မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲများကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှုပြုလုပ်လာကြရာ ၈ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း မလေးရှားအခြေစိုက် နာရေးကူညီမှု အသင်းများထံမှ သိရသည်။
ပြီးခဲ့သည့် မေလအတွင်းက မြန်မာရွှေ့ပြောင်း လုပ်သားများ ဖြစ်သည့် အမျိုးသား ၂ ဦး၊ ဇွန်လအတွင်း အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး တို့သည် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကပုန်း ၇ ရက်သားသမီး နားရေးကူညီမှုအသင်း နှင့် ဒါန ကုသလ နာရေး ကူညီမှု အသင်းတို့မှ သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကပုန်း ၇ ရက်သားသမီး နားရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက “အခုက မလေးရှားမှာ ရွှေ့ပြောင်းအလုပ်သမားတွေပဲ ဆက်တိုက်သေတယ်။ အလုပ်အကိုင်မရှိကြဘူး။ လူတွေ အလုပ် လျှော့ဆင်းခိုင်းတယ်၊ တချို့ကုမ္ပဏီကြီးတွေဆို ဒေဝါလီခံတယ်။ အလုပ်သမားတွေအတွက်က အလုပ်အကိုင်အတွက် အခက်အခဲ ရှိနေတယ်” ဟုပြောသည်။
ဆက်လက်ပြီး ၎င်းက “အလုပ်အကိုင် အခက်အခဲ ရှိနေတဲ့အတွက်ကြောင့် နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေး၊ မြန်မာပြည်မှာရှိနေတဲ့ မိသားစု တွေရဲ့ လိုအပ်ချက် ငွေရေးကြေးရေးကို မစွမ်းဆောင်နိုင်တဲ့ အနေအထားတွေ ရှိတဲ့ အတွက်ကြောင့်မို့လို့ ဒါတွေလည်း ပါမယ်။ အဲဒါကြောင့် ကြံရာမရဘဲ သူတို့ကိုယ် သူတို့ အဆုံးစီရင်တာလည်း ဖြစ်နိုင် တယ်” ဟုဆိုသည်။
ဇွန်လ ၂၁ ရက်နေ့က ၈ ယောက်မြောက် သေဆုံးခဲ့သည့် အလုပ်သမား၏ သူငယ်ချင်း ဖြစ်သူ ကိုမျိုးသန့်က “သူက အလုပ်မရှိတာလည်း ပါတယ် အရက်သောက်တာလည်း ပါတယ်။ အဲဒါတွေကြောင့်ပဲ ဖြစ်မယ်။ ကျန်တဲ့ ကိစ္စတော့ မရှိပါဘူး” ဟု ရှင်းပြသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်နေသည့် တရားဝင် အလုပ်သမား နှင့် တရားမဝင် အလုပ်သမား စုစုပေါင်း ၇ သိန်းခန့်ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားပြီး အားလုံးနီးပါးမှာ အလုပ်လက်မဲ့ ပြဿနာကို ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID -19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဇွန်လ ၂၁ ရက်အထိ သေဆုံးသူ ၄ သိန်းကျော် (၄၆၁,၇၁၅ဦး) ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၈ သန်းကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ဇွန်လ ၂၁ ရက်နေ့ အထိ COVID-19 ပိုးတွေ့လူဦးရေ ၈,၅၅၆ ဦးရှိပြီး သေဆုံးသူ ၁၂၁ ဦးရှိပြီ ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။
ဆက်စပ်လင့်-
မလေးရှားမှ မြန်မာလုပ်သားအချို့ စားဝတ်နေရေး ခက်ခဲ၍ အဆုံးစီရင်မှုများ ရှိလာ
ကူကယ်ရာမဲ့နေတဲ့ မလေးရှားရောက် မြန်မာလုပ်သားများ ဘဝ