ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ယာဉ် ပစ်ခတ်ခံမှုနှင့် ပတ်သက်၍ နိုင်ငံ တော် သမ္မတရုံးမှ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းသို့ ကွင်းဆင်း နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါ စုံစမ်းရေး ကော်မတီ အဖွဲ့သည် ယနေ့ မေလ ၁၂ ရက်နံနက်ပိုင်းက စစ်တွေမြို့သို့ လေကြောင်းဖြင့် ရောက်ရှိလာ ပြီး ကော်မတီ၏ လုပ်ငန်း တာဝန်များကို ကွင်ဆင်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ယင်းကော်မတီ၏ အဖွဲ့ဝင် ဖြစ်သူ ဒေါက် တာ အောင်သူရိန်က ဆိုသည်။
ဒေါက်တာ အောင်သူရိန်က “ကျနော်တို့အဖွဲ့ ဒီနေ့ ရခိုင်ပြည်နယ်ကို ရောက်ပြီးတော့ စတင် ကွင်းဆင်းနေပါတယ်။ တွေ့ သင့်တွေ့ထိုက်သူတွေနဲ့ တွေ့ပြီးတော့ မေးမြန်းတာတွေ လုပ်ပါမယ်။ ဘယ်နေရာကို သွားမယ်၊ ဘယ်သူတွေနဲ့ တွေ့မယ် ဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ ပြောလို့ မရသေးပါဘူး။ ပြီးမှ အားလုံး ထုတ်ပြန်ပေးမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မတီအဖွဲ့ကို ပြီးခဲ့သော ဧပြီလ၂၈ ရက် ရက်စွဲဖြင့် သမ္မတ ဦးဝင်းမြင့်က လက်မှတ်ထိုးပြီး ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
စုံစမ်း စစ်ဆေးရေး ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ပြည်သူ့ လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်ရေးဆိုင်ရာ ကော်မတီမှ ဦးစောက တာဝန်ယူထားပြီး၊ အဖွဲ့ဝင်များအဖြစ် ကမ္ဘာ့ကုလအကြီးတန်း အကြံပေးပုဂ္ဂိုလ် (အငြိမ်းစား) ဒေါက်တာ စုစုသာ ထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆေးရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန် ၊ အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူး ကြီး ထိန်လင်းတို့ ပါဝင်သည်။
ရခိုင် အမျိုးသားပါတီ (ANP)မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ယခု ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် လွှတ်တော် ကိုယ်စားလှယ်က ဥက္ကဋ္ဌ အဖြစ် ပါဝင်သည့်အတွက် ပွင့်လင်းမြင်သာမှု ရှိနိုင်သည်ဟု ယူဆရသော်လည်း အစိုးရနှင့် တပ်မတော်တို့က ပစ်ခတ်မှုမှာ ရက္ခိုင်စစ်တပ် (AA) လက်ချက် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည့်အတွက် ကော်မတီအနေဖြင့် နိုင်ငံတကာ ဖိအားလျော့သွားစေရန် ဟန်ပြသဘောသာ လုပ်ဆောင်မည်လား ဆိုသည်ကို သတိထား စောင့်ကြည့်ရန်လိုကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
WHO ယာဉ် ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖွဲ့စည်းလိုက်သော ကော်မတီတွင် သမာသမတ်ကျသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ခြင်း မရှိသလို ဒေသခံ ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားများလည်း ပါဝင်ခြင်း မရှိ သည့်အတွက် ရခိုင်လူထုကြားတွင် ကော်မတီအပေါ် ယုံကြည်မှု မရှိကြောင်း ပြောဆို ဖေဝန်မှုများ ရှိနေသည်။
