နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ လယ်ယာမြေ ပိုင်ဆိုင်မှုအပေါ် အငြင်းပွားရာမှ တောင်သူလယ်သမားများကို သေနတ်ပြ ခြိမ်း ခြောက်မှု ပြုလုပ်ခဲ့သည် ဗိုလ်ချုပ်စိုးရှိန်အမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စတင် စစ်ဆေးနေပြီဖြစ်ကြောင်း စုံစမ်း သိရှိရ သည်။
နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စု အင်တိုင်းသာရွာရှိ လယ်ယာမြေ ပိုင်ဆိုင်မှု အပေါ် ဗိုလ်ချုပ်စိုးရှိန် နှင့် လယ်သမားများ အကြား အငြင်းပွားမှု တရပ် ဇူလိုင်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဗိုလ်ချုပ်စိုးရှိန်က လယ်သမား များကို သေနတ်ပြခြိမ်းခြောက်ခဲ့ကြောင်း၊ ခြိမ်းခြောက်ခံခဲ့ရသော တောင်သူ ၂ ဦးက လယ်ဝေး မြို့နယ် ရဲတပ်ဖွဲ့ ထံသို့ စာရေး တိုင်ကြားခဲ့ကြောင်း၊ လတ်တလော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တိုင်ကြားစာ နှင့်ပတ်သက်ပြီး အမှု ဖြစ်စဉ် တွင် ပါဝင်သူများကို စုံစမ်း စစ်ဆေးမှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
နေပြည်တော် လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်စိုးမင်းသိန်းက ဗိုလ်ချုပ်စိုးရှိန် နှင့် တောင်သူများအကြား ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ် သည် ဧလာရဲစခန်း၏ နယ်မြေထဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း တောင်သူများက လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူးထံ စာရေးတိုင်ကြားခဲ့သဖြင့် မြို့နယ်မှူး၏ တာဝန်ပေးချက်အရ မိမိကိုယ်တိုင် စုံစမ်း စစ်ဆေး နေရခြင်း ဖြစ်ကြောင်း၊ စိစစ်ရရှိသော အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြ မည် ဖြစ်ကြောင်း ပြောကြားသည်။
”ဗိုလ်ချုပ်မို့လို့ အမှုဖွင့်မပေးဘူးဆိုတာ မရှိပါဘူး။ လာတိုင်ရင် အမှုဖွင့်ပေးမှာပဲလေ။ အခုက ရဲစခန်းကို တိုင်တာ မဟုတ် ဘဲနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ကိုတိုင်တာ ဖြစ်တဲ့အတွက် အမှုဖွင့်ပေးလို့ မရဘူး”ဟု ရဲအုပ်စိုးမင်းသိန်းက ဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့၊ နေ့လယ် ၁၁ နာရီခန့်က ဗိုလ်ချုပ် စိုးရှိန်နှင့် တပည့်များသည် တောင်သူ ကိုအောင်သန်းဦး လုပ်ကိုင်နေသော လယ်မြေကို ဝင်ရောက်လာပြီး ၎င်းတို့ပိုင် လယ်မြေများဖြစ်သည်ဟု ဆိုကာ ပစ္စတို သေနတ်ကို ထုတ်၍ လယ်မြေထဲမှ မထွက်ပေးပါက ပစ်သတ်မည်ဟု အော်ဟစ် ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းနောက် နေ့လယ် ၃ နာရီခန့်တွင် တောင်သူ မခင်တင့် လုပ်ကိုင်နေသော လယ်မြေကို ထပ်မံဝင်ရောက်ကာ သေနတ်ဖြင့် ခြိမ်းခြောက် ခဲ့သေးကြောင်း အင်တိုင်းသာရွာမှ တောင်သူ ဦးကိုကိုနိုင်က ပြောသည်။
” ကိုအောင်သန်းဦး လယ်ကို ဝင်ခြိမ်းခြောက်ပြီး နေ့လည် ၃ နာရီလောက်မှာ မခင်တင့် လယ်ကိုထပ်ရောက်လာပြီးတော့ ဗိုလ်ချုပ်စိုးရှိန်ရဲ့ တပည့် ဗိုလ်မှူးလှိုင်မျိုးဝင်းက မခင်တင့် ရင်ဘတ်ကို ဆွဲတယ်။ လက်သီးနဲ့ ထိုးဖို့ ရွယ်တယ်ဆိုပြီး ကျနော်တို့ ဘက်က သက်သေတွေက ထွက်ထားတယ်”ဟု ဦးကိုကိုနိုင်က ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဗိုလ်ချုပ်စိုးရှိန်နှင့် တောင်သူများအကြား အမှုကို စစ်ဆေးရာတွင် ဗိုလ်မှူးစိုးရှိန်၏ တပည့် ဗိုလ်မှူးလှိုင်မျိုးဝင်းကို ခေါ်ယူစစ်ဆေးခဲ့ပြီး ဗိုလ်ချုပ်စိုးရှိန်ကို ခေါ်ယူစစ်ဆေးမရှိသေးဟု သိရှိရသည်။
ဗိုလ်ချုပ်စိုးရှိန်က ၎င်းပိုင်ဆိုင်ရာ လယ်မြေများအတွင်းသို့ ဝင်ရောက် စိုက်ပျိုးခြင်း မပြုလုပ်ရန် ရွာသားများကို အကြိမ်ကြိမ် သတိပေးခဲ့ပြီး လယ်သမားများကို သေနတ်ပြ ခြိမ်းခြောက်ခြင်း ပြုလုပ်ခဲ့ကြောင်း ဇူလိုင်လထုတ် မြန်မာတိုင်းမ်သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်စိုးရှိန်သည် ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကိုယ်ရေးအရာရှိဖြစ်ပြီး လက်ရှိအချိန်အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အနီးကပ်လူယုံတဦးအဖြစ် တာဝန်ထမ်းဆောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။