မိုးထိမိုးမိ ဆန္ဒပြ ရွှေလုပ်သားများမှာ ရမည်းသင်းမြို့နှင့် ၇ မိုင်ခန့်အကွာရှိ ရွှေမြင်တင် ဘုရားဝန်းအတွင်း ၄ ရက်ကြာ ပိတ်ဆို့ခံခဲ့ရပြီး ယနေ့တွင် တောင်းဆိုမှုများ ပြေလည်သွားခဲ့ပြီ ဖြစ်သော်လည်း ပိတ်ဆို့ခံရစဉ် လုံခြုံရေးများက အကြမ်းနည်းဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘အလုပ်သမားတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာကို လုံခြုံရေးရဲတပ်ဖွဲ့တွေ ဖြေရှင်းတာ ကြမ်းတမ်းတယ်။ ခဏ နားနေတဲ့ ဘုရားဝန်း အပြင်ဘက်ကို ရဲ ၃၀၀ ကျော်လောက်နဲ့ ဝိုင်းထားပြီး ရိက္ခာနဲ့ ရေဖြတ်တယ်။ အတွင်းနဲ့ အပြင်က လူတွေကို ဝင်ခွင့် ထွက်ခွင့်မပေးဘူး။ ရိက္ခာလာပို့တဲ့ တချို့လူတွေကို ရဲတွေက တုတ်နဲ့ ရိုက်တာမျိုးတွေတောင် ရှိခဲ့ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ပြောသည်။
ကိုဟန်ဝင်းအောင်သည် ဆန္ဒပြသည့် အလုပ်သမားများကို ရန်ကုန်ဘက်မှ သွားရောက် ကူညီခဲ့ရင်း ရွှေမြင်တင် ဘုရားဝန်းအတွင်း ၎င်းပါ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
‘‘သူတို့နဲ့အတူ အထဲမှာ ကျနော်လည်း ပိတ်မိနေတာ။ မိုးတွေကလည်း တအားရွာ၊ လေတွေကလည်း တိုက်။ စားစရာ မရှိတဲ့ ဒီအလုပ်သမားတွေရဲ့ ဒုက္ခတွေကို ကျနော်ကိုယ်တိုင် မြင်တွေ့နေရတာ။ ရဲတွေက ဘုရားဝန်း ပတ်လည် နေရာယူထားတော့ အလုပ်သမတွေရဲ့ အပေါ့၊ အလေး ကိစ္စတွေမှာလည်း ဒုက္ခတွေ တွေ့ကြရတယ်” ဟု ကိုဟန်းဝင်းအောင်က ရှင်းပြသည်။
လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြအဖွဲ့များ နားခိုနေသည့် ရွှေမြင်တင်ဘုရားဝင်းပတ်လည်ရှိ ကိုက်ငါးရာအကွာတွင် တပ်ဆွဲနေရာယူထားခြင်းဖြစ်ပြီး ဘုရားဝင်းအတွင်းရှိ ဝင်ပေါက် ထွက်ပေါက်များကို ပိတ်ဆို့ထားသည့်အတွက် အမျိုးသမီးများနှင့် ကလေးသူငယ်များ နေမှုထိုင်မှု ဒုက္ခ ရောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် ရမည်းသင်းမြို့ခံတဦးက ပြောသည်။
ဇွန်လ ၁၁ ရက်နေ့ ည ၉ နာရီခန့်ကလည်း မိုးထိမိုးမိဒေသမှ ကိုယ်ဝန်ဆောင် ရွှေတွင်းအလုပ်သမ တဦးမှာ ဗိုက်နာလာသဖြင့် ရမည်းသင်းဆေးရုံသို့ ပို့ဆောင်ရန် ပြုစဉ် လုံခြုံရေးများ၏ ပိတ်ဆို့ တားဆီးမှုကို ခံခဲ့ရကြောင်း၊ ၎င်းဗိုက်တွင်းမှ ကလေးမှာ ပျက်ကျ သေဆုံးခဲ့ရကြောင်း၊ ဆရာဝန်၏ ဆေးစစ်ချက်တွင် ဆေးရုံသို့ အချိန်မီမရောက်ရှိသည့် အတွက် ကလေးငယ်မှာ ရေမွန်းသေဆုံးရသည်ဟု အဖြေထွက်ခဲ့ကြောင်း ဆန္ဒပြ ရွှေတွင်း လုပ်သားများက ပြောသည်။
၎င်းအမျိုးသမီးမှာ မထွေးဖြစ်ပြီး အသက် ၃၀ ဝန်းကျင်ခန့်ရှိ၍ ဇုန် ၆ တွင် ရွှေကျင်ဗန်း လှည့်သည့်အလုပ်ကို လုပ်ကိုင်သူ ဖြစ်ကြောင်း၊ လက်ရှိတွင် ရမည်းသင်း ဆေးရုံသို့ တက်ရောက်ကုသ ခံနေရပြီး သတိလစ် မေ့မျောကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
