စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် လွှတ် တော် ကိုယ်စားလှယ်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို စာကပ်၍ အသက်အန္တရာယ် ခြိမ်းခြောက်ကြောင်း ကာယကံ ရှင် များက ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ခြိမ်းခြောက်ခံနေရသူများမှာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးလွင်နှင့် ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းသီဟတို့ ဖြစ်ကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က“အဓိကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဆိုတာ ဖွဲ့ထားတယ်။ အဲဒီ မှာ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အဖွဲ့က သတင်းရပြီဆိုရင် ရတဲ့အတိုင်း ရဲတပ်ဖွဲ့တွေနဲ့ ပေါင်း စည်းပြီးတော့ လှုပ်ရှားနေတယ်။ အဲဒီမှာ အုပ်ချုပ်ရေးမှူး အိမ်ရှေ့မှာ ရေအိုးစင်လေး ရှိတယ်။ အဲဒီမှာ စာလာကပ် ထား တာ။ စာရွက်အစုတ်နဲ့ ပစ်စာ သဘောလိုပါပဲ။ ပစ်စာသဘော ဆိုတော့ ကျနော်တို့ အားလုံး သုံးသပ်တာတော့ မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ အဖွဲ့က ကျနော်တို့ကို မကျေနပ်လို့ကပ်တာလို့ ယူဆတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ခြိမ်းခြောက်စာကို နောင်ပိုအောင် စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းသီဟ၏ နေအိမ်ရှေ့ရှိ ရေအိုးစင်တွင် ပြီးခဲ့သည့် သြ ဂုတ်လ ၂၈ ရက်က လာကပ်ခဲ့ကြောင်း ထိုစာမကပ်ခင် တပတ်ခန့် အလိုတွင် နောင်ပိုအောင် စံပြကျေးရွာအတွင်း မူးယစ် ဆေးဝါး သတင်း အရ အိမ်တချို့ကို ၂ ကြိမ်တိုင်တိုင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။
ဦးကျော်ဌေးလွင်က“စာမကပ်ခင် တပတ်အလိုမှာ ကျနော်တို့ သတင်းရလို့ အိမ်တချို့ကို ဝင်ဖမ်းတာ ၁ အိမ်က ဘိန်းဖြူ ဆပ်ပြာခွက် ၉ ခွက်နဲ့ ပုလင်းအကြီး ၁ ပုလင်း ဖမ်းမိတယ်။ တအိမ်ကတော့ သိပ်မရလိုက်ဘူး။ အဲဒါပြီးတော့ အခုလို ခြိမ်း ခြောက်စာ ကပ်ပြီးတော့ ကျနော်တို့ကို ခြောက်လှန့်မှု လုပ်လာတာ”ဟု ပြောသည်။
ခြိမ်းခြောက်စာထဲ၌ “အုပ်ချုပ်ရေးမှူး စိုင်းသီဟ ငါတို့ ရှမ်းနီ အဖွဲ့ သိန်း ၅၀ အလိုရှိတယ်။ အဲဒါ မနက်ဖြန် ကြိုးတံတား အလယ်မှာ ည ၉ နာရီ လာပို့ပေးပါ”ဟု ရေးသားထားကြောင်း တွေ့ရသည်။
နောင်ပိုအောင်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းသီဟက“သူက ရေးတဲ့ စာရွက်က စုတ်စုတ်ပြတ်ပြတ် စာရွက်နဲ့ရေးတာ အဲဒါကြောင့် ရှမ်းနီတပ်က မဟုတ်နိုင်ဘူးလို့ ကျနော်တို့က ထင်တယ်။ ခြိမ်းခြောက်စာမျိုး စာကပ်ထားတာ။ အိမ်ရှေ့မှာ စာ လာကပ်သွားတယ်။ ကျနော်တို့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ လိုက်လံ ဖမ်းဆီးနေတယ်ဆိုတော့ ဒီအဖွဲ့တွေက လုပ်တာ လား မသိဘူး ခန့်မှန်းမိတာ။ ကျနော်တို့ကို အနည်းအငယ် တုံ့ဆိုင်းသွားအောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ မြင်တယ်”ဟု ပြောသည်။
ယခုလို ခြိမ်းခြောက်ခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် အပါအဝင် လွှတ်တော် ဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ဟုမ္မလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန တို့ကို အသိပေး အကြောင်းကြားထားကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပြသည်။
စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးတဦးက“အဲဒါ ကျနော်တို့ ဦးကျော်ဌေးလွင်ကို ခေါ်မေးတယ်။ သူက ယူဆ တာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ မကျေနပ်တဲ့လူက ရေးတယ်လို့ပဲ ယူဆတယ်။ ကျနော်တို့လည်း စုံစမ်းဖော် ထုတ်နေတယ်။ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ ဦးကျော်ဌေးလွင်ကိုခေါ်တွေ့တယ်၊ ဝန်ကြီးချုပ်လည်း ပါတယ်။ ကျ နော် တို့ သုံးသပ်တာကတော့ သူတို့က မူးယစ်ဆေးဝါး ဖမ်းတာရှိတယ်။ အဲဒီအဖွဲ့တွေက မကျေနပ်လို့ လုပ်တယ်လို့ သုံးသပ်တာပေါ့”ဟု ပြောသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းရွှေလည်း ခြိမ်းခြောက်စာများ အပို့ခံရသည်ဟု ဆိုသည်။
ဟုမ္မလင်း မြို့နယ်အတွင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး အတွက် နောင်ပိုအောင် စံပြကျေးရွာတွင် လွှတ်တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ လူငယ်များနှင့် ပရဟိတသမားများ၊ ရပ်မိရပ်ဖများ စသည့် အလွှာ အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကို ဖွဲ့စည်း၍ ဆောင် ရွက်နေကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းစဉ်ကို၂၀၁၅-၂၀၁၆ ခုနှစ်က စတင်လာခဲ့ရာ ယခုနှစ်အထိ ဆိုလျှင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သူ ၁၀၀ ကျော်ကို ဖမ်းဆီး အရေးယူထားနိုင်ပြီ ဖြစ်ကြောင်း နောင်ပိုအောင် စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းသီဟက ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အတွင်းသို့ ဝင်ရောက်နေသော မူးယစ်ဆေးဝါးများမှာ ဗန်းမောက်၊ ပင်လယ်ဘူး၊ ဖောင်းပြင် စသည့် ဒေသများ ဘက်ကနေ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများကလည်း ပြောဆိုသည်။
လက်ရှိတွင် ဟုမ္မလင်းမြို့နယ်အတွင်း ဘိန်းဖြူနှင့် WY ဆေးပြားများ ပေါများနေပြီး ဘိန်းစိမ်းမှာ ဈေးကြီးသည့်အတွက် ရှားပါးကြောင်း ဒေသခံများက ပြောသည်။
ဦးကျော်ဌေးလွင်က“ဘိန်းဖြူက ၅၀၀ ဖိုး၊ ၁၀၀၀ ဖိုးတောင် ဝယ်လို့ ရတယ်။ တခါ သုံးပေါ့လေ။ ဆေးပြားလည်း ပေါတယ်။ ဘိန်းစိမ်းကတော့ ကျနော်တို့ ဒေသအခေါ် ရွှေမျှော်ပိုင်ရှင် ပေါ်လိမ် (သူဌေးကို ဆိုလိုခြင်း) တွေပဲ ဝယ်သုံးနိုင်တာ။ သူတို့ ကကျတော့ ခပ်ပုံရှူတာပေါ့လေ၊ ဘိန်းစိမ်းက။ အဓိက ဗန်းမောက်၊ ပင်လယ်ဘူး၊ ဖောင်းပြင် ဘက်ကဝင်တာဆိုတော့ အဲဒီ လမ်းကြောင်းတွေ ပိတ်နိုင်ရင် အဆင်ပြေပြီ”ဟု ပြောဆိုသည်။
ယင်းသို့ ခြိမ်းခြောက်ခြင်း ခံရသော်လည်း ၎င်းတို့အနေဖြင့် လက်ရှိတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ဥပဒေနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒအသစ်ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းမူဝါဒကို အကောင်အထည်ဖော်မည့် အမျိုးသားမဟာဗျူဟာ စီမံချက်တခု ရေးဆွဲကာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် သမ္မတ ဦးဝင်းမြင့်က ပြောကြားသွား သည်။
မူးယစ်သတင်း၊ ရောင်းဝယ်ဖောက်ကားမှု သတင်းတွေ သာမက ထုတ်လုပ်သူ၊ မူးယစ်ရာဇာကြီးများ၏ သတင်းများကိုလည်း တိတိကျကျ တိုင်ကြားပေးရန်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် အတားအဆီး ဖြစ်နေသည့် တာဝန်ရှောင်လွှဲသူများ၊ အဂတိလိုက်စားသူများ ရှိခဲ့လျှင် အရေးယူမည်ဖြစ်သဖြင့် အမျိုးသားရေး တာဝန်အဖြစ် အချက်အလက် ပေးပို့ကြရန်၊ တိုင်း နှင့် ပြည်နယ် အစိုးရများ၊ အုပ်ချုပ်ရေးဌာန အဆင့်ဆင့် အနေနှင့် “မူးယစ်ဆေးဝါးကိစ္စ၊ ခြွင်းချက်လုံးဝ မထားရ” ဆိုသည့် မူဝါဒကို အလေးထားလိုက်နာ ဆောင်ရွက်ရန်လည်း သမ္မတက တိုက်တွန်းထားသည်။
ထို့ပြင် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ လူထုထံမှ ပေးပို့ တိုင်ကြားသည့် တိုင်ကြားစာ သတင်းအချက်အလက်များကို စနစ်တကျ စိစစ်လက်ခံပြီး ဖမ်းဆီးလျက်ရှိ ကြောင်းလည်း သမ္မတ ဦးဝင်းမြင့်က ပြောဆိုထားသည်။