ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တနင်္သာရီတိုင်း မြိတ်မြို့ တွင် ပြောကြားခဲ့သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ) ၏ ပြောကြားချက်များနှင့် ပတ်သက်၍ အရေးယူရန် အစိုးရက ကြိုးစားလျက် ရှိသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဦးဝီရသူ၏ ပြောဆိုချက်များနှင့် ပတ်သက်၍ အသံဖိုင်များကို စိစစ်နေပြီး ယင်း ပြောဆိုချက်များသည် ဥပဒေနှင့် ညီညွှတ်မှု ရှိ၊ မရှိ သုံးသပ်နေကြောင်း၊ ဥပဒေနှင့်မညီပါက အရေးယူရမည် ဖြစ်ကြောင်း ယင်း ဝန် ကြီးဌာနမှ အမြဲတန်း အတွင်းဝန် ဦးမြင့်ဦးက ဧရာဝတီသို့ ပြောသည်။
“လုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲ လုပ်တာ ကောင်းတယ်။ လုပ်တာကတော့ လုပ်မှာ။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ ညီဖို့ပဲ။ သူပြောတဲ့ ဥစ္စာတွေကို သေချာမှုရှိအောင် Confirm လုပ်ရမှာ။ အခု အသံဖိုင်တွေ ဘာတွေကို စိစစ်နေတယ်။ စိစစ်ပြီးတော့ ဝန်ကြီး ပြောတဲ့အတိုင်းပဲ အမှုတည်ဆောက်ပြီးတော့ ဆက်လုပ်မှာပေါ့”ဟု ဦးမြင့်ဦးက ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ရည်ညွှန်း၍ ဟောပြောချက်များနှင့် ပတ်သက်ပြီး ဦးဝီရသူကို တရားစွဲရန် အမှုတည်ဆောက်နေသည်ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြောင်း ယနေ့ထုတ် 7 Day နေ့စဉ် သတင်းစာ တွင် ရေးသားထားသည်။
မနေ့က နေပြည်တော်တွင် ကျင်းပသည့် ဘာသာပေါင်းစုံ ငြိမ်ချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဝန်ကြီး သူရဦးအောင် ကိုအား ဧရာဝတီက ဦးဝီရသူအကြောင်း မေးမြန်းရာ မပြောချင်ကြောင်း ငြင်းဆိုခဲ့သော်လည်း မေ ၆ ရက်နေ့ ညပိုင်းတွင် 7 Day နေ့စဉ် သတင်းစာ သို့ တရားစွဲဆိုမည့် ကိစ္စကို အတည်ပြုပေးခဲ့သည်။
ယင်းဝန်ကြီးဌာန၏ အမြဲတန်း အတွင်းဝန် ဦးမြင့်ဦး “ဒီကိစ္စက လှုပ်လှုပ်ရွရွ ဖြစ်နေတော့ ဒီဘက်မှာတို့က လေ့လာနေတယ်။ ဒီဥစ္စာ ကို ဘယ်လို ကိုင်တွယ်ရမလဲပေါ့။ စီစဉ်တုန်းပဲ ရှိပါသေးတယ်။ ဝန်ကြီးက အဲလို ပြောလိုက်တယ်ဆိုလည်း သူပြောတဲ့ အတိုင်းပဲပေါ့ ကွာ။ အလုပ်တခုလုပ်ရင် သေချာအောင် အသံဖိုင်တွေဘာတွေနဲ့ သေချာစိစစ်ရဦးမှာ။ သူပြောတာတွေက မှန်လား၊ မှားလား။ အဲဒီ အထဲမှာ ညှိစွန်းတာ ရှိလား၊ မရှိလားဆိုတာလည်း လုပ်ရသေးတယ်”ဟု ပြောသည်။
ဧပြီလ ၅ ရက်နေ့က မြိတ်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲတွင် ဦးဝီရသူ၏ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ပြောဆိုသော ၂ မိနစ်ခွဲခန့်ရှိ ဗီဒီယိုဖိုင်တခု လူမှု ကွန်ရက်တွင် ပျံ့ နှံခဲ့သည်။
