၀ ကျော်ပြီလို့ ဖော်ပြထားပါတယ်။ ယခင်က ၂၄ နာရီအတွင်း ကူးစက်မှု စံချိန်ကတော့ အမေရိကန်နိုင်ငံမှာ ဇူလိုင်လ ၁၇ ရက်နေ့က ၇၇,၆၃၈ ခုနဲ့ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မိုဒီရဲ့ လစဉ် ရေဒီယို မိန့်ခွန်းမှာ အဆိုပါ စံချိန်တင် ကူးစက်မှုနဲ့ ပတ်သက်ပြီး ဘာမှထင်မြင်ချက် မပေးခဲ့ပေမယ့် ကျန်းမာရေးအသိ ရှိကြဖို့ အိန္ဒိယပြည်သူတွေကို တိုက်တွန်းထားပါတယ်။ “အိန္ဒိယပြည်သူတိုင်း ကျန်းမာ ပျော်ရွှင်ဖို့နဲ့ COVID-19 ကို အတူတကွ အပြီးတိုင် အနိုင်ယူသွားမယ်” လို့ ပြောကြားခဲ့ပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ယူဖို့ဆိုရင် တယောက်နဲ့ တယောက် ၆ ပေအကွာမှာ နေမယ်၊ နှာခေါင်းစည်း Mask တပ်ကြဖို့ လိုပါတယ်” လို့ ဝန်ကြီးချုပ် မိုဒီက ထည့်သွင်းပြောကြားသွားပါတယ်။
ကျွမ်းကျင်သူတွေက ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေ အများဆုံးနိုင်ငံကြီးမှာ ကူးစက်မှုတွေကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ဖို့ လိုအပ်တယ်လို့ အကြံပြုပါတယ်။ COVID-19 ကူးစက်မှုဒဏ်ကို အိန္ဒိယရဲ့ စီးပွားရေးမြို့ မွမ်ဘိုင်းနဲ့ မြို့တော် ဒေလီမှာ အများဆုံး ရိုက်ခတ်ခံနေရပါတယ်။
ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင် ဒေါက်တာ ရှီဝါဒီကတော့ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူသေဆုံးမှု လျော့နည်းအောင် အာရုံစိုက်သင့်တဲ့အပြင် လက်ရှိထက် အရေအတွက်များများ စစ်ဆေးနိုင်အောင် လုပ်ပေးသင့်တယ်လို့ အကြံပြုထားပါတယ်။
အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်မှု တဖြည်းဖြည်း မြင့်တက်လာတာဟာ မတ်လနှောင်းပိုင်း စီးပွားရေး လုပ်ငန်းတွေ ပြန်ဖွင့်နိုင်အောင် Lockdown ကန့်သတ်ချက်တွေ ဖြေလျှော့ပေးရာက အစပြုခဲ့တာပါ။ ကိုဗစ်ကြောင့် Lockdown ကန့်သတ်လိုက်ချိန်တုန်းက အလုပ်လက်မဲ့ သန်းနဲ့ချီ ဖြစ်ခဲ့ရပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံတွင်းမှာ Social distancing အရ နေပြီး နှာခေါင်းစည်း Mask တပ်မယ်ဆိုရင် လူဦးရေ ၁၀၀ အထိ စုဝေးခွင့်ပြုထားပါတယ်။ ကျောင်းတွေကတော့ ပိတ်ထားဆဲဖြစ်ပေမယ့် ကျောင်းသားတွေအနေနဲ့ ဆရာမနဲ့ တိုင်ပင် ဆွေးနွေးချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာ တွေ့ဆုံနိုင်တယ်လို့ ဆိုပါတယ်။
Ref: Japan Times
You may also like these stories:
ကိုဗစ် ကူးစက်မှုဒဏ် ခံနေရတဲ့ အန္ဒမန်ကျွန်းပေါ်က မျိုးနွယ်စုဝင်များ
အမေရိကန်မှာ ကိုဗစ် ကူးစက်သူ ၆ သန်းကျော် ရှိလာ
ကိုရိုနာဗိုင်းရပ်စ်ဟာ အေးခဲအသားနဲ့ ငါးတွေမှာ ၃ ပတ်ကြာ အသက်ရှင်နိုင်