စက်ရုံ အလုပ်ရုံများအတွင်း COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် စစ်ဆေးလျက်ရှိရာ ရန်ကုန်တိုင်း အတွင်း၌ စစ်ဆေးပြီးစီးသည့် စက်ရုံ ၃ ထောင် နီးပါးရှိပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ထိုစက်ရုံများကို ဧပြီ၂ဝ ရက်မှ မေလ ၃ ရက်အထိ စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး စစ်ဆေးရာတွင် A,B,C သတ်မှတ်ချက်အဆင့် များ ခွဲ၍ စစ်ဆေးကာ ထိုအထဲမှ စက်ရုံ ၂၅၀၀ ကျော်မှာ ပြန်လည် ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန် တောင်ဒဂုံမြို့နယ် ရွာသာကြီး စက်မှုဇုန်ရှိ စက်ရုံ အလုပ်ရုံ ၃၁ ရုံကို စစ်ဆေးရာတွင် လက်ရှိ အနေအထားအရ ၇ ရုံသာ ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်၍ ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း စက်မှုဇုန် ကော်မတီ ရုံးအဖွဲ့မှူး ဦးလှထွန်းကျော်က ပြော သည်။
ဦးလှထွန်းကျော်က “စစ်ပြီးသား စက်ရုံတိုင်းကတော့ ဖွင့်ခွင့်ရတာ မဟုတ်ဘူး။ အဓိက အလုပ်သမား ဝန်ကြီးဌာနနဲ့ ကျန်း မာရေး ဦးစီးဌာနတို့ ပူးပေါင်း စစ်ဆေးခဲ့ကြတာ။ ကျနော်တို့ကို စက်ရုံ ဖွင့်ချင်လို့ လာစစ်ပါလို့ အကြောင်းကြားတာလဲ ရှိသ လို အလုပ်သမား လူဦးရေ သတ်မှတ်ချက်အရ စစ်တာလည်း ရှိပါတယ်” ဟု ဆိုသည်။
စက်ရုံများကို စစ်ဆေးရာတွင် အဆင့် ၃ဆင့်ခွဲထားပြီး A အဆင့်မှာ COVID-19 ကူးစက်မှု မဖြစ်ပွားစေရန် လုပ်ငန်းခွင် အတွင်း လုပ်ဆောင်ရမည့် နေရာ အကွာအဝေး Social Distancing ပြည့်မီသည့် အဆင့်ဖြစ်ပြီး၊ B အဆင့်သည် အနည်းငယ်သာ ပြန်လည်ပြုပြင်ရမည့်အဆင့် ဖြစ်ကြောင်း၊ C အဆင့် သတ်မှတ်ချက်သည် COVID-19 ကူးစက်ရောဂါပိုး အတွက် Social Distancing ပြည့် မီသည့်အဆင့် သတ်မှတ်ချက် မရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ အနေဖြင့် ရန်ကုန်မြို့ရှိ စက်ရုံ အလုပ်ရုံ ၂၈၃၃ ရုံကို စစ်ဆေးရာတွင် A အဆင့် ၅၇၈ ရုံ၊ B အဆင့် ၂ဝ၆၇ ရုံနှင့် C အဆင့် ၁၈၈ ရုံကို တွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာ တနိုင်ငံလုံးတွင် စစ်ဆေးပြီး စက်ရုံ အလုပ်ရုံ ၆ ထောင်နီးပါး ရှိနေပြီ ဖြစ်ကြောင်း၊ အဆင့် သတ်မှတ်ချက်အလိုက် စစ်ဆေးတွေ့ရှိချက်အရ ဖွင့်လှစ်ခွင့် ပြုသွားမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် မည်မျှ ဖွင့်လှစ်ခွင့် ရရှိမည်ကိုတော့ လတ်တလော အနေဖြင့် ပြော၍မရသေးကြောင်း၊ မိမိတို့အနေဖြင့် လာမည့် မေလ ၁၅ ရက်အထိ ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးမျိုးအောင်က “အခု သတ်မှတ်ထားတာကတော့ မေလ ၁၅ ရက် အထိပေါ့။ အဲ့ဒီအချိန်အတွင်း တနိုင်ငံလုံးက စက်ရုံ တွေကို စစ်ဆေးနိုင်ချင်မှ နိုင်မှာပါ။ လက်လှမ်းမှီသလောက် ကျနော်တို့ စစ်သွားမှာပါ။ နောက်ပိုင်းကို အစိုးရ တာဝန်ရှိသူ တွေ ဘယ်လို ဆက်ညွှန်ကြားမလဲအပေါ် မူတည်ပြီး ဆက်လုပ်ရမှာပေါ့။ အခု ကျနော်တို့အနေနဲ့ ကိုယ်လုပ်နိုင်သလောက် လုပ်နေပါတယ်။ အဓိက ကျန်းမာရေး ဦးစီးဌာနက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ဖွင့်လို့ရအောင် စစ်နေပါ တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၁၉ ရက်က အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဧပြီ ၂ဝ ရက်မှ ၃ဝ ရက်အထိ အဆိုပါ စက်ရုံများကို စစ်ဆေးသွားမည် ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ဧပြီလအကုန်တွင် မေလ ၁၅ ရက်အထိ ဆက်လက် စစ်ဆေးပြီးမှ ခွင့်ပြုမည်ဟု ထပ်မံ ထုတ်ပြန်ခဲ့သည်။
အဆိုပါ စိစစ်မှုများ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ဆေးဝါး ထုတ်လုပ်ရေး စက်ရုံများ၊ စားသောက်ကုန် ထုတ်လုပ်ရေး စက်ရုံများ၊ ကျန်းမာရေး လိုအပ်ချက်နှင့် ကိုက်ညီပြီး ဖွင့်လှစ်ရန် အသင့်ဖြစ်နေသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်သားဦးရေ ၁ ထောင် အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများ၊ အခြားစက်ရုံနှင့် အလုပ်ရုံ၊ အလုပ်ဌာနများတို့ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ စက်ရုံအလုပ်ရုံပေါင်း ၆၆၃၂ ရုံကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန် ချက်များတွင် ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန်
ကိုဗစ်ကြောင့် မြန်မာ့ဟိုတယ်နှင့် ခရီးကဏ္ဍ အလုပ်လက်မဲ့ ၅ သိန်းကျော် အထိရှိနိုင်
ယာယီရပ်နား စက်ရုံလုပ်သားများ၏ လစာ ၄၀ ရာခိုင်နှုန်း အစိုးရက ထောက်ပံ့မည်
အစိုးရက စစ်ဆေးပြီး စက်ရုံ ၁၂၀၀ ကျော် ပြန်လည်ဖွင့်လှစ်
အစိုးရညွှန်ကြားချက် မလိုက်နာသည့် စက်ရုံများကို ချက်ချင်း စစ်ဆေးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပြော
မန္တလေး စက်မှုဇုန်တွင် စက်ရုံပေါင်း ၅၀ ခန့် ကွင်းဆင်း စစ်ဆေးပြီး