ယင်းဗီဒီယိုဖိုင်တွင် ဦးဝီရသူက‘‘မိတ်ကပ်လေး လိမ်းဖို့လောက်တတ်၊ ဖက်ရှင်လေးဝတ်ဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ ကော့ ကော့ လျှောက်သွားဖို့ လောက်တတ်၊ ဒီကြားထဲ နိုင်ငံခြားသားတွေ တွေ့ရင် ဖင်က ယမ်းချင်သေးတယ်။ ဒီလောက်သရမ်းနေတဲ့ ဟာ ကြီးကို သမ္မတ တင်ချင်သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ သေချာပေါက်”ဟု မိန့်ဆိုနေသည်ကို တွေ့ ရသည်။
ထို့ပြင် အစိုးရက ရခိုင်အရေး ကော်မရှင် ဖွဲ့ စည်းရာတွင် ပြင်ပအားကိုးနေမှုများကို ဆက်လက် ဝေဖန်ခဲ့ပြီး ပြည်ပကို အလွန်အား ကိုးနေချင်ပါက “ပြည်သူတရပ်လုံး ကုံးသာပေးလိုက်တော့” ဟုလည်းကောင်း၊ “လွတ်လပ်ရေး ဘာလို ယူနေသေးလဲ” ဟုလည်းကောင်း ပြောဆိုခဲ့သည်ကို တွေ့ရသည်။
“ဗိုလ်ချုပ်ခဗျာ အသက်အသေခံပြီး လွတ်လပ်ရေး ယူသွားတယ်။ သူ့သမီးအကြောင်း မသိရှာလို့” ဟုလည်း ဦးဝီရသူက မိန့်ကြားခဲ့ သည်။
မေလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့်“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အား ကာကွယ် စောင့်ရှောက် ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲ”တွင် ဆရာတော် ဦးဝီရသူက လွှတ်တော်ထဲတွင် အမုန်းခံ၍ တာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း မိန့်ကြားခဲ့သေးသည်။
ဆရာတော် ဦးဝီရသူ၏ ပြောဆိုချက်များသည် ဗုဒ္ဓသာသာနာကို ညိုးနွမ်းစေသဖြင့် အရေးယူသင့်ကြောင်း၊ ဗုဒ္ဓဘုရားရှင်က စစ်သားကို ဘုရားလို ကိုးကွယ်ရန် မဟောပြောခဲ့ကြောင်း၊ ထို့ကြောင့် သံဃာထုက ဦးဝီရသူကို ဝိုင်းကျဉ်ပြီး ရဟန်းအဖြစ် မသတ်မှတ်သင့် တော့ကြောင်း မြဝတီ ကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာ ဘိဝံသက ဧရာဝတီသို့ မိန့်သည်။
“ရဟန်းတွေကနေ ကျင်လိုက်ပြီ ဆိုတာကို ပကာသနိယကံပြုဖို့ အချိန်တန်နေပြီ။ ကြာလှပြီ။ အချိန်တောင် လွန်နေပြီ။ အရူး၊ အရူးနဲ့ အိမ်ဦးတက်ပြီး ချီးပါနေတာ ဗမာပြည် တပြည်လုံးလည်း ချီးတွေ ပေနေပြီ။ သာသနာကလည်း ချီးတွေ ပေနေပြီ။ အခု ဘုန်းကြီးတွေ နိုင်ငံခြားမှာ ဆိုရင် ဒီဘုန်းကြီးဝတ်နဲ့ မသွားရဲကြတော့ဘူး”ဟု ဆရာတော်က မိန့်သည်။
ထို့ကြောင့် ဦးဝီရသူ သီတင်းသုံးနေထိုင်လျက်ရှိသည့် မစိုးရိမ် တိုက်သစ်၊ တိုက်ဟောင်းတို့တွင် တာဝန်ရှိကြောင်း၊ မြို့နယ် သံဃာ မဟာနာယက၊ နိုင်ငံတော် သံဃာမဟာ နာယကတို့တွင် တာဝန်ရှိကြောင်း၊ ယင်းအဖွဲ့များသည် ဦးဝီရသူ ကိစ္စကို မဖြေရှင်းပါက မည်သည့်ကိစ္စကို ဆောင်ရွက်မှာပါလဲဟု မေးခွန်းထုတ်ရတော့မည် ဖြစ်ကြောင်း မြဝတီ ကျောင်းတိုက်ဆရာတော်က ဆက်လက် မိန့်ကြားသည်။
ဧရာဝတီက ယခု အစိုးရ၏ အရေးယူဆောင်ရွက်လာမှုများနှင့် ပတ်သက်၍ ဦးဝီရသူထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်သော်လည်း ဧရာဝတီကဟု မိတ်ဆက်သည့်အခါ ရယ်မောပြီး ဖုန်းချသွားခဲ့သည်။
ဦးဝီရသူနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးလှဆွေကမူ ဦးဝီရသူ၏ ပြောဆိုချက်များ သည် ယခင် အစိုးရလက်ထက်က NLD ပါတီမှ ဦးမျိုးရန်နောင်သိန်းက သမ္မတ ဦးသိန်းစိန်ကို ပြောဆိုခဲ့သည်လောက် မပြင်းထန် ကြောင်း၊ ယခု အစိုးရအနေဖြင့် အာဏာရှိ၍ သူတို့ လုပ်ချင်သလို လုပ်၍ ရကြောင်း ဧရာဝတီသို့ ပြောသည်။
“အခု ဆရာတော် ပြောတာက မျိုးရန်နောင်သိန်း ပြောတာလောက် မပြင်းထန်ဘူး။ မျိုးရန်နောင်သိန်းက ဦးသိန်းစိန်ကို ဘယ်လို ပြောဖူးလဲဆိုတော့ “အုတ်ကြားမြက်ပေါက်၊ ကလေကဝ၊ ပေါက်လွှတ်ပဲစား” ဒီလိုမျိုး ပြောတာပါ။ အဲလို ပြောခဲ့ပေမယ့် သမ္မတ ဦး သိန်းစိန်က မျိုးရန်နောင်သိန်းကို ဘာမှ မလုပ်ဘူး”ဟု ဦးလှဆွေက ပြောသည်။
၎င်းက ဆက်၍ “အခု ဦးဝိရသူ ပြောတာက ဒေါက်ဖိနပ်ကလေး စီးပြီးတော့ ကြွကြွနဲ့ သွားတယ်ဆိုတာလောက်ပဲ ပြောတာ။ မျိုးရန် နောင်သိန်းကမှ ပယ်ပယ်နယ်နယ်၊ ပစ်ပစ်နှစ်နှစ် ဦးသိန်းစိန်ကို ပြောခဲ့တာ။ အဲဒါကို သမ္မတကြီး ဦးသိန်းစိန်ကတော် ဒေါ်ခင်ခင်ဝင်း က ကျနော်ကို ပြောဖူးတယ်။ ဒီကလေးလေးက ကျမယောက်ကျာ်း ဦးသိန်းစိန်မှာ ဘာအပြစ်ရှိလို့ ဒီလို ပြောတာလဲ မသိဘူးတဲ့။ ဒါပေမယ့် ဦးသိန်းစိန်က ဘာမှ အရေးမယူခဲ့ဘူး။ အဲဒါကြောင့် ဦးဝီရသူ ပြောတာက မျိုးရန်နောင်သိန်း ပြောတာလောက် မပြင်းထန်ဖူးလို့ ယူဆတယ်”ဟု ဆိုသည်။
ဦးဝီရသူသည် မန္တလေးမြို့ မစိုးရိမ် တိုက်သစ်တွင် သီတင်းသုံးနေထိုင်သည့် ဗုဒ္ဓဘာသာ ရဟန်းတော် တပါးဖြစ်ပြီး မွတ် စလင် ဆန့်ကျင်ရေး ဆရာတော်တပါးအဖြစ် လူသိများသည်။ အမျိုးသားရေး လှုပ်ရှားသူများဟု မိမိကိုယ်ကိုယ် ခေါ်ဆိုနေသူများကမူ ဦးဝီရသူကို အခိုင်အမာ ထောက်ခံကြသည်။
ဦးဝီရသူသည် ၎င်း၏ ဟောပြောချက်များကြောင့် ၂၀၁၇ ခုနှစ်၊ မတ်လမှ ၂၀၁၈ ခုနှစ် မတ်လ အထိ တရားဟောခွင့် တနှစ်တိတိ အပိတ်ခံခဲ့ရဖူးပြီး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်ခဲ့သည့် ကြည်လင်းဆိုသူနှင့် ၎င်း၏ အပေါင်းအပါများကို ကျေးဇူး တင်ကြောင်း လူမှုကွန်ရက်တွင် တင်ခဲ့သောကြောင့် ဖြစ်သည်ဟု ထိုစဉ်က အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထိုသို့ လူမှုကွန်ရက်တွင် အမုန်းစကားများ ရေးသားနေမှုများကြောင့် ဦးဝီရသူအမည်ဖြင့် အကောင့်ဖွင့်လှစ်ထားမှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် Facebook က အပြီးအပိုင် ပိတ်သိမ်းခဲ့သည်။ ထို့ပြင် ဆရာတော်သည် ၂၀၁၂ ခုနှစ် နောက်ပိုင်း ရခိုင် အရေးအခင်းများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုများကြောင့် နာမည်ကျော် TIME မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် “Face of Buddhist Terror” အဖြစ် ဖော်ပြခြင်း ခံခဲ့ရဖူးသည်။