သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ မြေကွက် ရယူမှု မှန်ကန်ကြောင်း သမ္မတရုံး အတည်ပြု
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်တွင် မြေ ကွက် ရယူထားသည်မှာ မှန်ကန်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ နေပြည်တော် တွင် သတင်းထောက်များကို ပြောသည်။
ကိုဗစ်ကာလအတွင်း ယာယီရပ်နားထားခဲ့သည့် အိမ်တော် သတင်းထောက်များနှင့် တွေ့ ဆုံခြင်း အစီအစဉ်ကို ယနေ့ နေ ပြည်တော်တွင် ပြန်လည် ကျင်းပရာ ဧရာဝတီသတင်းဌာနက သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မြေကွက် ရယူထားခြင်း ရှိ၊ မရှိ ကိစ္စရပ်များကို မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် လူမှုကွန်ရက်တွင် ပျံ့ နှံ့နေသကဲ့သို့ မြေဧကများစွာ ရယူထားခြင်း မဟုတ်ဘဲ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့က
ပေ ၄၀၀ ပတ်လည်၊ ပြည်ထောင်စုဝန်ကြီးများက ပေ ၃၀၀ ပတ်လည်နှင့် ဒုတိယ ဝန်ကြီးများက ပေ ၂၅၀ ရယူထားခြင်း ရှိကြောင်း ဦးဇော်ဌေးက ပြောသည်။
“၂၀၂၀ ရွေးကောက်ပွဲတွေ နီးလာတဲ့အချိန်မှာ Dis-information Campaign လုပ်တဲ့သဘောပေါ့နော်။ ဒါမျိုးတွေက အခု လည်း လုပ်နေသလို နောက်လည်း လုပ်လာဖို့ ရှိပါလိ့မ်မယ်။ ဒါတွေကတော့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ ကျနော်တို့က မြင်တယ်”ဟု ဦးဇော်ဌေးက ပြောသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် ဒေါ်အောင်ဆန်းစုကြည်က မြေ ၄ ဧက၊ ကျန်သူများဖြစ်သည့် လက်ရှိ သမ္မတ ဦးဝင်းမြင့်၊ သမ္မတဟောင်း ဦးထင်ကျော်၊ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဦးကျော်တင့်ဆွေ တို့က ပေ ၇၀၀x၅၀၀ မြေကွက်များ ရယူထားကြောင်း ရေးသားနေကြသည်။
ထို့ပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ရယူထားသည့် မြေဧက ၉၀ အနီးတွင် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဦးကျော် တင်၊ ဦးသောင်းထွန်း၊ ဒေါက်တာ မြင့်ထွေး၊ ဦးအုန်းဝင်းတို့ကလည်း ပေ ၄၅၀x၄၀၀ အကွက်များ ရယူထားသည် ဟု ရေးသားထားသည်။
လူမှုကွန်ရက်တွင် ပျံ့ နှံ့နေသည့် မြေယူထားသူများ စာရင်းမှာ မှန်ကန်မှု ရှိသော်လည်း မြေကွက်အကျယ်မှာ မမှန်ကန် ကြောင်း၊ စွပ်စွဲပြောဆိုနေသည့် ပေ ၇၀၀x၅၀၀ မှာ မြေ ၈ ဧကခန့် ရှိသဖြင့် မဖြစ်နိုင်သည့် အတိုင်းအတာများကို ရည်ရွယ် ချက်ရှိရှိ ချဲ့ ကားရေးသားနေခြင်းသာ ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။

ယခု ရယူထားသည့် မြေနေများမှာ ဥတ္တရသီရိမြို့နယ် အတွင်း၌ မြေ ၂ ဧကမှာ မြေကွက် ၁၀ ကွက်၊ ထို့ပြင် မြေ ၁ ဧက ပေါ် တွင် မြေကွက် ၆ ကွက်ကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီက အကွက်ဖော်ပြီးတော့ ပြည်ထောင်စုအဆင့် ဝန် ကြီးနှင့် သူ့အထက် နိုင်ငံရေး ရာထူးရှိသည့် ပုဂ္ဂိုလ်များ၏ မြေလျှောက်ထားလာခြင်းကို သတ်မှတ်ဈေးနှုန်းနှင့် ချပေး ခြင်း ဖြစ်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
