ပညာရေး လောကနှင့် နိုင်ငံရေး လောကတွင် ခေါင်းဆောင် ဖြစ်ခြင်းကိုသာ အလေးထားနေပါက နောက်လိုက် လုပ် မည့်သူ မည်သူရှိမည်လဲဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က “အားလုံးက ခေါင်းဆောင်တွေပဲ လုပ်ချင်ကြတယ်။ လူငယ်ခေါင်းဆောင်၊ အမျိုးသမီး ခေါင်း ဆောင်၊ တိုင်းရင်းသား ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်၊ စီးပွားရေး ခေါင်းဆောင် အားလုံးက ခေါင်းဆောင် လုပ်ချင် ကြရင် ဘယ်သူက နောက်လိုက် လုပ်မှာလဲ”ဟု မေးခွန်းထုတ်ခြင်း ဖြစ်သည်။
ယနေ့ နေပြည်တော်ရှိ MICC- 2 တွင် ကျင်းပသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည် ဖော်ရေး နှီးနှောဖလှယ်ပွဲ အခမ်းအနား အဖွင့် မိန့်ခွန်း၌ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ခေါင်းဆောင်ပိုင်းကိုသာ လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ ပူးပေါင်း ဆောင်ရွက်မှုကို အလေးထား လုပ်ဆောင်ခြင်းဖြင့် နိုင်ငံ အတွက် ပြည်သူလူထု အတွက် အကျိုးပြုနိုင်မည် ဖြစ်သဖြင့် Team work စိတ်ဓာတ်ဖြင့် လုပ်ဆောင်စေလို ကြောင်းလည်း ၎င်းက တိုက်တွန်း ပြောကြားသည်။
အဖွဲ့အစည်း တခုတွင် Team work စနစ်ဖြင့် ဆောင်ရွက်ခြင်းသည် အောင်မြင်သည်ဟု ဆိုသော်လည်း ခေါင်းဆောင် ပိုင်း မရှိပါက သတ်မှတ်ထားသည့် ပန်းတိုင်သို့ ရောက်ရှိရန် မလွယ်ကူကြောင်း၊ Team work တခုလုံးကို သယ်ဆောင် သွားနိုင်သည့် ခေါင်းဆောင်၏ အရည်အချင်း အရေးကြီးကြောင်း အနာဂတ် အလင်းတန်း ဆုံမှတ်မှ ဒါရိုက်တာ တဦး ဖြစ်သူ ဒေါ်သက်သက်အောင် က ဧရာဝတီသို့ ပြောသည်။
၎င်းက“လုပ်ငန်း အမှန်တကယ် အကောင်အထည်ဖော်ဖို့ တာဝန်ရှိတာက ခေါင်းဆောင်မှာ တာဝန်ရှိတာပါ။ ဆုံးဖြတ် ချက် ချရမယ့် အပိုင်းမှာဆိုရင် ခေါင်းဆောင်က ဆုံးဖြတ်ချက် ချရမှာပါ။ အားလုံးက ခေါင်းဆောင် မရှိဘူး။ ငါတို့ အကုန် လုံးက ခေါင်းဆောင်ဆိုရင် သူတလူ ငါတမင်းနဲ့ လုပ်ကြည့်ရင် တကယ် ခက်ခဲပါတယ်”ဟု ဆက်လက် ပြောဆိုသည်။
တယောက်တည်းပဲ ရှေ့ကနေ ဦးဆောင်မည် ဆိုသည့် စိတ်ဓာတ် မဟုတ်ဘဲနဲ့ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် မိမိ၏ အားနည်းချက်များကို ပြုပြင်နိုင်ပြီး အားသာချက်များကို လူအများအတွက် အသုံးချနိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။
၎င်းက“ကျမတို့ရဲ့ ပညာရေး လောကမှာရော၊ နိုင်ငံရေး လောကမှာရော အခုဆိုရင် သိပ်ခေတ်စားနေတဲ့ ခေါင်းဆောင် ဖြစ်မှု ဆိုတာကိုပဲ အလေးထားပြီးတော့ ပူးပေါင်းဆောင်ရွက်မှု အလေးမထားကြဘူး။ စုပေါင်းပြီးတော့ ဆောင်ရွက်မှ သာ ကျမတို့က အောင်မြင်နိုင်မှာပါ”ဟု ဆိုသည်။
ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကလည်း ဒီမိုကရေစီ စံနှုန်းအရ Team work လုပ်သည် ဆို သော်လည်း ဦးဆောင်မည့်သူ မရှိပါက အလုပ်တွင် မှန်ကန်မည် မဟုတ်ကြောင်း၊ လက်တွေ့လည်း မကျကြောင်း Team work ရှိရမည် ဖြစ်သဖြင့် အရည်အချင်းရှိပြီး ထက်မြက်သည့် ခေါင်းဆောင်ကောင်းကို ရွေးထုတ်ရမည် ဖြစ်ပြီး ယင်း ခေါင်းဆောင်က လှုပ်ရှားမှုကို ရှေ့ရောက်အောင် ခေါ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ဦးခင်မောင်ဇော်က“အများစုရဲ့ ဆန္ဒကို အရည်အချင်းရှိရှိ ဖော်ဆောင်ဖို့ ဆိုတာက ခေါင်းဆောင်ကောင်း တယောက် လိုပါတယ်။ အများစုရဲ့ ဆန္ဒကို တကယ် အကောင်အထည်ဖော်နိုင်တဲ့ ခေါင်းဆောင် ဖြစ်စေလိုပါတယ်”ဟု ဆိုသည်။
နိုင်ငံတခုလုံး ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရန်အတွက် ဒေသတခုချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပဓာနကျသည့် အတွက် ဒေသ အလိုက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသအတွင်းရှိသည့် သယံဇာတများနှင့် ဆက်စပ်ပြီး ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးချနိုင်ရေးတို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း အတိုင်ပင်ခံက ပြောသည်။
အတိုင်ပင်ခံက“အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ထောင်ရာမှာ ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုး တက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့ အတွက် စွမ်းရည် ထက်မြက်တဲ့ လူငယ်မျိုးဆက်သစ်တွေ လူ့စွမ်းအား အရင်းအမြစ်တွေရဲ့ အခန်း ကဏ္ဍ ဟာ အရေးကြီးပါတယ်”ဟု ပြောဆိုသည်။
ယနေ့ ကျင်းပနေသည့် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက် ၂ ရက် ကျင်းပသွားမည် ဖြစ်ပြီး တက္ကသိုလ် အဆင့်အတန်းများ မြင့်မားလာစေရန်နှင့် သုတေသန လုပ်ငန်းများ အားကောင်းလာစေရန် ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဟုလည်း သိရသည်။
You may also like these stories:
ဘဏ်ချေးငွေကိစ္စ ပြည်သူများ မစိုးရိမ်ကြရန် ဒေါ်အောင်ဆန်းစုကြည် ပြော
ဒေါက်တာ စိန်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
ပညာရေး ကဏ္ဍအတွက် ဘဏ္ဍာငွေ ချွေတာသုံးစွဲနေရမှု နိုင်ငံတော်၏ အတိုင်ပင်ခံ အားမရ
မြန်မာနိုင်ငံသည် မလွယ်ကူသည့် ကာလကို ဖြတ်ကျော်နေရဟု ဒေါ်အောင်ဆန်းစုကြည်ပြော