ကမ္ဘာအနှံ့ COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့အတွက်ကြောင့် တရုတ်နယ်စပ်က ခိုးဝင်လာသူတွေကို မြောက်ကိုရီးယားအာဏာပိုင်တွေက ပစ်မိန့်ပေးထားတယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ COVID-19 ပြီးဆုံးချိန်ကာလအထိ အကျုံးဝင်မှာဖြစ်ပြီး ကုန်ပစ္စည်း မှောင်ခိုတင်သွင်းမှုကိုလည်း တားမြစ်နိုင်မယ်လို့ မြောက်ကိုရီးယားအစိုးရက ယုံကြည်ထားပါတယ်။
အစိုးရက တင်းကျပ်တဲ့စည်းကမ်း ထုတ်ပြန်ထားပေမယ့်လည်း တရုတ်နိုင်ငံ နယ်စပ်အနီးမှာ နေထိုင်ကြတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကတော့ ပြဋ္ဌာန်းဥပဒေကို ချိုးဖောက်ပြီး ကုန်ပစ္စည်း မှောင်ခိုတင်သွင်းမှုတွေ ရှိနေတယ်လို့ ဒေသခံ သတင်းရပ်ကွက်တွေက ပြောပါတယ်။
နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေကို ပစ်မိန့်ပေးထားတဲ့ ဥပဒေဟာ ကြာသပတေး ညဉ့်သန်းခေါင် ယံကစပြီး အသက်ဝင်လာပါတယ်။ ပြဋ္ဌာန်းဥပဒေကို အကောင်အထည် ဖော်နိုင်ဖို့ မြောက်ကိုရီးယား အစိုးရက တရုတ် – မြောက်ကိုရီးယား နယ်စပ်ဖြစ်တဲ့ Hoeryong မြို့က ရဲတပ်ဖွဲ့ကို လက်နက် အများ အပြား ပို့ဆောင်ပေးနေပါတယ်။
မြောက်ကိုရီးယားအစိုးရရဲ့ကြေညာချက်အရ တရုတ် နယ်စပ်ကနေ ဝင်ရောက်လာသူ ဘယ်သူ့ကိုမဆို မိုင်ဝက် အကွာအဝေးအတွင်း ဝင်ရောက်လာတာနဲ့ ပစ်မိန့်ပေးထားတယ်လို့ သိရပါတယ်။ ဒီလို ပစ်သတ်လို့ သေဆုံးသွားသူတွေအတွက်လည်း ဘာတာဝန်ယူစရာမှ မလိုဘူးလို့ မြောက်ကိုရီးယားအစိုးရက ပြောကြားထားပါတယ်။
နယ်စပ်မြို့က ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မိုင် ၈၈၀ ရှည်လျားတဲ့ တရုတ်နယ်စပ်ကို COVID-19 မပြီးမချင်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရအနေနဲ့ COVID-19 ကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးကို ယာယီ ဆိုင်းငံ့ထားပေမယ့် မြောက်ကိုရီးယားရဲ့ စီးပွားရေးဟာ တရုတ် မှောင်ခိုကုန်ပစ္စည်းတွေအပေါ် မှီခိုနေရဆဲပါပဲ။ ဒါကြောင့်လည်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေက ရှိနေဆဲပဲလို့ သိရပါတယ်။
လက်ရှိအချိန်ထိတော့ မြောက်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ တယောက်မှ မရှိသေးဘူးလို့ မြောက်ကိုရီးယား အာဏာပိုင်တွေက ထုတ်ပြန်ထားပေမယ့် နိုင်ငံတကာကတော့ သံသယရှိနေဆဲပါ။ နယ်စပ်ဖြတ်ကျော်တွေတဆင့် ဝင်ရောက်လာသူတွေကြောင့် မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်နိုင်တဲ့အတွက် ဒီရောဂါနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား အစိုးရအနေနဲ့ အထူး အလေးအနက်ထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Ref: RFA, Dailymail
You may also like these stories:
ကိုဗစ်အပြင် ရေပြတ်လပ်မှု ကြုံနေရတဲ့ ဆီးရီးယားနိုင်ငံ
ရဲခွေးတွေအတွက် ကျည်ကာဝတ်စုံ ထောက်ပံ့ပေးနေတဲ့ ၁၀ နှစ်အရွယ် ကလေး
တရားမဝင် ရောက်လာတဲ့ မြန်မာလုပ်သားတွေကြောင့် ထိုင်းစာသင်ကျောင်း ယာယီပိတ်ထား