ပြည်တွင်း အပတ်စဉ်ထုတ် မော်ဒန်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာနှင့် သတင်းထောက်တို့အား မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာကအသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည့် အမှုကို သပိတ်ကျင်း တရာရုံး၌ ယခုလ ၂၃ ရက်နေ့တွင် ကြားနာမည် ဖြစ်သည်။
“လမ်းကတော့ BOT စနစ်အရ ကုမ္ပဏီကို ပေးထားတယ်။ ဒီလို ပေးထားတာကို အင်ဂျင်နီယာကနေပြီးတော့ ပိုက်ဆံ ကောက်ခံခိုင်းတယ်ဆိုပြီး သူတို့ အင်ဂျင်နီယာကို မသက်ဆိုင်ဘဲနဲ့ ဂျာနယ်ထဲမှာထည့် စွပ်စွဲတယ်ဆိုပြီး အသရေဖျက်မှုနဲ့ တရားစွဲတာပါ” ဟု မော်ဒန်ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးမြင့်သွင်က ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြခဲ့သော “လမ်းလွှဲလေးတော့ ကောင်းစေချင်” သတင်းဆောင်းပါးကြောင့် သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီက တာဝန်ခံအယ်ဒီတာ ဦးဝေလျှံနှင့် သတင်းထောက် မသက်စုအောင်တို့ကို တရားစွဲဆိုခြင်း ဖြစ်သည်။
သပိတ်ကျင်းမြို့နယ်တရားရုံးက ဆင့်ခေါ်စာပေးပို့သဖြင့် မော်ဒန်ဂျာနယ် တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်တို့ ယခုလ ၆ ရက်နေ့က သပိတ်ကျင်းသို့ သွားရောက်ခဲ့ပြီး အာမခံယူခဲ့ကြသည်။
တရားရုံးသို့ တရားလို ဒေါ်နွဲ့နွဲ့ရီက လျှောက်ထားခဲ့သည့် ဦးတိုက်လျှောက်လွှာတွင် သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဆောက်လုပ်ရေးဌာန ညွှန်ကြားရေးမှူးတို့၏ ညွှန်ကြားချက်များကို ရည်ညွှန်းကာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားစွဲဆိုခိုင်းကြောင်း ရေးသားထားသည်ဟု ဦးမြင့်သွင်က ပြောသည်။
မော်ဒန်ဂျာနယ်အနေဖြင့် သတင်းနှင့်ပတ်သက်သည့် အသံဖိုင်များ ဓာတ်ပုံမှတ်တမ်းများ ရုံးတော်သို့ တင်ပြကာ အမှုရင်ဆိုင်သွားမည်ဟု မော်ဒန်ဂျာနယ်၏ အထက်မြန်မာပြည်တာဝန်ခံ ဦးကျော်ရင်မြင့်က ဆိုသည်။
“သတင်းကလည်း သတင်းအမှန် အဖြစ်အပျက်ကလည်း အမှန်ပဲဆိုတော့ ကျနော်တို့ ဂျာနယ်တိုက်မှာ အသံအရရော ဓာတ်ပုံမှတ်တမ်းတွေအရရော အထောက်အထား အကုန်ရှိပါတယ်။ အဲဒါတွေ တင်ပြပြီးတော့ ရင်ဆိုင်သွားမှာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ မော်ဒန်ဂျာနယ်ဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးကျော်ဆန်း၊ မန္တလေးမှ ရှေ့နေဦးမြင့်သွင်နှင့် အထက်တန်းရှေ့နေ ဦးနိုင်နိုင်ထွန်းတို့ လိုက်ပါဆောင်ရွက်ပေးနေကြောင်း သိရသည်။
