ထိုင်းနိုင်ငံရောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ လိပ်ကျွန်းလူသတ်မှု အရေးဆွေးနွေး
This article has been converted from Zawgyi One to Unicode
ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြု ညီလာခံ ဥက္ကဋ္ဌ H.E Prof. Pornpetch Wichitcholchai ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှု၌ တရားခံများ အဖြစ် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာလူငယ် နှစ်ဦး တရားမျှတမှု ရရှိရေး ဆောင်ရွက်ရန်လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေး အဖွဲ့နှင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့်အတူ ၊ ဥပဒေပညာရှင်များ၊ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ အမျိုးသား လွှတ်တော်မှ တာဝန်ရှိသူများစုစုပေါင်း ၁၂ ဦးပါဝင်ကြောင်းသိရသည်။
“လွှတ်တော်ဥက္ကဋ္ဌ နဲ့အဖွဲ့ဟာ မနေ့ညက ကျနော်တို့ မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့နဲ့တွေ့ဆုံပြီး အစည်း အဝေး လုပ်ဖြစ်ပါတယ်။ အဓိကကတော့ လိပ်ကျွန်းလူသတ်မှုစွပ်စွဲခံထားရတဲ့ ကလေးနှစ်ယောက်ကိစ္စပါ”ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးထူးချစ် ကဧရာဝတီသို့ ပြောသည်။
ဦးခင်အောင်မြင့်သည် အဆိုပါ အမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အပါအဝင် ထိုင်းနိုင်ငံ လွှတ်တော် အဖွဲ့ တာဝန်ရှိသူများ နှင့်လည်း တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ထိုင်းနိုင်ငံရှေ့နေများကောင်စီတို့နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး၊ ကော့စမွေ အကျဉ်းထောင်ကို သွားရောက်ကာ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ နှစ်ဦးနှင့် လည်းသွားရောက်တွေ့ဆုံ မှာဖြစ်ကြောင်း သိရသည်။
ထို့အပြင် မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ နှစ်ဦး ပြင်ပ၌နေ၍ တရားရင်ဆိုင်နိုင်ရေး အာမခံလျှောက်ထားရန် ကုန်ကျစရိတ် အာမခံငွေကို ဦးခင်အောင်မြင့်က စီစဉ်ပေးမှာဖြစ်ကြောင်း ကျွန်းလူသတ်မှု အထူးစုံစမ်းရေး အဖွဲ့ တာဝန်ရှိသူ ရှေ့နေ ဦးအောင် မျိုးသန့်က ဧရာဝတီသို့ပြောသည်။
“ မနေ့က ကျနော်တို့နဲ့ ဆွေးနွေးတော့ ကလေးနှစ်ယောက်အတွက် အာမခံယူမယ်။ လိုအပ်တာကို ပံ့ပိုးပေး မယ်လို့ ပြောပါတယ်။ သူတို့က ဒီအမှုနဲ့ ပတ်သက်လို့ အစဉ်တစိုက်ဆောင်ရွက်နေပါတယ်ဆိုပြီး မှတ်တမ်းစာအုပ် ထုတ်ပြပါတယ်။ ပြီးတော့လည်း မြန်မာအစိုးရအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကူညီဖို့ အဆင်သင့်ရှိတယ် ဆိုပြီးပြောပါတယ်” လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ရှင်းပြသည်။
မြန်မာလူငယ်နှစ်ဦး၏ အာမခံရရှိရေး ယခု တပတ်အတွင်း၌ပင် ထိုင်းတရားရုံးကို လျှောက်ထားသွားမှာဖြစ်ပြီး ခွင့်ပြုချက်ကျသည် နှင့် အာမခံငွေတင်ကာ ကော့စမွေအကျဉ်းထောင်မှ ထုတ်ယူမည်ဖြစ်ကြောင်းလည်း သိရသည်။
မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ နှစ်ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းခေါ် Koh Tao ကျွန်း၌ အလုပ်လုပ်နေသူများ ဖြစ်ကြပြီး၊ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က အဆိုပါကျွန်းပေါ်၌ ဗြိတိန်နိုင်ငံ သား နှစ်ဦး အသတ်ခံရမှု၌ တရားခံ အဖြစ် ထိုင်းရဲတပ်ဖွဲ့၏ စွပ်စွဲဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။