ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ရခိုင် အမျိုးသားပါတီ (ANP) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့မှ ကိုယ်စားလှယ်များ ပြောဆိုသုံးနှုန်းသည့် အာဏာရ ဗမာ ခေါင်းဆောင်၊ ဖွဲ့စည်းပုံ အကျပ်အတည်း၊ လက် တလုံးခြား ဆိုသည့် စကားရပ်များ ကန့်ကွက်ခံရကြောင်း သိရသည်။
ဇူလိုင်လ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူး ပေါင်း ကော်မတီ အစီရင်ခံစာ အပေါ် ဆွေးနွေးရာ၌ ANP ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က အာဏာ ရ ဗမာ ခေါင်းဆောင်ဟု သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။
ဦးဘရှိန်က “တိုင်းရင်းသားတွေ ဖြစ်ကြတဲ့ ကျနော်တို့လို လူတွေက နိုင်ငံမှာ လက်ရှိ အာဏာရ အစိုးရ ဖြစ်တဲ့ ဗမာခေါင်း ဆောင်တွေနဲ့ နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေး ညှိနှိုင်းပြီး တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည် ထောင်စုကို တည်ဆောက်လိုကြပါတယ်” ဟု ပြောသည်။
၎င်းကဆက်လက်၍ “ကာကွယ်ရေး ဦးစီးချုပ်နဲ့ လက်ရှိ အစိုးရတို့ကြားမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် တခု ရေးဆွဲဖို့ ယုံကြည်မှုကို ဦးစွာ တည်ဆောက်ပြီး အဆုံးအဖြတ် ယူထားကြရမှာ ဖြစ်ပါတယ်။ တဖက်မှာ အာဏာရ ဗမာ ခေါင်းဆောင် တွေက ပြည်ထောင်စုမှာ ပါဝင်ကြမယ့် တိုင်းရင်းသား လူမျိုးအသီးသီးကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးအရ တန်း တူ ရည်တူ စားပွဲဝိုင်းထိုင်ပြီး ဆွေးနွေးကြရမှာ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ယင်းသို့ သုံးနှုန်း ပြောကြားမှုသည် တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးကို ပျက်ပြားစေနိုင်သော အသုံးအနှုန်းဟု ယူဆနိုင်သည် ဟုဆိုကာ ယင်းစကားရပ်ကို လွှတ်တော် မှတ်တမ်းမှ ပယ် ဖျက်စေခဲ့သည်။
ပြည်ထောင်စု လွှတ်တော် နာယက က “လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျာ၊ ဗမာခေါင်းဆောင် ဆိုတဲ့နေရာမှာ နိုင်ငံ့ ခေါင်းဆောင် ဆိုတဲ့ စကားရပ်နဲ့ အစားထိုးဖို့၊ အာဏာရဆိုတဲ့ စကားရပ်ကိုတော့ ပယ်ဖျက်မှာ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ သည်။
ထို့အတူ အစီရင်ခံစာနှင့် ပတ်သက်ပြီး USDP ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက၂၀၀၈ အခြေခံ ဥပဒေ အခန်း ၁၂ ပါ ပြ ဋ္ဌာန်းချက်များ အတိုင်း အခြေခံဥပဒေကို ပြင်ဆင်ခြင်း မပြုဘဲ ကန့်ကွက်နေသည့်ကြားမှ ယခုကဲ့သို့ အစီရင်ခံစာ တင်သွင်း ခြင်းသည် တိုင်းရင်းသား ပြည်သူကြား၊ လွှတ်တော်နှင့် တပ်မတော်ကြား အကျပ်အတည်း ဖြစ်အောင် လုပ်ဆောင်သည့် သဘော ဖြစ်နေသည်ဟု ဆွေးနွေးခဲ့သည်။
ဦးစိုင်းကျော်မိုးက “အခု လွှတ်တော် အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းတဲ့ အနေနဲ့ အစီရင် ခံစာကို တင်သွင်းခြင်းဟာ တိုင်းရင်းသား ပြည်သူများကြား နိုင်ငံရေး ပါတီများကြား လွှတ်တော်နဲ့ တပ်မတော်ကြား ဖွဲ့စည်း ပုံ အကြပ်အတည်း (Constitutional Crisis) ဖြစ်အောင် တမင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတာလားလို့ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်” ဟု ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စနစ်ကျစွာ အချိန်ယူ ရေးဆွဲထားကြောင်း၊ ခေတ်ကာလ အခြေအနေအရ အားနည်းချက်များ ရှိမည်ဖြစ်ပြီး ယင်းအပေါ်တွင် လိုရာဆွဲ မဆောင်ရွက်ရန် ၎င်းက ဆွေးနွေးခဲ့သည်။
