ထိုင်ဝမ်သို့ အဆင့်မြင့်လက်နက်များရောင်းချရန် အဆိုပြုချက်အများအပြားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကွန်ဂရက်သို့ တင်သွင်းပြီး တပတ်အကြာ ထိုင်ဝမ်နှင့်ပတ်သက်သည့် ဥပဒေကြမ်းနှစ်ခုကို အမေရိကန်ကွန်ဂရက်က တင်သွင်းလိုက်သည်။ တခုမှာ တရုတ်နိုင်ငံကို ပစ်မှတ်ထားသည့် အက်ဥပဒေများနှင့်သက်ဆိုင်ပြီး အခြားတခုမှာ ထိုင်ဝမ်နှင့်ဆက်ဆံရေး ပိုမိုတောင့်တင်းရေးဥပဒေဖြစ်သည်။ ထိုလုပ်ရပ်များကြောင့် တရုတ်နိုင်ငံ ပိုမိုဒေါသဖြစ်နိုင်သည်။
General Atomics က ထုတ်လုပ်သည့် MQ-9 မောင်းသူမဲ့လေယာဉ်များနှင့် Boeing က ထုတ်လုပ်သည့် Harpoon သင်္ဘောတိုက်ဖျက်ရေး ဒုံးကျည်များကို ထိုင်ဝမ်သို့ ရောင်းချရန် အစီအစဉ်ကို အိမ်ဖြူတော်က ကွန်ဂရက်သို့ တင်ပြသည်ဟု Reuters က အောက်တိုဘာလ ၁၃ ရက်တွင် ထိုဖြစ်ရပ်နှင့် နီးစပ်သည့် ရင်းမြစ်များကို ကိုးကားရေးသားသည်။
ထိုသို့တင်ပြသည့် အစီအစဉ်တွင် Lockheed Martin ကထုတ်လုပ်သည့် ထရပ်ကားတွင် တင်ပစ်ရသော ရွေ့လျှားမှု မြင်မားသည့် ဒုံးကျည်စနစ် – High Mobility Artillery Rocket System များ၊ Boeing ကထုတ်လုပ်သည့် အတိအကျ ပစ်ခတ်နိုင်သော မြေပြင်တိုက်ခိုက်ရေး ဒုံးကျည်စနစ် – Standoff Land Attack Missile-Expanded Response နှင့် ထိုင်ဝမ်၏ F-16 ဂျက်တိုက်လေယာဉ်များအတွက် ပြင်ပအာရုံခံ ကိရိယာများ external sensor pods ပါဝင်ကြောင်း Reuters နှင့် Defense News တို့က ဖေါ်ပြသည်။
“ပြောရရင်တော့ အမေရိကန်အစိုးရက ကွန်ဂရက်ကို တရားဝင် မတင်ခင် လက်နက်ရောင်ချမှု၊ လွဲပြောင်းမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားတာ အတည်ပြုတာမလုပ်ဘူး” ဟု မေးမြန်းစုံစမ်းမှုများကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖြေကြားပြီး ထိုင်ဝမ်အာဏာပိုင်များကို မေးရန်ပြောသည်။
ပြည်ပသို့ လက်နက်ရောင်းချမှုများကို စီမံသည့် ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဌာန ကလည်း မေးခွန်းများကို လတ်တလောဖြေကြားခြင်း မရှိသေးပေ။
နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် ဇူလိုင်တွင် အတည်ပြုခဲ့သည့် 108 M1A2T Abrams သံချပ်ကာယာဉ်များ၊ Stinger ဒုံးကျည် ၂၅၀ နှင့် ဆက်စပ်ပစ္စည်းများအပါအဝင် ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာ ၂.၂ ဘီလျှံတန် လက်နက်များရောင်းချရန် ဝါရှင်တန်က အတည်ပြုပြီးနောက် ယခုသတင်း ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုင်ဝမ်သို့ လက်နက်ရောင်းချပါက လက်စားချေမည်ဟု ဘေ့ဂျင်းက ခြိမ်းခြောက်ထားသည်။
“အမေရိကန်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့် အစီအစဉ်ကို ချက်ခြင်း ရပ်သင့်ပြီး လက်နက်အရောင်းအဝယ်သဘောတူစာချုပ်တွေနဲ့ စစ်ဖက်အဆက်အသွယ်တွေကို ရပ်သင့်တယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့် ရသူက ပြီးခဲ့သောအပတ်ထဲ ပြောသည်။
၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေး ဥပဒေအရ အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို ကာကွယ်ရန် လိုအပ်သည်။ တရားဝင် သံတမန်ဆက်ဆံရေးကို ထိုင်ပေမှ ဘေ့ဂျင်းသို့ ဝါရှင်တန်က ပြောင်းလဲလိုက်သည်ကို မကျေနပ်သည့် လွှတ်တော်အမတ်များနှင့် မူဝါဒချမှတ်သူများကို အလျှော့ပေးသည့် အနေဖြင့် ထိုဥပဒေကို ယခင်သမ္မတ ဂျင်မီကာတာက လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။
