နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၁၆ ရက်တာ လှုပ်ရှားမှုနှင့် လူထု အသိပညာပေးပွဲများကို ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
၁၆ ရက်တာ လှုပ်ရှားမှုကို အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသော အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၂ ခုမှ ဦးဆောင်ကာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မန ္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်ယ်တို့တွင် ပုံစံမျိုးစုံဖြင့် လူထု အသိပညာပေး လှုပ်ရှားမှုများကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရက် (WON) မှ မနန့်သန္တာအောင်က ယနေ့ မီဒီယာ စာကြည့်တိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“မန ္တလေးတိုင်းမှာဆိုရင်လည်း ကားတွေနဲ့ ပတ်ပြီး အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ဖို့ ပညာပေးမှုတွေ လုပ်သွားမယ်လို့ ကြားတယ်။ ရန်ကုန်မှာ ဆိုရင် မနက်ဖြန် ပြည်သူ့ရင်ပြင်မှာ ညနေ ၅ နာရီကနေ ည ၇ နာရီအထိ ပြည်သူတွေ အားလုံး ပါဝင်နိုင်အောင် ပြုလုပ်သွားမယ်” ဟု သူက ဆိုသည်။
၁၆ ရက်တာ လှုပ်ရှားမှု၏ အဓိက ရည်ရွယ်ချက်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နှင့်ပတ်သတ်ပြီး လူထုအတွင်း အသိပညာပေးမြှင့်တင်ရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရာတွင် အမျိုးသားများ၏ ပူးပေါင်း ပါဝင်မှု မြှင့်တင်ရန်နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုသည် လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာတခုဖြစ်ကြောင်း ကို ဒေသအတွင်းနှင့် နိုင်ငံတကာ အဆင့်ထိ အသိပညာမြှင့်တင်ပေးနိုင်ရန်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်နေ့မှ စတင်ကျင်းပမည် ဖြစ်ကာ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အများဆုံး ဖြစ်နေသည့် ပြည်နယ်နှင့် တိုင်းများမှ မြို့နယ်၊ ကျေးရွာများသို့ သွားရောက်ကာ လူထု အသိပညာပေးမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသမီး ကွန်ရက်မှ မနန်ပူက ဧရာဝတီသို့ပြောသည်။
“ကျမတို့ ကချင်ပြည်နယ်ဆိုရင် အမျိုးသမီးများအကြမ်းဖက်ခံရမှု အများဆုံး ဖြစ်နေတဲ့ နေရာတခုလို့ ပြောလို့ရပါတယ်။ ဒါတွေကို လျှော့ချဖို့၊ ပပျောက်ဖို့အတွက် လုပ်ဆောင်တာပါ။ မြစ်ကြီးနားနဲ့ ဝိုင်းမော်မှာရှိတဲ့ ဒုက္ခသည် အမျိုးသမီးငယ် တွေပါ ပါဝင်နိုင်အောင် ဆောင်ရွက်ထားပါတယ်” ဟု မနန်ပူက ဆိုသည်။
လှုပ်ရှားမှု အနေဖြင့် တိုင်းနှင့် ပြည်နယ် တဝှမ်းလုံးတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်း ပြောကြားခြင်း၊ အကြမ်းဖက်မှု ပပျောက်ရန်အတွက် ပြဇာတ်များ ကပြခြင်း၊ အမျိုးသမီးများအတွက် စပ်ဆိုထားသည့် သီချင်းများဆိုခြင်း၊ ဂိမ်းများ ကစားခြင်းတို့ လုပ်ဆောင်ကြမည် ဖြစ်ကြောင်း မနန်းပူက ထပ်မံပြောသည်။
၂၀၁၄ ခုနှစ် ၁၆ ရက်တာ လှုပ်ရှားမှု၏ အဓိက ဆောင်ပုဒ်မှာ “အိမ်တွင်း ငြိမ်းချမ်းရေး မှသည် ငြိမ်းချမ်းသော ကမ္ဘာဆီသို့၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ အမျိုးသားများလည်း ပါဝင်စို့” ဖြစ်သည်။
“ကျမတို့ နှစ်စဉ် နှစ်တိုင်း ၁၆ ရက်တာ လှုပ်ရှားမှုကို ကျင်းပခဲ့ပါတယ်။ အမျိုးသမီးလှုပ်ရှားမှုမှာ အမျိုးသားတွေပိုပြီး ပါဝင်လာဖို့ မျှော်လင့်ပါတယ်။ ကျမတို့ လူထုပညာပေး လုပ်ငန်းတွေကို ဒေသအတွင်းမှာ လုပ်မယ်။ နိုင်ငံတကာက ပါဝင်လာအောင် လုပ်မယ်။ ဒါက အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှု တခုဖြစ်ပါတယ်” ဟု မနန့်သန္တာအောင်က ဆိုသည်။
နိုဝင်ဘာ ၂၄ ရက်နေ့မှစပြီး ၁၆ ရက်တာ လှုပ်ရှားမှု အမည်ဖြင့် facebook လူမှုကွန်ရက် စာမျက်နှာတွင် ဖဲကြိုးဖြူ သင်္ကေတ အမှတ်အသားကို Profile တင်ကာ အသုံးပြုသွားရန် လှုံ့ဆော် လှုပ်ရှားသွားမည်ဖြစ်ပြီး ဖဲကြိုးဖြူ ရင်ထိုး သုံးသောင်း ဝေငှရန် စီစဉ်ထားကြောင်း၊ ယင်း facebook စာမျက်နှာသို့ ဆောင်ပုဒ်နှင့် ညီသည့် ဓာတ်ပုံများ ပို့ပေးနိုင်ပြီး ဓာတ်ပုံပြိုင်ပွဲများ ကျင်းပပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အလားတူ ၁၆ ရက်တာ လူထု အသိပညာပေး ထုတ်လွှင့်မှုများကို ရေဒီယို FM၊ လူကြည့်များသည့် ရုပ်သံလိုင်း များမှ တဆင့် လူထု အသိပညာပေး ပြကွက်များကို တင်ဆက် ပြသသွားမည် ဖြစ်သည်။
အဆိုပါ လှုပ်ရှားမှုကို ၁၉၉၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးခေါင်းဆောင်မှု ဗဟိုဌာန (Centre for Women’s Global Leadership) က နိုင်ငံတကာလှုပ်ရှားမှု အသွင်ဖြင့် စတင် ဆောင်ရွက်ခဲ့ကြပြီး ရေဒီယိုအသံလွှင့်ခြင်း၊ ဗီဒီယိုနှင့်ရုပ်ရှင်များ ရိုက်ကူးပြသခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စကားရည်လုပွဲများ ကျင်းပခြင်း၊ ပြဇာတ်များ၊ ဂီတပွဲများ၊ စာအုပ်ပြပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်နှင့်အတူ တခြားလူမှုအဖွဲ့အစည်း ၂၂ ဖွဲ့တို့က ရန်ကုန်မြို့တွင် လူထု လမ်းလျှောက်ပွဲနှင့် ကန်တော်ကြီး ပန်းခြံတွင် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ စမ်းချောင်းသာ ကွင်း၌ ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ ပြည်သူများအားလုံး ပါဝင်နိုင်သည့် အထိမ်းအမှတ်ပွဲ ကျင်းပခဲ့သည်။