စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာ ပဋိပက္ခတွင် ဝင်ရောက်မီးရှို့သည်ဟု သတင်းရထားသော အနီးဝန်းကျင်မှ ရွာသားများကို ရှာဖွေ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် ဘာသာခြား ၃ ဦးက အမျိုးသမီးကို မုဒိန်းကျင့်သည်ဟူသော ကောလာဟလကို အခြေခံပြီး ထန်းကုန်းကျေးရွာရှိ မွတ်စလင် အိမ်ခြေ ၄၈ လုံးနှင့် ဈေးဆိုင် ၁၃ ခန်း မီးရှို့ခံရကာ လူ ၂၉၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
ပဋိပက္ခ စတင်ဖြစ်ပွားစဉ်က ၁၁ ဦး ဖမ်းဆီးထားပြီး ဖြစ်ပြီး ထန်းကုန်းကျေးရွာ အနီးတဝိုက်ရှိ အုတ်ဖို၊ အင်မတ်တော၊ ဇီးပင်သာ၊ ဝက်တိုး၊ မယ်ဇလီကုန်း အပါအဝင် ရွာပေါင်း ၁၂ ရွာမှ မသင်္ကာသူများကို ထန်းကုန်း ရဲစခန်းက ယနေ့ နေ့လယ်မှစ၍ ဝင်ရောက် ရှာဖွေ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
“လက်ရှိအနေထားအရ ဘယ်နှစ်ယောက် ဖမ်းထားသလဲ ဆိုတာမျိုး အတိအကျ မသိသေးပါဘူး။ စဖြစ်ဖြစ်ချင်းကတော့ တရားခံ ၁၁ ဦး ဖမ်းဆီးထားပါတယ်။ အထက်က ဖမ်းမိန့်တော့ ကျပြီးသားပါ” ဟု ထန်းကုန်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ယနေ့ ညနေတွင် ထန်းကုန်းကျေးရွာရှိ ရွာလယ်ဘုန်းကြီးကျောင်းသို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး လာရောက်ကြည့်ရှုမည် ဖြစ်ပြီး ကယ်ဆယ်ရေး စခန်းအတွက် လိုအပ်သည်များကို ဆောင်ရွက်ဆွေးနွေးသွားမည်ဟု သိရသည်။
အခင်း ဖြစ်ပွားစဉ် အချိန်ကတည်း သက်ဆိုင်ရာက မီးလောင်မှုကို အချိန်မီ ငြိမ်းသတ်နိုင်အောင် ကြိုးစားခဲ့သော်လည်း မီးသတ်ကားကို ရေမဖြည့်နိုင်အောင် တုတ်ဓားလက်နက်များနှင့် တားဆီးခြင်း၊ မီးလောင်ပြင်အတွင်းသို့ အဝင်မခံဘဲ ပိတ်ထားခြင်း၊ မီးသတ်ပိုက်များကို ဓားနှင့်ခုတ်ခြင်းအပြင် မီးသတ်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပဋိပက္ခကို ဝင်ရောက် တားဆီးသူများကိုလည်း လေးဂွများနှင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အုပ်စုဖွဲ့ကာ မီးသတ်ကားများကို တားဆီးရာ ဖယ်ရှာပေးရန် တောင်းပန်၍ မရသဖြင့် သေနတ်များ မိုးပေါ် ထောင်ဖောက်ကာ ခြောက်လှန့်ခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဦးကြည်နိုင်က ဧရာဝတီသို့ ပြောသည်။
“အခုလည်း သက်ဆိုင်ရာ ရဲစခန်းက တာဝန်ရှိသူတွေက ပဋိပက္ခဖြစ်စဉ်အတွင်း ကျေးရွာတွေ ဝင်ရောက် မီးရှို့တဲ့လူတွေကို ဖမ်းဆီးဖို့ လုပ်နေပါပြီ။ အစောကြီးကတည်းက လုပ်ဆောင်ချင်ပေမယ့်လည်း ပဋိပက္ခမီး ငြိမ်းသတ်တာတို့၊ ဘာသာရေး အဓိကရုဏ်း မဖြစ်အောင် တားဆီးတာတွေ လုပ်နေတဲ့အတွက် အဖမ်းအဆီး မလုပ်သေးတာပါ” ဟု ဦးကြည်နိုင်က ပြောသည်။
မွတ်စလင် ဒုက္ခသည်များကို ထန်းကုန်းကျေးရွာ အမှတ် (၁) ရပ်ကွက် အာရဗီ စာသင်ကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်ထားပေးကြောင်း၊ ယနေ့တွင် တချို့က ဆွေမျိုးများအိမ်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
