လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရား စွဲဆို ထားမှုနှင့် ပတ်သက်၍ ယနေ့ တရားခွင်တွင် မြန်မာဘက်မှ လျှောက်လဲချက် ကြားနာမှုပြုလုပ်ရာ မြန်မာအဖွဲ့ ခေါင်း ဆောင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နာရီဝက် နီးပါး အဖွင့် လျှောက်လဲချက် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များသည် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အဖွဲ့ အင်အား ၄၀၀ ခန့်က နယ်ခြားစောင့် ရဲစခန်းများကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့က သံသယရှိ သည့် အရပ်သားများကို သတ်ဖြတ်ခဲ့ကြောင်း၊ ARSA များကို လုံခြုံရေးတပ်များက နေရာ ၁၂ နေရာတွင် ရှင်းလင်းခဲ့ရ သလို ARSA များ ဝိုင်းရံထား၍ ရဟတ်ယာဉ်များ သုံးခဲ့ရခြင်းများ ရှိရာ တိုက်ခိုက်ရေးသမား မဟုတ်သူများ၊ အရပ်သား များ သေကောင်းသေနိုင်ကြောင်း၊ ARSA နှင့် အရပ်သားများကြား ခွဲခြား၍ မရခဲ့သည်များ ရှိခဲ့ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
ထိုအခြေအနေသည် ရာဇဝတ်အနေအထားမျိုး ဖြစ်ခဲ့ပြီး ရှုပ်ထွေးခဲ့သော်လည်း ထိုအနေအထားကြောင့် လူမျိုးသုဉ်း သတ်ဖြတ်မှုဟု ကောက်ချက်ချ၍ မရကြောင်း၊ အချို့နေရာများတွင် ကာကွယ်ရေးအဖွဲ့များက လုယက်မှုများကို မတား ဆီးနိုင်မှုများ ရှိခဲ့ပြီး ထိုကဲ့သို့ ရှုပ်ထွေးသည့် အခြေအနေများကို သိရန်လိုသကဲ့သို့ အရေးကြီးသည့် ကိစ္စကို ကိုင်တွယ် ရသည့် လူများ၏ အခြေအနေကိုလည်း သိရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဂူတာပြင် ကိစ္စတွင်လည်း စစ်ခုံရုံးမှ အရေးယူမည် ဖြစ်သလို နိုင်ငံတကာက ကုလ အမှုထမ်းဟောင်းများနှင့် ဖွဲ့ထား သည့် တခြား လွတ်လပ်သည့် စုံစမ်းရေး ကော်မရှင်၏ တွေ့ရှိချက်တွေအရ အရေးယူသွားဖို့ ရှိပြီး ကော်မရှင်က မျက် မြင် သက်သေ ၁၅၀၀ ကျော်ကို တွေ့ဆုံ မေးမြန်းခဲ့သည် ဟုလည်း ဆိုသည်။
ဂူတာပြင် ဖြစ်စဉ်တွင် တရားမျှတမှု ရရှိရန်အတွက် အရာရှိ ၄ ယောက်၊ စစ်သား ၃ ယောက်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်ဘက် ပြန်လွှတ်ပေးခဲ့သည့် အပေါ်တွင်လည်း မြန်မာပြည်သူ တော်တော်များများက စိတ်မသက်သာ ဖြစ်ခဲ့ရကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဂူတာပြင် ကိစ္စနှင့် ပတ်သက်၍ တရားရုံးချုပ်က ဆက်လက်စုံစမ်းမည်ဟု ၎င်းအနေဖြင့် မျှော်လင့်ပြီး ထိုကိစ္စများတွင် အရပ်သားများ ပြစ်မှုကျူးလွန်သည် ဆိုပါကလည်း ဆက်လက် အစစ်ဆေးခံရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည် ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအရ အပြစ်ပေးခံရမည် ဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “လူမျိုးစုတွေ ကြားမှာ ငြိမ်းချမ်းစွာ ဆက်ဆံဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့နိုင်ငံသား အဖြစ် သတ်မှတ်ဖို့ လိုပါတယ်။ ကျမတို့ မိတ်ဆွေတွေ အနေနဲ့အတူ ဒေသတွင်း အခွင့်အရေးတွေ ရနိုင်အောင် ကြိုး စားနေတာ ဖြစ်ပါတယ်။ ရခိုင်ထဲက လူတွေကို ဇာတိ လူမျိုးမခွဲဘဲ မွေးစာရင်းတွေ ထုတ်ပေးနေတာ ဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်တာတွေ ထောက်ပံ့ပေးနေတယ်။ IDP စခန်း ၃ ခုကိုလည်း ပိတ်နိုင်ခဲ့တယ်။ ဒီလို ဆောင်ရွက် ချက်တွေ လုပ်နေတယ်ဆိုရင် ရခိုင်မှာ ဘယ်လိုလုပ် လူမျိုးသုဉ်း သတ်ဖြတ်မှု ရှိတယ်လို့ ပြောနိုင်ပါ့မလဲ” ဟု ပြော ကြားသည်။
“ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ပိုဆိုးသွားအောင် တရားရုံးက မဆုံးဖြတ်ပါနဲ့လို့ မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံဘက်မှ ရှေ့နေ ပါမောက္ခ ဝီလျံရှဘတ်စ်ကလည်း လူမျိုးသုဉ်း သတ်ဖြတ်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အပေါ် နားလည်မှု လွဲနေခြင်းများ ရှိပြီး ယမန်နေ့က လျှောက်ထားသူများ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် လူမျိုးသုဉ်း သတ် ဖြတ်မှုနှင့် ပတ်သက်ပြီး အတိအကျ ပြောဆိုနိုင်ခဲ့ခြင်း မရှိကြောင်း၊ လိုအပ်ချက်များစွာ ရှိကြောင်း ထောက်ပြခဲ့သည်။
“မနေ့က လျှောက်ထားချက်မှာ လူမျိုးသုဉ်း သတ်ဖြတ်တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ တင်ပြဖို့ အကြီးအကျယ် ပျက်ကွက်နေတာ ဖြစ်ပါတယ်။ အဲဒီ လျှောက်ထားချက်ထဲမှာ ဒီ မျိုးသုဉ်းသတ်ဖြတ် ရည်ရွယ်ချက်ကို ပီပီပြင်ပြင် ဖော်ပြ နိုင်တာ မရှိဘူး။ ဒီအချက်ကြောင့်ပဲ ကြားဖြတ် အစီအမံကို မပေးဖို့ ငြင်းပယ်သင့်တယ်လို့ လျှောက်ထားချင်ပါတယ်” ဟု ၎င်းက အဆုံးသတ်တွင် ပြောကြားခဲ့သည်။
ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ပထမအကျော့ နှုတ်ဖြင့် ကြားနာမှုကို ဒီဇင်ဘာ ၁၀ ရက်က စတင် ခဲ့ခြင်း ဖြစ်ပြီး ထိုနေ့တွင် ဂမ်ဘီယာဘက်မှ တာဝန်ရှိသူများက လျှောက်လဲ တင်ပြခဲ့ကြပြီး ယနေ့ မြန်မာနိုင်ငံဘက်မှ ပြန်လည် ချေပ လျှောက်လဲ တင်ပြခြင်း ဖြစ်ကာ ဒီဇင်ဘာ ၁၂ ရက်တွင်တော့ နှစ်ဖက် လျှောက်လဲမှုများ ပြုလုပ်မည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်