အသရေဖျက်မှုဖြင့် တရားစွဲဆိုခံထားရသော “လမ်းလွှဲလေးတော့ ကောင်းစေချင်” သတင်းဆောင်းပါး နှင့်ပတ်သက်၍ ဦးကျော်ရင်မြင့်က “သပိတ်ကျင်းမြို့နယ်မှာ တည်ဆောက်ထားတဲ့ တံတားတွေက မခိုင်မာဘူး။ အဲဒီတံတားတွေကို မြေကြီးကနေပတ်ပြီးတော့ ဆောက်လုပ်ရေးဌာနက လမ်းကလေး ဖောက်ပေးတယ်။ အဲဒီဖောက် ပေးတဲ့လမ်းကနေပြီးတော့ အလေးချိန်များတဲ့ ကုန်ကားကြီးတွေက ပတ်လမ်းကနေ သွားရတယ်။ တံတားပေါ်က ဖြတ်မသွားရဘူး” ဟု ရှင်းပြသည်။
ဦးကျော်ရင်မြင့်က ဆက်လက်၍ “အဲဒီလို လုပ်ထားတဲ့အခြေအနေမှာ ပတ်လမ်းတွေက မကောင်းတဲ့အခါကျတော့ ကုန်တွေပါတဲ့ ကားကြီးတွေက မှောက်တာတွေဘာတွေ ဖြစ်တယ်။ ဖြစ်တော့ ကုန်ကားသမားတွေက ပတ်လမ်းကို ကောင်းစေချင်တယ်လို့ ပြောတာ” ဟု ပြောသည်။
အဆိုပါ သတင်းအား မော်ဒန်ဂျာနယ်နည်းတူ တခြားပြည်တွင်းဂျာနယ် ၄ စောင်က ရေးသားခဲ့သော်လည်း ဆောက်လုပ်ရေးက မော်ဒန်တစောင်တည်းကိုသာ တရားစွဲခြင်းမှာ ၎င်းတို့ဌာန၏ ချို့ယွင်းချက်များအား ရေးသားနေမှုကို ဟန့်တားလို၍ ဖြစ်နိုင်ကြောင်း ဦးကျော်ရင်မြင့်က သူ့အမြင်ကို ရှင်းပြသည်။
“ဒီလို တရားစွဲတာက ကျနော်တို့ ရေးနေတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ လမ်းတံတားနဲ့ ပတ်သက်တဲ့ မကောင်းတာတွေ၊ ချို့ယွင်းချက်တွေ ရေးတာတွေကို ဟန့်တားချင်တဲ့သဘောလည်း ပါမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒု ဥက္ကဋ္ဌ ဦးဇင်လင်းက မြန်မာနိုင်ငံတွင် မီဒီယာသမားများအား အနှောက်အယှက်ပေး တိုက်ခိုက်နိုင်သည့် ဥပဒေများ အသက်ဝင်ဆဲ ဖြစ်၍ မီဒီယာလွပ်လပ်ခွင့်အတွက် ယင်းဥပဒေများကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်ရန်လိုကြောင်း ပြောသည်။
ဦးကျော်ရင်မြင့်ကလည်း မြန်မာနိုင်ငံတွင် ရေးဆွဲနေဆဲဖြစ်သည့် မီဒီယာဥပဒေတွင် သတင်းသမားများအား အလွယ်တကူ တရားမစွဲနိုင်ရန် ကာကွယ်ပေးသည့်အချက် ထည့်သွင်းရေးဆွဲသင့်ကြောင်း အကြံပြုပြောဆိုသည်။
“ကျနော် ဖြစ်စေချင်တာက မမှန်ကန်ဘူး တကယ်ထိခိုက်တယ်ဆိုရင်လည်း တရားစွဲပါ။ တရားမစွဲပါနဲ့လို့ မဆိုလိုဘူး။ သို့သော် အလွယ်တကူတော့ ထစ်ခနဲရှိ တရားစွဲလိုက်မယ်ဆိုတာမျိုးတွေ မဖြစ်အောင် ဟန့်တားတာမျိုးတွေ မီဒီယာဥပဒေထဲမှာ မီဒီယာသမားတွေဘက်က ရပ်တည်ပြီးတော့ ပါစေချင်ပါတယ်”ဟု ၎င်းက ပြောသည်။