“တောင်သူလယ်သမားနေ့”ကို ပြောင်းလဲသတ်မှတ်ရန် ပြည်သူ့လွှတ်တော်၌ ယနေ့ မေးခွန်းမေးမြန်းရာ တပ်မတော်သည် လက်နက်အားကိုး၍ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည် ဆိုသော စကားရပ်ပါလာသည့် အတွက် မသုံးသင့်ကြောင်း၊ ထိုအသုံး အနှုန်းကို လွှတ်တော်မှ ပယ်ဖျက်ပေးရန် တပ်မတော်သား ကိုယ်စားလှယ်က ကန့်ကွက်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဒီပဲယင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမြင့် အောင်မှ တောင်သူ လယ်သမားနေ့အဖြစ် မတ်လ ၂ ရက်ကို သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးရန်နှင့် ဗြိတိသျှ နယ်ချဲ့ အစိုးရအား ဆရာစံ ဦးဆောင်ပြီး တောင်သူလယ်သမားများ ကိုယ်တိုင် စတင် တော်လှန်ခဲ့သည့် ဒီဇင်ဘာလ၂၂ ရက်ကို ပြောင်းလဲသတ်မှတ် အတည်ပြုပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်း မေးမြန်းစဉ် အထက်ပါ စကားရပ် သုံးနှုန်းခဲ့ခြင်း ဖြစ် သည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး မျိုးထက်ဝင်းက အဆိုပါ “တပ်မတော်သည် လက်နက် အားကိုး၍ အာဏာသိမ်း ခဲ့ခြင်း ဖြစ်သည်” ဆိုသည့် စကားရပ်ကို မသုံးသင့်ကြောင်း လွှတ်တော်မှ ပယ်ဖျက်ပေးရန် ကန့်ကွက်ခြင်း ဖြစ်သည်။
“တပ်မတော်ဟာ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့ခြင်း ဖြစ်တယ်ဆိုတဲ့ စကားလုံးက အဲဒီ ခေတ်၊ အဲဒီအချိန်၊ အဲဒီအခြေအနေရဲ့သမိုင်းဆိုင်ရာ ဖော်ပြချက်၊ အခြေအနေတွေ လေ့လာနိုင်ပါတယ်။ ယခုကာလမှာ ဒီစာသား၊ ဒီစကားလုံးဟာ မသုံးသင့် သုံးသင့်ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တယောက် အနေနဲ့ စဉ်းစားသင့်တယ်လို့ ယူဆ၍ ပယ်ဖျက်ပေးပါရန် တင်ပြအပ်ပါတယ်” ဟု ဗိုလ်မှူးမျိုးထက်ဝင်းက ဆိုသည်။
ထိုသို့ တပ်မတော်သား ကိုယ်စားလှယ်၏ ကန့်ကွက်ပြောဆိုမှု အပေါ် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က “အခု မိမိတို့ နိုင်ငံဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမှာ ဦးတည်ဆောင်ရွက်နေတဲ့ အချိန်မှာ နောက်ကြောင်းက ဖြစ်ခဲ့တဲ့ စကားလုံး/ စကားရပ် အသုံးအနှုန်းတွေကို အထူးဆင်ခြင်ပြီးမှ သုံးသပ်ဖို့ ထပ်လောင်း မှာကြားလိုပါတယ်” ဟု သတိပေး ပြောကြားခဲ့သည်။
ပြည်သူ့ လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုးက “ပယ်ဖျက်တယ် ဆိုတာက ဒီစကားရပ်ကို ပယ်ဖျက်သည်ဆိုပြီး တုံးထုတယ်။ အခုဟာက တုံးမထုဘူးဆိုတော့ မပယ်ဖျက်တဲ့ သဘောပေါ့” ဟု ဧရာဝတီသို့ ပြော သည်။
တပ်မတော်သား ကိုယ်စားလှယ် အနေဖြင့် ယင်းစကားရပ်ကို ပယ်ဖျက်ပေးရန်အတွက် နောက်ရက်များတွင် ကန့်ကွက်၍ ရကြောင်း ဒေါက်တာ လှမိုးက ပြောဆိုသည်။