“နေပြည်တော်စည်ပင်က သတ်မှတ်တဲ့ ဈေးနှုန်းနဲ့ပါ။ သမ္မတလည်းပါတယ်။ ကျနော်တို့ အတိုင်ပင်ခံလည်း ပါတယ်။ ဦးကျော်တင့်ဆွေ စသည်ဖြင့်ပေါ့။ ပြောရရင် အဲဒီမှာ တက်လာတဲ့ လူတွေက မှန်တယ်။ နောက်က အကွက်အကျယ်တွေက ချဲ့ ကားထားတာ။ အဲဒါကို ဆိုလိုတယ်”ဟု ဦးဇော်ဌေးက ရှင်းပြသည်။
သို့သော် ရယူထားသည့် မြေဈေးနှုန်းများကို သမ္မတရုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘဲ နေပြည်တော် စည်ပင်သာယာ ရေး ကော်မတီသို့ မေးမြန်းရန် ပြောဆိုသည်။ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ အဆင့်ဆင့်ကို ကြိုးစား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါ။
အစိုးရ လူကြီးများ နေပြည်တော်တွင် မြေကွက်ရယူမှုသည် မည်သည့် ပြဿနာမှ မရှိကြောင်း၊ တပ်မတော် အစိုးရလက် ထက်က ဗိုလ်ချုပ်ကြီးများသည် မြေကွက်များ၊ ကားပါမစ်များ ရယူခဲ့သည်များ ရှိကြောင်း၊ နောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ဝန်ကြီး၊ ဒုဝန်ကြီးနှင့် ညွှန်ချုပ်များကို မြေကွက်များ ချပေးခဲ့ဖူးကြောင်း ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
“ပြဿနာက ဘာလဲဆိုတော့ သူတို့က စကားတွေ အကြီးကြီး ပြောခဲ့တာ။ ဗိုလ်ချုပ်တွေတုန်းက ဒီလိုတွေ လုပ်တယ်။ ကြံ့ ခိုင်ရေးတုန်းက ဒီလိုတွေ လုပ်တယ်။ ငါတို့လက်ထက်ကျရင် ဒါတွေ မလုပ်ဘူး၊ လက်မခံဘူး။ အခွင့်အရေး မယူဘူးဆို ပြီး နိုင်ငံတော်အတွက်ပဲ ပေးဆပ်မယ်ဆိုပြီး စကားအကြီးကြီးတွေ ပြောခဲ့တာ။ ပြီးခဲ့တဲ့အခါကျတော့ ကိုယ့်စကား မတည်ဘူး။ အရင်လူတွေရဲ့ အစဉ်အလာအတိုင်းပဲ ယူကြတာပဲ၊ လုပ်ကြတာပဲ။ သူတို့ယူတော့ ကောင်းတယ်။ အရင်လူတွေကိုကျတော့ ဆဲတယ်။ အဲဒီယဉ်ကျေးမှုကို မကြိုက်တာ။ ဒါက ပါစင်နယ်ပြောတာ”ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
ထို့ပြင် ပါတီအနေဖြင့် ပြောရမည် ဆိုပါက လက်ရှိ ၎င်းတို့၏ ပါတီရုံးချုပ်သည်လည်း အစိုးရဈေးဖြင့် ဝယ်ယူ ရယူခဲ့သည်မှာ မှန်ကန် ကြောင်း၊ တခြား အစိုးရ မဟုတ်သည့် အဖွဲ့ များလည်း ၎င်းတို့၏ ရုံးချုပ်ဘေးတွင် ရယူခဲ့သည့် ဖြစ်စဉ်များ ရှိ ကြောင်း ၎င်းက ပြောသည်။
လက်ရှိ အစိုးရ၏ နိုင်ငံရေး ရာထူး ရယူထားသူများ၏ မြေကွက်များ မတိုင်မီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ ပရဟိတ အဖွဲ့ တခု ဖြစ်သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကလည်း ပညာမပြီးဆုံးသေးသည့် လူငယ်များ ပြု စုပျိုးထောင်ရေး သင်တန်းကျောင်းနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သစ်တောငယ် ထူထောင်ရန်အတွက် နေ ပြည်တော်တွင် မြေဧက ၉၀ ကျော်ကို တဧကလျှင် ကျပ်သိန်း ၅၀ နှှုန်းဖြင့် ၂၀၁၈ ခုနှစ်က ဝယ်ယူခဲ့သေးသည်။
ယခု လူကြီးများ ရယူထားသည့် အကွက်များသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် Ocean စင်တာကြီးအနီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ဆက်စပ်လျက်ရှိသည့် မြေကွက်များ ဖြစ်ပြီး ကာလပေါက်ဈေးနှင့် တွက်ပါက သိန်းထောင်ချီတန်ဖိုး ရှိသော မြေကွက်များ ဖြစ်နေသည်။
