ထိုင်း-မြန်မာနယ်စပ် အနီး ကရင်ပြည်နယ် ဘုရားသုံးဆူတွင် ကရင်နှင့်မွန် လက်နက်ကိုင် အဖွဲ့များအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွား၍ တနင်္လာနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ရေး တင်းမာမှု တိုးလာနေကြောင်း ဒေသခံ သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အင်အားစုတခုဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) က မွန်အမျိုးသား လွတ်မြောက်ရေး (MNLA) တပ်များ စခန်းချထားသည့် သဒိန်ကျေးရွာ သွားရာလမ်း မှန်သမျှကို ပိတ်ဆို့ထားသဖြင့် စစ်ရေးတင်းမာမှုများ တိုးပွားလာခြင်း ဖြစ်သည်။
နှစ်ဘက်စလုံးက တဘက်အခြေအနေကို မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်နေကြပြီး KNLA က စစ်ကူများ ထပ်ခေါ်ကာ မွန်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရန် ပြင်ဆင်နေ ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ (NMSP) က မြန်မာ့တပ်မတော်သို့ ဗုဒ္ဒဟူးနေ့က သတင်းပို့ပြီး ယင်းနယ်မြေတွင် KNLA ဘက်မှ လမ်းများ ပိတ်ဆို့ထားကြောင်း၊ ရွာရှိအရေးပေါ်လူနာများ ဆေးကုသဖို့အခက်ခဲဖြစ်ကြောင်း ကြားသိရသည်။
၎င်းတို့ အကြောင်းကြားမှုကြောင့် KNLA ဘက်မှ လမ်းတလမ်း ပြန်ဖွင့်ပေးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ၏ အဆိုအရ သိရသည်။
“အရပ်သားတွေပဲ သွားလာနိုင်ဖို့ သူတို့က လမ်းတလမ်း ပြန်ဖွင့်ပေးပေမယ့် ကျနော်တို့တပ်တွေ လှုပ်ရှားမှု ရပ်အောင် တခြား လမ်းတွေကို သူတို့ ပိတ်ထားတုန်းပါ” ဟု မွန်ပြည်သစ်ပါတီ ဒုတိယ ဆက်ဆံရေးအရာရှိ နိုင်အောင်သိန်းက ဧရာဝတီသို့ ကြာသပတေးနေ့က ပြောသည်။
အကယ်၍ KNLA ရွာထဲဝင်လာမည်ဆိုလျှင် ၎င်းတို့တပ်နှင့် ထိတွေ့မှုဖြစ်မည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
“ကျနော်တို့က သူတို့ကို ထွက်ပြီး မတိုက်ပါဘူး။ ဒါပေမယ့် တကယ်လို့ သူတို့က ကျနော်တို့နယ်မြေထဲ ဝင်လာရင်တော့ ကျနော်တို့ ပြန်တိုက်ဖို့ ပြင်ဆင်နေပါတယ်” ဟု သူက ဆိုသည်။
သစ်ထုတ်လုပ်ရေးစီမံကိန်း လုပ်ဆောင်နေသည့် မွန်ပြည်သစ် ပါတီဝင်များရှိရာ နှစ်ဘက် အငြင်းပွားနေသော နယ်မြေတွင် KNLA နှင့် MNLA တို့အကြား တနင်္လာနေ့က အသေးစား ထိတွေ့မှုဖြစ်ပွားခဲ့သည်။
သစ်ထုတ်လုပ်ရေး ရပ်တန့်ရန် KNLA တပ်များက လာရောက်တားမြစ်သည့်အခါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
“အဓိကပြဿနာကတော့ သူတို့ ထိန်းချုပ်နယ်မြေထဲမှာ သစ်လာခုတ်တယ် ဆိုပြီး ကျနော်တို့ကို စွပ်စွဲတာပဲ။ ဒါပေမယ့် အဲဒါ မဟုတ်ပါဘူး။ ဒီနယ်မြေက ကျနော်တို့ ထိန်းချုပ်မှုအောက်မှာ ရှိတာပါ” ဟု ၎င်းက ပြောသည်။