တပ်မတော်သား ကိုယ်စားလှယ် မတ်တပ်ရပ်၍ ကန့်ကွက်ခြင်း အပေါ် တပ်မတော်အနေဖြင့်လည်း မှားယွင်းခဲ့သည့် ၁၉၆၂ ခုနှစ် အာဏာသိမ်းခဲ့ခြင်းနှင့် ၁၉၈၈ အရေးအခင်းတွင် အင်အားသုံး ဖြေရှင်းခဲ့ပုံများမှာ သမိုင်းတလျှောက်တွင် တပ်မတော် ၏ အမဲစက် ဖြစ်ကြောင်း၊ နိုင်ငံရေး လုပ်သည်ဆိုပါက သမိုင်းဖြစ်ရပ် အမှား/အမှန်များကို ဆွေးနွေးခွင့် ရှိကြောင်း မြေပုံ မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
ရခိုင် အမျိုးသား ပါတီဝင်လည်း ဖြစ်သူ ဦးဖေသန်းက “နောက်ဆုံး ခြုံပြီးပြောရရင် လွှတ်တော် ဥက္ကဋ္ဌကလည်း အမျိုးသား ရင်ကြားစေ့ရေးကို အကြောင်းပြုပြီး တားတယ်ပေါ့လေ။ ဘာပဲလုပ်လုပ် သူတို့ကို မပြောနဲ့ဆိုတဲ့ သဘော ဖြစ်နေပြီ။ ကလေးဆိုးကြီးကို အလိုလိုက်နေရသလို ဖြစ်နေတာပေါ့နော်” ဟု မှတ်ချက်ပြုသည်။
ကိုယ်စားလှယ် အနေဖြင့် လွှတ်တော်အတွင်း ဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၄၀၊ ၁၄၁ အရ မေးခွန်းမေးမြန်းသည့် အခါတွင် ဆက်စပ်သည့် အကြောင်းအရာများကို ကိုးကားပြောဆို၍ ရသကဲ့သို့ သို့သော် မိမိ၏အ ထင်၊ အမြင် မခိုင်လုံသည့် အကြောင်းအရာများကို ထည့်သွင်း မေးမြန်းရန် ခွင့်မပြုထားကြောင်း ဗိုလ်မှူး မျိုးထက်ဝင်းက ပြောဆိုသွားသည်။
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ ဒု ဝန်ကြီး ဦးလှကျော်က ဦးဝင်းမြင့်အောင်၏ မေးမြန်းသည့် တောင် သူလယ်သမားနေ့ ပြင်ဆင်လိုသည် ဆိုပါက အမှန်တကယ် ကိုယ်စားပြုသည့် တောင်သူလယ်သမားများ၏ ဆန္ဒနှင့် အညီ ဖြစ်စေရန် လိုအပ်ကြောင်း၊ ထို့အတူ ပြောင်းလဲ သတ်မှတ်မည့် နေ့ရက်မှာလည်း တောင်သူလယ်သမားများ၏ မှီခို အား ထားရာ အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် လယ်ယာ လုပ်ငန်းခွင် ထိခိုက်မှု မရှိစေရေးမှာလည်း အလေးအနက်ထား သုံးသပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဒု ဝန်ကြီး ဦးလှကျော်က “လက်ရှိ အခြေအနေမှာတော့ ပြောင်းလဲ သတ်မှတ်ခြင်းကို ဆောင်ရွက်မည့် အစီအစဉ် မရှိသေး ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးစဉ် စစ်မှုထမ်းဟောင်း အဖွဲ့မှ မြေများကို မဟား တရား သိမ်းယူသည် ဟူသော စကားရပ် ပါဝင်သဖြင့် ယင်းစကားရပ်ကို ပယ်ဖျက်ပေးရန် ကန့်ကွက်ခဲ့ဖူးသည်။
ဆက်စပ်ဖတ်ရှုရန်
“အာဏာရ ဗမာခေါင်းဆောင်” ဆိုသည့် စကားရပ် လွှတ်တော်တွင် ကန့်ကွက်
“ပရမ်းပတာ ဒီမိုကရေစီ” မဖြစ်ဖို့ လိုဟု တပ်မတော် ပြော
လွှတ်တော်တွင် ဒီမိုကရေစီ “အနိုင်ကျင့်ခံရပြန်ပြီ” ဟု တပ်မတော်ပြော
တပ်မတော်သားတဦး တာဝန်မှ ဖယ်ရှားခံရမှု တပ်ကိုယ်စားလှယ်များ ကန့်ကွက်