‘‘ကျမတို့မှာ အခက်ခဲတွေ အများကြီးဖြစ်ပါတယ်။ ကလေးတွေနဲ့ လူကြီးတွေလည်း ပါတယ်။ နောက်ပြီး ဒီနေ့မှာ ရဲတပ်ဖွဲ့က ရိက္ခာအနေနဲ့ ကြက်ဥနဲ့ ဆီပေးချင်တယ်ပြောလို့ ကျမတို့ထဲက ကောင်မလေး တယောက် သွားယူတာ။ သူတို့ ပေးလိုက်တာက ပြုတ်ထားတဲ့ ကြက်ဥ ၅ လုံးနဲ့ အနံ့ အရမ်းပြင်းတဲ့ အရက်ဗူး ထည့်ပေးလိုက်တယ်။ ဆန္ဒပြတဲ့ မိန်းကလေးရဲ့ သိက္ခာကို သက်သက် စော်ကားတာ။ အဲဒါကို သွားယူတဲ့မိန်းကလေးက အခုချိန်အထိ ရှက်နေတယ်” ဟု ဆန္ဒပြပွဲတွင် အမျိုးသမီး များအား ဦးဆောင်သည့် ဒေါ်သန္တာအောင်က ပြောသည်။
ယနေ့ နေ့လယ် ၁၂ နာရီခန့်ကလည်း ဆန္ဒပြသည့်အဖွဲ့များသို့ ပို့ဆောင်မည့် ထမင်းထုပ် ၁ ထုပ်ကို ရဲတပ်ဖွဲ့များက ရှာဖွေရာ ၎င်းထံတွင် ဆက်သွယ်ရေးစက်၊ လောက်စာလုံး၊ လေးခွ အစရှိသည်တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသူမှာ ဆန္ဒပြသူများနှင့် လုံး၀ သက်ဆိုင်ခြင်း မရှိကြောင်း၊ ဆန္ဒပြသူများအား ဖြိုခွင်းလိုသည့် အဖွဲ့တဖွဲ့ဖွဲ့၏ ပယောဂသာ ဖြစ်နိုင်ကြောင်း ကိုဟန်ဝင်းအောင်က ရှင်းပြသည်။
ထို့အပြင် ယနေ့နံနက် ၈ နာရီ အချိန်ခန့်တွင် အာဏာပိုင်များက စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဆန္ဒပြ အလုပ်သမား ကိုနေပြည်တော်နှင့် ကိုမင်းဇော်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီး ခေါ်ဆောင်သွား သည်ကို မသိရပေ။ ဖမ်းဆီးခေါ်ဆောင်သွားသည့် ၂ ဦးကို ညနေ ၄ နာရီအချိန်အထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ဆန္ဒပြသူများ ပိတ်ဆို့ခံရသည့် ၄ ရက်မြောက်သော ယနေ့ နေ့လယ် ၃ နာရီခွဲက ရွှေလုပ်သားများနှင့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့ တောင်းဆိုချက် ၆ ချက်အတွက် နှစ်ဦးသဘောတူ လုပ်ငန်း စာချုပ် ချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယင်းစာချုပ်ကြောင့် ရွှေတူးဖော်သည့်လုပ်ကွက် အင်းနှင့် ရွှေတူးသည့် စက်အက်တာများအား လုပ်ငန်းလုပ်ပိုင်ခွင့် ၁ နှစ် ပြန်လည် လုပ်ခွင့်ရခဲ့ပြီး စာချုပ်အရ လုပ်ငန်းလုပ်ကိုင်သည့် အချိန်မှစတင်ပြီး ၄ လအတွင်း ရွှေတူးစက် အက်တာများနှင့် တွင်းတူးကာ လုပ်ငန်းပြန်စရမည်ဖြစ်သည်။ လက်ရှိ ဖြစ်ပွားခဲ့သည့် ဆန္ဒပြတောင်းဆိုသည့် အချိန်အတွင်း နစ်နာမှု များကိုလည်း ကုမ္ပဏီဘက်မှ တလအတွင်း တာဝန်ယူ ဖြေရှင်းပေးသွားမည်ဟု သဘောတူ စာချုပ်တွင် ပါရှိသည်။
ရွှေတူး လုပ်သားများသည် ဇွန်လ ၁၁ ရက်နေ့က တောင်းဆိုမှုများ မပြေလည်သဖြင့် နေပြည်တော်အထိ လမ်းလျှောက် ချီတက်ခဲ့ရာ ၄ ရက်မြောက်သည့် ဇွန်လ ၁၄ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီးအစိုးရ တာဝန်ရှိသူများက ကြားဝင် စေ့စပ်ပေးခဲ့သောကြောင့် ပြေလည်သွားရကြောင်း သိရသည်။
ရွှေတွင်း လုပ်သားများနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီးသည့် အတွက် ဆန္ဒပြ အလုပ်သမားများမှာ မိုးမိမိုးထိဒေသ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်၍ လုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။