ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ပြုလုပ်သည့် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ဆွေးနွေးပွဲ သည် တရုတ်ဖိအား ကြောင့် ဖြစ်ပေါ်လာသည့် “ဟန်ပြ” ဆွေးနွေးပွဲ တခုသာ ဖြစ်ဟု ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ တာဝန်ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။
“ဒီဆွေးနွေးပွဲကို ပြန်ကြည့်ပြီး ဒါက အောင်မြင်တဲ့ ဆွေးနွေးပွဲတရပ် မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တွေ့ဆုံဆွေးနွေး မှုက ဒီအစိုးရဘက်က တက်လာတဲ့လူတွေက ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ကိုယ်စားလှယ် တွေ မပါဘူး။ သူတို့က တရုတ်ရဲ့ ဖိအားကြောင့် လာပြီး ပြပြီးတော့မှ ဟန်ပြဆွေးနွေးပွဲ ဖြစ်တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
သြဂုတ် ၃၁ ရက်နေ့ ဆွေးနွေးပွဲတွင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ပလောင်(တအန်း) အမျိုးသား လွတ် မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA)တို့၏ နိုင်ငံရေး ဦးဆောင်အဖွဲ့များဖြစ်သည့် KIO၊ PSLF ၊ MNTJP ၊ ULA ၄ဖွဲ့နှင့် အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)မှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲအပြီး ပူးတွဲ ထုတ်ပြန်ချက်၌ တွေ့ဆုံရာတွင် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ရေး၊ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရေးကို ဦးတည်၍ ရင်းရင်း နှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြပါသည်ဟု ဖော်ပြပါရှိသည်။
“ဒါကြောင့်မို့လည်း ကျနော်တို့က လက်တွေ့တိုက်ပွဲဖြစ်နေတဲ့ဟာကို ဘယ်လိုရပ်တန့်မလဲ ဆိုတဲ့ဟာကို မဆွေးနွေးနိုင်ဘူး။ အပစ်ရပ်ဆိုင်ရာ ကိစ္စတွေမှာ လက်တွေ့ ညှိနှိုင်း ဆောင်ရွက်မှု မလုပ်နိုင်ဘူး။ အဲဒါ ကြောင့် ဒီလိုပဲ ဆွေးနွေးပွဲတွေက လူထု ကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဆွေးနွေးပွဲတွေပဲ ဖြစ်တယ်” ဟု TNLA အဖွဲ့ တွင် ဗိုလ်မှူးချုပ် တာဝန်ယူထားသူ တာဘုန်းကျော်က ပြောသည်။
ယခု ဆွေးနွေးချက်များသည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဝင်အားလုံးကို ကိုယ်စားပြုကြောင်း ပြောဆို ပြီး ၎င်းတို့ဘက်မှ လက်တွေ့ကျသည့် ဆွေးနွေးပွဲများ ဖြစ်လာရန် အစိုးရဘက်သို့ တင်ပြခဲ့သည်ဟု သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တရုတ်ကခေါ် လို့ သွားဆွေးနွေးရ တာ ဘယ်သူလဲဆိုတာ သူတို့ အသိဆုံးပါ”ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ဧရာဝတီက ထပ်မံဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
သြဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကျိုင်းတုံဆွေးနွေးပွဲ အပြီး တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှု အပေါ် ဦးဇော်ဌေး က“နယ်စပ်တည်ငြိမ်ရေးက တရုတ်နိုင်ငံရော မြန်မာနိုင်ငံအတွက်ပါ အကျိုးစီးပွား ဖြစ်တယ်။ အဲ့ဒီအတွက် တရုတ်နိုင်ငံရဲ့ စီစဉ်ဆောင်ရွက်ပေးမှု အပေါ် ကျေးဇူးတင်တယ်။ ဆွေးနွေး တာကတော့ ကျွန်တော်တို့အချင်းချင်းပဲ ဆွေးနွေးရတာပါ”ဟု သတင်းထောက်များကို ပြောသည်။
ငြိမ်းချမ်းရေးကို လိုလားသည့် ဆန္ဒရှိမှ ဆွေးနွေးပွဲများ အောင်မြင်မည် ဖြစ်ကြောင်း၊ လိုလားချက် များမှာ သူ့ဘက် ကိုယ့် ဘက်ရှိသော် လည်း တကယ့် ဒုက္ခခံစားနေရသည့် ပြည်သူများအပေါ်တွင် ရှေးရှု့ရန်လိုကြောင်း သူက ပြောဆိုသည်ဟု သိရသည်။
“အစိုးရ ပေါ်လစီက ရှင်းတယ်။ အရပ်သား ပစ်မှတ်တွေကို တိုက်ခိုက်တာသည် အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်။ ဒီလို လက်နက်ကိုင် တိုက်နေရုံနဲ့ အဖြေမထွက်ဘူး။ တိုင်းရင်းသား တန်းတူပြဌာန်းခွင့်၊ ဖက်ဒရယ်အတွက် တိုက်လာတာ။ ဒါတွေသည် အဖြေမထွက်ဘူး။ တိုက်ပွဲတွေကြောင့် နိုင်ငံက ခေတ်နောက်ကျတာပဲ ရှိတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