သစ်ထုတ်စီမံကိန်း နယ်မြေထဲသို့ ဝင်ရောက်လာသည့် ဒေသခံတဦးက တဆင့် ညှိနှိုင်းရန် KNLA က ကမ်းလှမ်းကြောင်း တနင်္လာနေ့ တိုက်ပွဲနှင့်ပတ်သက်၍ ၎င်းက အသေးစိတ်ရှင်းပြသည်။ သို့သော် အဆိုပါ ဒေသခံ ထွက်ခွာသွားလျှင် သွားချင်း NMSP တပ်ဖွဲ့ဝင်များဘက်သို့ KNLA က စတင် ပစ်ခတ်ခဲ့သည်။
“သူတို့က စပစ်တာပါ။ ကျနော်တို့တပ်တွေအနားထိ ကျည်တွေ ကျလာပါတယ်။ ကံကောင်းချင်တော့ ကျနော်တို့ ဘက်က ထိခိုက်မှုမရှိပါဘူး” ဟု နိုင်အောင်သိန်းက ပြောသည်။
KNLA တပ်များ ယင်းနယ်မြေထဲမှ ပြန်လည် မထွက်ခွာမီအထိ မိနစ် ၃၀ ကြာ ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ယင်း ပစ်ခတ်မှုများကြောင့် ထိခိုက် ပျက်စီးမှုအခြေအနေကိုမူ နှစ်ဘက်စလုံးမှ သတင်း ထုတ်ပြန်ခြင်း မရှိပေ။
နယ်မြေ အငြင်းပွားမှုနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းကြမည့် အခြေအနေနှင့် ပတ်သက်၍ နိုင်အောင်သိန်းက ဆက်လက် ရှင်းပြရာတွင် ၎င်းပါတီ ထိပ်ပိုင်းက KNU နှင့် တွေ့ရန် သဘောတူခြင်းရှိ/ မရှိ မသိရှိကြောင်း သူက ဆိုသည်။
NMSP ဆက်ဆံရေးရုံးက တဘက် အဖွဲ့အစည်း ဆက်ဆံရေးရုံးသို့ စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းခဲ့သော်လည်း KNU ဘက်က တုံ့ပြန်ဖြေကြားခြင်း မရှိပေ။
ဧရာဝတီက ဘုရားသုံးဆူရှိ KNU ဆက်ဆံရေးရုံးသို့ သဘောထား မှတ်ချက် တောင်းခံရန် ကြိုးစား ဆက်သွယ်ကြည့်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက တုန့်ပြန်ခြင်း မရှိပေ။
အဆိုပါ အငြင်းပွားနေသော နယ်မြေသည် ၁၉၉၅ ခုနှစ်၌ မြန်မာ စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ် ရပ်စဲရေးရယူ ပြီးကတည်းက တည်ငြိမ်အေးချမ်းနေသော နယ်မြေဖြစ်သည်။ KNU နှင့် မွန်ပြည်သစ်ပါတီ နှစ်ဘက်စလုံးက နောက်ပိုင်းတွင် နှုတ်ကတိအားဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားတိုးတက်ရေး အတူလုပ်ကိုင်သွားရန် သဘောတူခဲ့ရာ အထူးသဖြင့် သစ်တောနယ်မြေဘက်တွင် လုပ်ကိုင်သွားရန် ဖြစ်သည်။
ယခင်က ယင်းနယ်မြေထဲတွင် မွန်ပြည်သစ်ပါတီက သစ်ထုတ်လုပ်ရေး စီမံကိန်းချခဲ့ရာ ၎င်းတို့ခုတ်လှဲပြီး သစ်တတန်လျှင် ထိုင်းဘတ်ငွေ ၄၀၀ ကို KNU သို့ ပေးရန် သဘောတူညီမှု ရခဲ့သည်။ သို့သော် ထိုစဉ်က အဆိုပါ ငွေကြေးကို KNU က လက်မခံခဲ့ဘဲ ၎င်းတို့သာ ပိုင်ဆိုင်သည့်နယ်မြေဟု အခိုင်အမာဆိုထားခဲ့သည်။
( Lawi Weng ၏ Tensions High Following Mon-Karen Clash at Three Pagodas Pass ကို ဘာသာပြန်သည်။)