အမေရိကန် ကွန်ဂရက် တရုတ်လုပ်ငန်းအဖွဲ့က တရုတ်နိုင်ငံကို ပစ်မှတ်ထားသော ဥပဒေများကို ပေါင်းစည်းပြီး တရုတ်လုပ်ငန်းအဖွဲ့ဥပဒေဟု ခေါ်ကာ လက်ရှိ ကွန်ဂရက်အစည်းအဝေးပြီးဆုံးချိန်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မတိုင်မီ တရုတ်နိုင်ငံ၏ ကမ္ဘာ့သြဇာကို တန်ပြန်ရန် ရည်ရွယ်သော အက်ဥပဒေ ၁၃၇ ခုကို အတည်ပြုရန် အောက်တိုဘာလ ၂၀ ရက်နေ့က တင်သွင်းခဲ့သည်။
“အမေရိကန်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့် အစီအစဉ်ကို ချက်ခြင်း ရပ်သင့်ပြီး လက်နက်အရောင်းအဝယ်သဘောတူစာချုပ်တွေနဲ့ စစ်ဖက်အဆက်အသွယ်တွေကို ရပ်သင့်တယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့် ရသူက ပြီးခဲ့သောအပတ်ထဲ ပြောသည်။
မေလက ဖွဲ့စည်းခဲ့ပြီး ရီပတ်ဗလစ်ကန် ၁၅ ဦးပါဝင်သော ထိုလုပ်ငန်းအဖွဲ့၏ အဆိုအရ တရုတ်လုပ်ငန်းအဖွဲ့တွင် ပါဝင်သည့် အက်ဥပဒေများ၏ သုံးပုံနှစ်ပုံကို နှစ်ပါတီလုံးက ထောက်ခံပြီး ကျန်သုံးပုံတပုံမှာ အောက်လွှတ်တော်ကဖြစ်စေ အထက်လွှတ်တော်ကဖြစ်စေ ပြဋ္ဌာန်းထားပြီးသော အက်ဥပဒေများဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရကမူ ထိုင်ဝမ်သည် ပုန်ကန်နေသော ပြည်နယ်သာဖြစ်ပြီး လိုအပ်လျှင် အင်အားသုံး ပြီး ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရမည်ဟု မြင်ပြီး အမေရိကန်က ထိုင်ဝမ်သို့ လက်နက်များရောင်းချခြင်းကို အပြင်းအထန် ဆန့်ကျင်သည်။ ထိုအချက်သည် တရုတ်-အမေရိကန် ဆယ်စုနှစ်နှစ် ၄ ခုကြာ ဆက်ဆံရေးတွင် အမြဲတစေ ပြဿနာတက်နေသော အချက်ဖြစ်သည်။
သြဂုတ်လက ထိုင်ဝမ်သို့ အငြင်းပွားဖွယ် သွားရောက်လည်ပတ်မှုအတွင်း အမေရိကန် ကျန်းမာရေးနှင့်လူသားဝန်ဆောင်မှု ဝန်ကြီး အဲလက် အဇာသည် ထိုင်ပေမှ အရာရှိများနှင့် နှစ်နိုင်ငံကုန်သွယ်ရေးအစီအစဉ်နှင့်ပတ်သက်သည့် ကိစ္စများအပါအဝင် ကုန်သွယ်ရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်။
ထိုခရီးစဉ်သည် အချက်နှစ်ချက်အရ ထူးခြားနေသည်။ ပထမတချက်မှာ အဇာသည် ဝါရှင်တန်က သံတမန်အဆက်အသွယ်ဖြတ်ပြီးနောက်ပိုင်း ထိုင်ဝမ်သို့ တရားဝင် အစိုးရကိစ္စဖြင့် သွားရောက်လည်ပတ်သည့် အဆင့်အမြင့်ဆုံး အရာရှိဖြစ်ပြီး အခြားအချက်မှာ အမေရိကန်ထိုင်ဝမ်ကုန်သွယ်ရေး ဆွေးနွေးပွဲများ စီစဉ်လာသည့် လက္ခဏာများကြောင့်ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်သို့ အခြားထူးခြားသည့် လက်နက်ရောင်းချမှုများတွင် ထရမ့်အစိုးရက ၂၀၁၇ ခုနှစ်က Raytheon High-speed Anti-Radiation Missiles (HARMS) ဒုံးကျည်များနှင့် Aegis Combat System ဖြင့် မောင်းနှင့်သည့် SM-2 သင်္ဘောတင် ဝေဟင်ပစ် ဒုံးကျည်နှင့် MK48 ရေငုတ်သင်္ဘောမှ ရေမျက်နှာပြင်ရှိ သင်္ဘောများသို့ ပစ်ခတ်သည့် တော်ပီဒိုများကို အမေရိကန်ဒေါ်လာ ၁.၄ ဘီလျှံဖိုးရောင်းချခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ်ကလည်း သမ္မတဟောင်း ဘားရက်အိုဘားမားအစိုးရသည် ထိုင်ဝမ်သို့ ဒုံးကျည်များ၊ ရဟတ်ယာဉ်များနှင့်အခြားလက်နက်များ ဒေါ်လာ ၆.၄ ဘီလျှံဖိုး ရောင်းချရန်ခွင့်ပြုခဲ့သည်။
ကိုးကား။ ။ South China Morning Post နှင့် CNA
You may also like these stories:
“ကျနော်တို့ ရေငုပ်သင်္ဘောက ဘင်္ဂလားဒေ့ရှ်ထက် အပြတ်ကို သာပါတယ်”
ဂျပန်က ဗီယက်နမ်သို့ လက်နက်ရောင်းမည်
တရုတ်နဲ့ ဝေးရာ နေရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန် မြှူဆွယ်
တောင်တရုတ်ပင်လယ် စစ်ရေးလေ့ကျင့်မှုများတွင် ရေငုတ်သင်္ဘောတိုက်ဖျက်ရေးကို အဓိကထား