လူပေါင်း ၅ သိန်းထက်မနည်း နိုင်ငံမှ ထွက်ပြေးခဲ့ရသဖြင့် လူသားချင်းစာနာထောက်ထားမှု မရှိကြောင်း မြန်မာ့တပ်မတော်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြစ်တင်ဝေဖန်လိုက်သည်။ အမေရိကန်လွှတ်တော်အမတ်များက မြန်မာစစ်ဘက်ခေါင်းဆောင်များအပေါ် အရေးယူပေးရန်လည်း တိုက်တွန်းလျက် ရှိနေသည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကြောင့် အမေရိကန်အစိုးရက အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က ဝါရှင်တန် ဒီ စီရှိ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနတွင် စကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
တေလာဆန်က ဆက်လက်ပြောကြားရာတွင် မိမိအနေဖြင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ယခင်အတိုက်အခံခေါင်းဆောင် ဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည် ဦးစီးသည့် မြန်မာအစိုးရ၏အရပ်ဘက်နှင့် ဆက်ဆံမှုရှိပါကြောင်း၊ ယခုအကျပ်အတည်း အတွက် အာဏာခွဲဝေပေးထားရသည့် စစ်ဘက်ကို ပြစ်တင်ဝေဖန်ခြင်းသာ ဖြစ်ကြောင်း ဆိုသည်။
“ရခိုင်ဒေသမှာ ဖြစ်ပျက်သမျှတွေအတွက် စစ်ခေါင်းဆောင်ပိုင်းမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ စင်စစ်အားဖြင့် မှတ်ယူပါ တယ်။ ဒီရက်စက်တဲ့အပြုအမူတွေကို ကျနော်တို့ အသာပဲ စောင့်ကြည့်နေခဲ့ပါတယ်” ဟု တေလာဆန်က ဖြည့်စွက်ပြော ကြားသည်။
ဗုဒ္ဓဟူးနေ့ကလည်း မြန်မာစစ်ခေါင်းဆောင်များ ခရီးသွားလာမှုကို ကန့်သတ်ရန်နှင့် ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီမွတ်စလင် လူ နည်းစုအပေါ် ကျူးလွန်ခဲ့မှုများအတွက် ပိတ်ဆို့ဒဏ်ခတ်မှုပြင်ဆင်ရန် ပါတီနှစ်ရပ် ပူးပေါင်းထားသည့်ကွန်ဂရက်လွှတ်တော် အမတ်အုပ်စုတစုက တေလာဆန်ကို တိုက်တွန်းခဲ့သည်။
လွှတ်တော်အမတ် ၄၃ ဦး ပါဝင် လက်မှတ်ရေးထိုးထားသည့် စာတစောင်ကို အမေရိကန်နိုင်ငံခြားရေးဌာနသို့ ပေးပို့ခဲ့ပြီး ယင်းစာတွင် နိုင်ငံခြားရေးဝန်ကြီး တေလာဆန်အနေဖြင့် မြန်မာ့တပ်မတော်ကို အရေးယူပေးရန် တိုက်တွန်းထားသည်။
မြန်မာစစ်ဘက် အာဏာပိုင်တွေဘက်က ဖြစ်ပျက်ခဲ့သမျှကို ငြင်းပယ်ထားကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ၎င်းစစ်ဘက်အာဏာပိုင်များထံ မြန်မာနိုင်ငံတွင်း လုံခြုံရေးနှင့် အကာအကွယ်ပေးဖို့အတွက် ဖြစ်နိုင်သမျှ ဆောင်ရွက်ပေးဖို့ တိုက်တွန်းပေးစေလိုကြောင်း၊ မြန်မာ့အိမ်နီးချင်းနိုင်ငံများထံ အတင်းအကျပ် မောင်းထုတ်ခံရသူများ မူလနေရာ ပြန်ရောက်စေရန်လည်း အပါအဝင်ဖြစ်ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်ဟု သိရသည်။
အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို မည်သို့မည်ပုံ အရေးယူမည်ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ တေလာဆန်က တိတိကျကျ ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ယေဘုယျ အနှစ်ချုပ်သာ ပြောကြားခဲ့သည်။
ယင်းဒေသရှိ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ထိတွေ့ရာတွင် မြန်မာစစ်တပ်ဘက်က စည်းကမ်းတကျ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်၊ လူသားချင်း စာနာထောက်ထားမှု ပံ့ပိုးရေး လိုအပ်နေသည့် အဆိုပါဒေသသို့ ကုလသမဂ္ဂနှင့် အခြားထောက် ပံ့ကူညီရေးအေဂျင်စီများကိုလည်း သွားလာခွင့်ပြုရန်တို့ကိုသာ အထူးပြောကြားခဲ့သည်။
အောက်တိုဘာ ၁၆ ရက်တွင်လည်း ဘင်္ဂါလီ ၅ သိန်းထက်မနည်း ထွက်ခွာစေခဲ့သော အကြမ်းဖက်ဆန့်ကျင်ရေးစစ်ဆင်ရေးတွင် တပ်အင်အားကို အဆမတန်သုံးခဲ့ခြင်းကြောင်း မြန်မာထိပ်တန်းစစ်ခေါင်းဆောင်များအား ဖိတ်ကြားခြင်းကို ဆိုင်းငံ့ထားမည်ဟု ဥရောပသမဂ္ဂ (EU) က ကြေညာခဲ့ပြီးဖြစ်သည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည် အစီရင်ခံစာတွင် ပြီးခဲ့သည့် ရက်သတ္တပတ် ၇ ပတ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီပေါင်း ခန့်မှန်းခြေ ၅၂၀၀၀၀ ထက် မနည်း ထွက်ပြေးတိမ်းရှောင်လာကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်ရှိ ရဲကင်း ၃၀ ကို တိုက်ခိုက်ခဲ့ရာ မြန်မာ့တပ်မတော်က တန်ပြန်စစ်ဆင် နှိမ်နင်းမှုများကြောင့် ဘင်္ဂါလီများသည် သြဂုတ်လ ၂၅ ရက်ကတည်းက စတင် ထွက်ပြေးတိမ်းရှောင်လာသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက အစီရင်ခံစာတစောင် ထုတ်ပြန်ရာတွင်လည်း မြန်မာစစ်တပ် က ရိုဟင်ဂျာများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးခဲ့ကြောင်း၊ မောင်းထုတ်သည့်အပြင် နောက်ပြန်မလာနိုင်စေရန် ရည်ရွယ်ကြောင်း ယုံကြည်ရလောက်သည့် သတင်းအချက်အလက်များ ရရှိထားသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Scot Alan Marciel အား ရန်ကုန်မြို့၊ ကုန်းမြင့်သာယာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်တွင် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တာဝန်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို မထိပါးမထိခိုက်စေရန်၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် တိုင်းရင်းသားများ၊ နိုင်ငံသူ နိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ယင်းတာဝန်ကို နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော်လည်း ဥပဒေမဲ့ဆောင်ရွက်၍မရကြောင်း၊ ထိုဖြစ်စဉ်တွင် တရားဥပဒေကို ကျော်လွန်၍ လုပ်ဆောင်ခဲ့မှု မရှိဟု ပြောဆိုခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – ရခိုင်ပြည်အရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကို တပ်မတော်မှ ကူညီနေဟု တပ်ချုပ်ပြော