သို့သော် ယင်းကော်မတီတွင် အတွင်းရေးမှူးအဖြစ် ပါဝင်သော ဗိုလ်မှူးကြီး ထိန်လင်းနှင့် လူကယ်ပြန် ဝန်ကြီးဌာနမှ ညွှန် ကြားရေးမှူး ဒေါက်တာ အောင်သူရိန်တို့မှာ ရခိုင်ပြည်နယ်အတွင်း နှစ်ရှည် တာဝန်ထမ်းဆောင်ဖူူးသူများ ဖြစ်သည့် အတွက် ကော်မတီအဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် အခြေအနေမှန်များနှင့် အများပြည်သူများ ယုံကြည် လက်ခံနိုင်လောက်သည့် အစီရင်ခံစာတခု ထွက်ပေါ်လာမည်လား ဆိုသည်ကို စောင့်ကြည့်ရမည်ဟုလည်း ဝေဖန်ပြောဆို ရှိသည်။
ကော်မတီ အဖွဲ့ဝင် ဒေါက်တာ အောင်သူရိန်က “ကျနော်တို့ ကော်မတီအနေနဲ့တော့ ဖြစ်စဉ်အမှန်ကို စုံစမ်း စစ်ဆေးဖော် ထုတ် သိရှိနိုင်ရေးအတွက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်တဲ့အခါမှာ ဘက်လိုက်မှု ကင်းစွာ ဆောင်ရွက်သွားမှာပါ” ဟု ဧရာဝတီသို့ ဆက်လက် ပြောကြားသည်။
ယင်းပြင် WHO ယာဉ် ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိမိဆန္ဒအလျှောက် ကော်မတီထံတွင် သက်သေထွက်ဆိုလို သူများနှင့် သက်သေ အထောက်အထား ပံ့ပိုးလိုသူများကိုလည်း ကော်မတီအနေဖြင့် လက်ခံသွားမည် ဖြစ်သလို တွေ့ဆုံ မေးမြန်းမည့်သူအားလုံး၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အတွက်လည်း အထူးအလေးထား ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာ၏ နောက်ခံ အခြေအနေ၊ ဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်း၊ ဖြစ်စဉ်အသေးစိတ် စသည်တို့ကို သိရှိနိုင်ရန် ဖြစ်စဉ်နေရာသို့ သွားရောက်၍ မြေပြင် ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်ခြင်း၊ WHO မော်တော်ယာဉ် တိုက်ခိုက်ခံရခြင်းအတွက် မျက်မြင်သက်သေများ၊ အထောက်အထားများ၊ ရှာဖွေစုံစမ်း၍ ထွက်ဆိုချက်များ ရယူခြင်း စသည့်တို့ ပါဝင်သည်။
ထို့ပြင် စုံစမ်း စစ်ဆေးမှုများ မှန်ကန်ပြည့်စုံရေးအတွက် ရင်ခွဲ စစ်ဆေးချက်များ၊ မှုခင်းကျွမ်းကျင်သူများ၊ စစ်လက်နက်ဆိုင် ရာ ကျွမ်းကျင်သူများ၊ အခြား ကျွမ်းကျင်သူများ၏ ထင်မြင်ယူဆချက် သဘောထားများကို ရယူခြင်း၊ WHO ယာဉ် ပစ်ခတ် တိုက်ခိုက်ခံရခြင်းနှင့် အရပ်သား ပြည်သူများ မထိခိုက်စေရေးအတွက် အကြံပြုချက်များ တင်ပြရမည်ဟု ဖော်ပြပါရှိသည်။
သမ္မတ ဖွဲ့စည်းပေးလိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မတီအနေဖြင့် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရာဇဝတ် ကျင့်ထုံး ဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့် အညီ စုံစမ်း စစ်ဆေးနိုင်သည့်အပြင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ် ရေး အရာရှိသူများအပြင် လိုအပ်သော ပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်း၊ စာရွက်စာတမ်း တောင်းယူခြင်းနှင့် လိုအပ်သည့် နေရာများသို့ သွားရောက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခွင့် ရှိကြောင်း ကော်မတီ၏ လုပ်ပိုင်ခွင့်ထဲ၌ ဖော်ပြပါရှိသည်။
အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မတီ၏ သက်တမ်းသည် နိုင်ငံတော် သမ္မတထံသို့ စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ တင် သွင်း ပြီးချိန်ထိဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဧပြီလ ၂၀ ရက် ညနေ ၅ နာရီ ဝန်းကျင်က မင်းပြားမြို့နယ် ရာမောင်တံတား အနီးဝန်းကျင်၌ WHO ယာဉ်တစီး ပစ်ခတ်ခံ ခဲ့ရပြီး ဝန်ထမ်းဖြစ်သူ ယာဉ်မောင်း ကိုပြည့်စုံဝင်းမောင်သည် ကျည်ထိမှန်သည့် ဒဏ်ရာဖြင့် မင်းပြားဆေးရုံတွင် ကုသမှုခံ ယူရင်း သေဆုံးသွားပြီး၊ ကျန်းမားရေးဝန်ထမ်း ကိုအောင်မျိုးဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် စစ်တွေ ဆေးရုံတွင် တက်ရောက် ကုသနေရသည်။
အဆိုပါ ပစ်ခတ်ခံရသည့် WHO ယာဉ်မှာ ရခိုင်ပြည်နယ်အတွင်းမှ COVID-19 သံသယ လူနာများ၏ ဆေးစစ်ချက် နမူနာ များကို စစ်တွေမှနေ ရန်ကုန်သို့ သွားရောက် ပို့ဆောင်စဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။
ထိုပစ်ခတ်မှုကို တပ်မတော်နှင့် AA တို့ အပြန်အလှန် စွပ်စွဲထားကြသော်လည်း ကုလသမဂ္ဂ (UN) အနေဖြင့် ဖြစ်စဉ် အမှန် ကို စုံစမ်းလေ့လာလျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူကို အရေး ယူပေးရန် တောင်းဆိုထားကြသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အဝ ကျေးရွာ အုပ်စု၊ မင်းရွာ၊ ထောင့်ချေရွာ၊ မြစ်နားရွာ စသည့်ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲ သည့်အတွက် အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ထို့ပြင် ဧပြီလ၂၁ ရက် နေ့လယ်ပိုင်းကလည်း ရန်ကုန်မှ စစ်တွေသို့ လာရောက်သည့် CPS ပိုးသတ်ဆေးကုမ္ပဏီမှ ယာဉ် တစီးမှာ အဆိုပါ ရာမောင်တံတား၏ အရှေ့ဘက်ကမ်း ရန်ကုန်-စစ်တွေ ကားလမ်းပေါ်၌ ထပ်မံ အပစ်ခံရသည့်အတွက် ယာဉ်ပေါ်ပါ ဝန်ထမ်း၂ ဦးတွင် ကိုနွယ်နွယ်မောင်မှာ ယင်းနေရာတွင် သေဆုံးခဲ့ပြီး ကိုဟိန်းထက်ဦးမှာ စစ်တွေဆေးရုံ၌ ကု သမှု ခံယူနေရင်း ဧပြီလ၂၆ ရက်က သေဆုံးသွားခဲ့ရသည်။
မေလ ၈ရက်နေ့ကမူ အဆိုပါ ရာမောင်တံတားအနီးရှိ AAတို့ ခြေကုတ်ယူထားသည့် ပွိုင်-၁၁၄ နေရာကို တပ်မတော်မှ သိမ်းပိုက်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
ဆက်စပ်ဖတ်ရှုရန်
မင်းပြားတွင် WHO ကား ပစ်ခတ်ခံရ၊ ဝန်ထမ်း ၁ ဦး သေဆုံး
WHO ကား ပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့
WHO ကား ပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးတော့မယ်ဆိုရင်
WHO ယာဉ် တိုက်ခိုက်ခံရမှု စစ်ဆေး အရေးယူပေးရန် UN တောင်းဆို
သမ္မတရုံး အကြံပေး ပုဂ္ဂိုလ်သစ်က ရခိုင် ပဋိပက္ခအတွက် ဖြေဆေး တခုလား