မီးလောင်သည့်အထဲတွင် ပါသွားသည့် လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဒေါ်သန်းနွဲ့ဦးက “ကျမတို့က ရှင်းရှင်းပြောရရင် အိမ်ကို မပြန်ရဲသေးပါဘူး။ ကျမရဲ့ လက်ဖက်ရည်ဆိုင်လေးကို သူတို့စပြီး ဝင်ဖျက်တဲ့ အချိန်ကတည်း ကျမ တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုမှ တားလို့မရဘူး။ လူကို အန္တရာယ်ပြုမသွားတာဘဲ ကံကောင်းလှပါတယ်။ ဒါပေမယ့် ရွာကလူတွေကတော့ ညဆိုရင် ဘယ်အချိန်ဝင်ပြီး မီးရှို့သွားမလဲ ဆိုတာမျိုးပဲ တွေးပြီး ကြောက်နေရတာပါ။ အဲဒီအတွက်လည်း ကျမတို့ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်မအိပ်ရဲသေးပါဘူး” ဟု ပြောသည်။
လက်ရှိ ကယ်ဆယ်ရေး စခန်းတွင် ဒုက္ခသည်များကို ဘာသာရေးအဖွဲ့စည်းများနှင့် ပဋိပက္ခ တားဆီးကာကွယ်ရေးအဖွဲ့မှ ငွေကြေးနှင့် လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ကုန်ကျစရိတ်များ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
“ဒီကယ်ဆယ်ရေးစခန်းရဲ့ စားဝတ်နေရေး ကုန်ကျစရိတ်တွေကို တိုင်းဒေသကြီးဝန်ကြီးက အကုန်အကျ ခံသွားမှာပါ။ လက်ရှိလည်း သူတို့ကို စားဝတ်နေရေးနဲ့ ကုန်ကျစရိတ်တွေ ထုတ်ပေးထားပါတယ်။ အဆောက်အဦတွေကိုလည်း ပြန်လည် ဆောက်လုပ်ပေးဖို့အတွက် ကုန်ကျစရိတ်တွေ တွက်ချက်ပေးခိုင်းလို့လည်း ကျနော် တွက်ချက်နေပါတယ်” ဟု ဝန်ကြီး ဦးကြည်နိုင်က ပြောသည်။
အကြောင်းရင်းမှာ ထန်းကုန်းမြို့ ဆံပင်စက်ရုံသို့ လာရောက် အလုပ်လုပ်သော ဇီးပင်သာ ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မိန်းကလေး ညနေ အလုပ်သိမ်းချိန် စက်ဘီးနှင့် အိမ်အပြန်တွင် အသက် ၁၇ နှစ်အရွယ်ရှိ ဘာသာခြား အမျိုးသား တဦးက သမီးရည်းစား စကားပြောပြီး လက်ဆွဲသည့် ကိစ္စမှ စတင်ခဲ့ခြင်းဟု သိရသည်။
ကောလာဟလ စတင်ဖြစ်ပွားသည့် အဖြစ်အပျက်ကို မျက်မြင်ကြုံတွေ့ခဲ့သည့် ဇီးပင်သာရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် က “ဒီလိုမျိုး မီးတွေရှို့တာတွေကို ကျနော်တို့လည်း လက်မခံပါဘူး။ စိတ်လည်းမကောင်း ဖြစ်ရပါတယ်။ တခြား ဗုဒ္ဓဘာသာ လူတွေကလည်း ဒါမျိုးကို မကြိုက်ကြပါဘူး။ အဲဒီနေ့ကလည်း ကောင်မလေးက လယ်တောထဲကနေ ပြေးတက်လာပြီး ကျနော့်ကို အကူညီတောင်းလို့ ကျနော် အဲဒီကောင်လေးနောက်ကို အပြေးလိုက်သွားခဲ့တယ်။ ကောင်လေးကလည်း သူ့ရွာကို သူမပြေးဘဲ ကောင်မလေးရွာဘက်ကို ထွက်ပြေးတာ။ နောက်တော့ ကျနော်လည်း ရွာရောက်ပြီး ရွာထိပ်မှာ ထိုင်နေတဲ့လူတွေကို အကျိုးအကြောင်း ပြောပြပြီး ကောင်လေးကို ရှာဖမ်းတယ်။ ကောင်လေးကို မိတဲ့အချိန်မှာ ကျနော်တို့ရွာက လူတွေက အသားကို ဘာမှ နစ်နာအောင် လုပ်တာမျိုး မရှိခဲ့ပါဘူး။ ရဲစခန်းကို တိုင်တာပါ။ ကောင်လေးကို ရဲ ၂ ယောက် လာခေါ်သွားတယ်။ အဲလို ဖြစ်ပြီးချိန်မှ နောက်ပိုင်း လူတွေ တအားများလာပြီး ထန်းကုန်းကျေးရွာဘက်ကို သွားပြီး ရန်ဖြစ်ကြတာပါ” ဟု ပြောသည်။