လက်တွေ့တွင်လည်း ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ များ၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသကဲ့သို့ နှစ်ဖက် တိုက်ပွဲများအတွင်း အရပ်သားများ သေဆုံးခဲ့ပြီး စစ်ဘေးရှောင်များ များပြားလာခဲ့သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြုလုပ်နေသည့် စစ်ဆင်ရေး ရပ်တန့်ပေးရန် မြောက်ပိုင်းမဟာမိတ် အဖွဲ့ကို တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်က သြဂုတ် ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခေါ်ယူ၍ ဖိအားပေးခဲ့သေးသည်။
တရုတ်နိုင်ငံ၏ ဖိအားသည့် ၂ ဖက်စလုံးတွင် ရှိနေပြီး ယခင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ဦးနေဝင်း အစိုးရလက်ထက် ကလည်း တရုတ်၏ ကြားဝင်မှုဖြင့် နှစ်ဖက် တွေ့ဆုံခဲ့သော်လည်း မအောင်မြင်ခဲ့သ လို ယခုလည်း ထိုအတိုင်းပင် ဖြစ် ကြောင်း သီပေါမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်သည်။
“အခုလည်း အဲဒီလိုပဲ။ နှစ်ဖက်လုံးက ယုံကြည်မှု မရှိဘူး။ သိပ်ပြီးတော့ ဆန္ဒ မရှိကြဘူး။ ဒီလိုပဲ သုံးသပ်ရမှာပေါ့”ဟု ဦးရဲထွန်းက ပြောသည်။
ကျိုင်းတုံ ဆွေးနွေးပွဲတွင် လက်ရှိတိုက်ပွဲများ ရပ်တန့်ရန် ရခိုင်၊ ပလောင်ဒေသများတွင် တပ်မတော် ဘက်မှ စစ်ရေး လှုပ်ရှား မှုများ ရပ်တန့်ပေးရန် မြောက်ပိုင်း မဟာမိတ်များဘက်မှ တောင်းဆိုခဲ့ ကြောင်း၊ အပစ်ရပ်ပြီးမှသာ စစ်မှန်သည့် ဆွေးနွေးမှု စနိုင်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
“ပြီးတော့ သူတို့ဘက်က မိုင်းလားတုန်းက ပေးခဲ့တဲ့ မြန်မာ့တပ်မတော်က ရေးခဲ့တဲ့ မူကြမ်းကို ကျနော် တို့ လက်မခံနိုင်ဘူး ပြောတယ်။ ကျနော်တို့ လက်ခံနိုင်တဲ့ အပစ်ရပ်မူကြမ်းဆိုင်ရာကို ကျနော်တို့ ၄ ဖွဲ့ ပြုစုထားတာ ရှိတယ်။ ၄ ဖွဲ့စလုံးက ကျနော်တို့ တပုံစံပဲ သဘောတူနိုင်တယ်။ ကျနော်တို့ဘက်က အပစ်ရပ်မူကြမ်းကို ပြန်ပေးခဲ့တယ်”ဟု TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။
၎င်းက ဆက်၍“ဒါကြောင့် ဒီအစည်းအဝေးက ရှေ့ လုပ်ငန်းစဉ်တွေ ဘယ်လိုလုပ်မလဲဆိုတာ အများ ကြီး မဆွေးနွေးနိုင်ဘူး။ ဒါကြောင့် ဒီအစည်းအဝေးက အပြသဘော ဟန်ပြသဘောလို့ ပြောနိုင်ပါတ ယ်။ လူထုနားလည်မှုလွဲအောင် ဟန်ပြန် ဆွေးနွေးတဲ့ သဘောပါပဲလို့ ပြောချင်ပါတယ်”ဟု ပြောသည်။
ထို့ပြင် လက်ရှိတိုက်ပွဲများကိုလည်း ရပ်တန့်၍ မရကြောင်း၊ ၎င်းတို့ တောင်းဆိုသည့် တပ်မတော်ဘက် မှ စစ်ဆင်ရေးများ ရပ်မှသာ ရပ်တန့်နိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်၏ ထိုးစစ်မှာ တောထဲအထိ ရောက်လာသဖြင့် ရပ်တန့်ရန် အခက်အခဲ ရှိကြောင်းလည်း မြောက်ပိုင်း မဟာမိတ်များက ပြောသည်။
အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ ဆွေးနွေးနေသည့် သြဂုတ်လ ၃၁ ရက်နေ့တွင်ပင် ရှမ်းပြည် နယ်၊ ကွတ်ခိုင်မြို့ နယ်တွင် လက် နက်ကြီးကျည် ကျရောက်သဖြင့် ကလေးငယ် ၂ ဦး အပါအဝင် အပြစ်မဲ့ အရပ်သား ၅ ဦး သေဆုံးခဲ့ ရသည့်အပေါ် ပြည်သူလူထုက စိတ်ပျက် ဒေါသထွက်ခဲ့ကြသည်။
သြဂုတ်လ ၁၅ ရက်နေ့က TNLA၊ MNDAA-ကိုးကန့်အဖွဲ့၊ AA တို့ ပူးပေါင်းသည့် အဖွဲ့များက ပြင်ဦးလွင်နှင့် နောင်ချိုမြို့ နယ်များတွင် စတင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်မှ အရာရှိ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံးသွားခဲ့ပြီး နောက်ပိုင်း ယင်းပဋိပက္ခမှာ ယနေ့အချိန်အထိ အပြီးမသတ်နိုင်သေးပေ။
ကျိုင်းတုံဆွေးနွေးပွဲသည် တရုတ်ဖိအားကြောင့် ဖြစ်ပေါ်လာသည့် ဟန်ပြဆွေးနွေးပွဲသာ ဖြစ်ဟု ဆိုသော TNLA မှ တာဝန်ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်၏ ပြောဆိုချက် နှင်ပတ်သက်၍ ယင်းဆွေးနွေးပွဲတွင် ပါဝင်သည့် အဖွဲ့တဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၏ သဘောထားကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ဆက်စပ်ဖတ်ရှု့ရန်
တိုက်ပွဲများ ရပ်တန့်ရေး တပ်မတော်နှင့် ဆွေးနွေးရန် မြောက်ပိုင်းအဖွဲ့ သဘောတူ
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံတွင် ညှိနှိုင်းမည်