ဦးစိုင်းကျော်မိုးက “နည်းလမ်းမှန်ကန်မှု မရှိဘဲ ပြင်ဆင်ခြင်းများဟာ တည်ဆဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်တလုံးခြား ပြု လုပ်ကာ မိမိတို့ လိုရာဆွဲ လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် ပူးပေါင်း ကော်မတီ အစီရင်ခံစာနဲ့ လုပ်ငန်းစဉ်များ အပေါ် ကန့်ကွက်ပါကြောင်းနဲ့ လွှတ်တော်ကြီးကလည်း တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ကျင့်သုံးရန် လိုအပ်ကြောင်း ဆွေးနွေးပါတယ်” ဟု ပြောဆိုသွားသည်။
NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ယင်းသို့ အကျပ်အတည်း ဖြစ်စေသည်ဟု ပြော ဆိုမှုသည် အဖွဲ့အစည်း တခုမှတခုသို့ စွပ်စွဲသည့် သဘောဖြစ်နေကြောင်း၊ ယင်းကဲ့သို့ လွှွတ်တော်ထဲတွင် ဆွေးနွေး၍ မရ သည့် အတွက် ပယ်ဖျက်စေလိုကြောင်း၊ ထို့အပြင် ဥပဒေနှင့် အညီ ဆောင်ရွက်နေသော ဆောင်ရွက်ချက်ကို လက်တလုံး ခြား လုပ်သည်ဟု သုံးနှုန်း ပြောဆိုခြင်းသည် မသင့်တော် ဟုဆိုကာ ကန့်ကွက်ခဲ့ပြီး ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။
ထို့ပြင် ဥပဒေနှင့်အညီ လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုဆောင်ရွက်ပြီးသည့် ကိစ္စရပ်များကို ထပ်ပြန်တလဲလဲ ပြန် လည် တင်ပြနေခြင်းသည် လွှတ်တော်ဆိုင်ရာ နည်းဥပဒေပါ စည်းကမ်းများကို ကျော်လွန်နေ၍ လွှတ်တော်၏ စည်းကမ်း ကို လိုက်နာ ဆောင်ရွက်ပေးရန်လည်း ကန့်ကွက်ခဲ့သည်။
ယင်းသို့ ကန့်ကွက်ခဲ့ခြင်းကို လွှတ်တော်နာယက က လက်ခံခဲ့ပြီး အဆိုပါ စကားရပ် အသုံးအနှုန်း နှစ်ခုကို လွှတ်တော် မှတ်တမ်းမှ ပယ်ဖျက်ခဲ့သည်။
လက်ရှိ ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ရှိရာ ပြင်ဆင်ရမည့် အချက် ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေး ပါတီ ၁၄ ခု၊ တသီးပုဂ္ဂလများ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက အစီရင်ခံစာ တရပ် ပြုလုပ်ပြီး ဇူလိုင် ၁၅ ရက်က ပြည် ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။
ယင်း အစီရင်ခံစာ အပေါ် ဇူလိုင်၂၀ ရက်က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရန် စာရင်းပေးထားသည့် ကိုယ်စားလှယ် ၄၀ ကျော် အနက် NLD ၊ USDP ၊ တိုင်းရင်းသား ပါတီများနှင့် တသီးပုဂ္ဂလ ကိုယ် စားလှယ် ၁၇ ဦးတို့ ဆွေးနွေးခဲ့သည်။
အစီရင်ခံစာနှင့် ပတ်သက်ပြီး မူလက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦးခန့် ပါဝင်ဆွေးနွေးရန် စာရင်းပေး ထားခဲ့သော်လည်း ပြန်လည် ရုပ်သိမ်းသွားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်သား ကိုယ်စားလှယ်များနှင့် USDP ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခန်း ၁၂ ပြဋ္ဌာန်းချက် အတိုင်းသာ ပြင်ဆင်စေလိုပြီး လွှတ်တော်က ခြေ/ဥပြင်ရေး ပူးပေါင်း ကော်မတီဖွဲ့စည်း လုပ်ဆောင်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီညွတ် ဟုဆိုကာ အစဉ်တစိုက် ကန့်ကွက် ပြောဆိုနေသည်။
You may also like these stories:
ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းထက် အသစ်ရေးဆွဲလိုခြင်း သဘောသက်ရောက်နေ ဟု ရခိုင်အမတ် ထောက်ပြ
ဖွဲ့စည်းပုံ ပြင်ဆင်ချက် ဆွေးနွေးမည့် တပ်ကိုယ်စားလှယ် စာရင်း ပြန်လည်ရုတ်သိမ်း
ဖွဲ့စည်းပုံ ပြင်ဆင်ချက်များ ဆွေးနွေးမှုတွင် တပ်မတော်သားကိုယ်စားလှယ် အများဆုံးပါဝင်ရန် စာရင်းသွင်း