ယင်းနေရာ ပတ်ဝန်းကျင်တွင် ပေ ၁၀၀ ပတ်လည် မြေကွက်တကွက်လျှင် ကျပ်သိန်း ၈၀၀ နှင့် ၁၀၀၀ ကြား၊ ပေ ၁၅၀ အကွက်တခုလျှင် သိန်း ၂၀၀၀ နှင့်အထက် ပေါက်ဈေးရှိကြောင်း၊ အိမ်အလုံးပါပါက ကျပ်သိန်း ၅၀၀ ခန့် ထပ်ပေးရ မည် ဖြစ်ကြောင်း နေပြည်တော် အခြေစိုက် ဇေယျာ အိမ်ခြံမြေ အကျိုးဆောင်မှ ဒါရိုက်တာ ဦးနန္ဒကျော်က ပြောသည်။
“မြေတကွက်ရဲ့ ပေါက်ဈေးက အဲလောက်တော့ ရှိတယ်။ ရွှေကြာပင်၊ သပြေကုန်းဆိုရင် အဲဒီထက်တောင် ဈေးကြီးသေး တယ်။ ဒက္ခိဏဘက်ကတော့ သူ့ထက် သက်သာတယ်။ ရှိသင့်တာက သိန်း ၁၅၀၀ အထက်မှာတောင် ရှိသင့်တာ။ တိုင်းပြည် စီးပွားရေး အခြေအနေအရ တခြား ရွေးချယ်စရာတွေ ရှိတဲ့အတွက် သူသည် ၁ ထောင် အောက်မှာပဲ ဖြစ်နေတာ”ဟု ဦးနန္ဒကျော်က ရှင်းပြသည်။
အစိုးရကမူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ၁ ဧက သိန်း၅၀ နှုန်းဖြင့် ချထားပေးခြင်းကို ဝေဖန်လျက်ရှိသည့်အပေါ် နေပြည် တော် သီရိ ၅ မြို့နယ်တွင် အစိုးရမဟုတ်သည့် အဖွဲ့ အစည်း ၂၄ ဖွဲ့ကို ချထားပေးခဲ့ဖူးရာ လက်ရှိ အတိုက်အခံ ပါတီ၏ မြေနေရာများလည်း ပါဝင်ကြောင်း ပြောသည်။
နေပြည်တော်တွင် ရန်ကုန်မြို့တော် စည်ပင်အတွက် ၂ ဧက၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ ချုပ်အတွက် ၁ ဧကခွဲ၊ မြန်မာနိုင် ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ ချုပ်အတွက် ၁ ဧကခွဲ၊ ငါးလုပ်ငန်း အဖွဲ့ ချုပ်က ၅ ဧကကျော်၊ မန္တလေးစည်ပင်အတွက် ၂ ဧက၊ UMFCCI အတွက် ၆ ဧက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရုံးချုပ်၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ ရုံး၊ မြန်မာနိုင်ငံ မသန်စွမ်း ဗဟိုနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းတို့အတွက်လည်း မြေများ ချထားပေးကြောင်း သိရသည်။
“နောက်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဌာနချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၊ မြန်မာနိုင်ငံ စစ် မှုထမ်းဟောင်းအဖွဲ့ ၊ သိန်း ၅၀ နှုန်းနဲ့ နေပြည်တော်မှာ နေရာချထားတာတွေ ရှိပါတယ်”ဟု ညွှန်ချုပ် ဦးဇော်ဌေးက ပြော သည်။
ထို့ပြင် လျှောက်ထားသူတိုင်း ရမလားဆိုသည့် မေးခွန်းအတွက်မှာမူ လျှောက်ထားသည့် NGO က မည်သူ ဖြစ်သနည်း၊ မည်သည့် စီမံကိန်း ဖော်ဆောင်မည်နည်း၊ အများပြည်သူ အကျိုးကို မည်သို့ ဆောင်ရွက်ပေးမည်နည်း စသည့် အချက် များကို အခြေခံ၍ နေပြည်တော် စည်ပင်သာယာရေး ကော်မတီက စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။
လက်ရှိ မြေကွက်ချထားပေးခံရသည့် ဝန်ကြီးများ ရှိသလို ထပ်မံ ချထားပေးနိုင်ရန် မြေကွက်များ ဆက်လက် ဖော်ထုတ်နေ ကြောင်း၊ ထို့ပြင် မြေကွက်မရသေးသည့် အစိုးရ အရာရှိများကိုလည်း မြေကွက်များ ဆက်ချပေးရန် ရှိကြောင်း သမ္မတရုံးမှ သိရှိရသည်။
You may also like these stories:
ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ကျပ်ငွေ ၄၁ ဘီလျံ ဘာကြောင့်ဖြတ်တောက်ခံရသလဲ
“အစိုးရတရပ် ဖွဲ့ စည်းနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”