တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးခဲ့သည့်၂၁၈ မြို့နယ်တွင် ပြန်လည် စိစစ်သုံးသပ်မည့် တပ်မတော်၏ ဆောင် ရွက်မှုသည် ရွေးကောက်ပွဲ လွတ်လပ်၊ တရားမျှတမှုအပေါ် ထိခိုက်လာမည် ဆိုပါက ကန့်ကွက်ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က ပြောသည်။
တပ်မဲဆန္ဒနယ်များနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ နည်းလမ်းတကျ ဖြစ်ထွန်းခဲ့ခြင်း ရှိ/မရှိ စိစစ်တွေ့ရှိချက်များ အရ လိုအပ်ပါက မဲဆန္ဒရှင်အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံသို့ ကန့်ကွက်လွှာ တင်သွင်းမည် ဖြစ်ကြောင်း တပ်မတော်က နိုဝင် ဘာ ၃၀ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုကြေညာချက် အပေါ် ဒေါက်တာမျိုးညွှန့်က “လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ထိခိုက် စေမယ့် စစ်ဆေးမှုမျိုး မဖြစ်ဘူးဆိုရင်တော့ ကျနော် တို့ ကန့်ကွက်ဖို့ မရှိပါဘူး။ ဒီလိုမှ မဟုတ်ဘဲ လွတ်လပ်စွာ မဲပေးခွင့် မရှိဘူး၊ တစုံတရာ အရေးယူမှု ရှိမယ်ဆိုရင်တော့ ဒါ ဟာ ရွေးကောက်ပွဲရဲ့ အနှစ်သာရကို ထိခိုက်စေပါလိမ့်မယ်။ မဲဆန္ဒရှင် များ မိမိတို့ နှစ်သက်ရာ ပါတီကို မဲပေးခြင်းကြောင့် အရေးယူခံရမယ်ဆိုရင် ဒါဟာ ရွေးကောက်ပွဲရဲ့ လွတ်လပ်မှု၊ တရားမျှတမှုကို ထိခိုက်ပါလိမ့်မယ်။ ထိခိုက်မှု ရှိ/မရှိကိုတော့ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။
တပ်မတော်အနေဖြင့် သက်သေခံ ဥပဒေပုဒ်မ-၇၄ နှင့် ပုဒ်မ-၇၆ တို့အရ လိုအပ်သည့် အချက်အလက်များ ကူးယူခွင့် ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ထံသို့ မေတ္တာရပ်ခံထားပြီး မြို့နယ်အချို့တွင် အချက်အလက် တောင်းခံ စာများ ပေးပို့ထားကြောင်း သိရသည်။
လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အများပြည်သူ သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေး ရည်ရွယ် ချက်ဖြင့် ပြန်လည် စိစစ်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားပြီး မည်သည့် အချက်အလက်များအား အဓိကထား စိစစ် မည်ကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းထံ မေးမြန်းခဲ့သော်လည်း သီးခြား ဖြေ ကြားရန် မရှိကြောင်းနှင့် ကြေညာချက်အတိုင်းသာ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
တပ်မတော် ပြန်လည် စိစစ်မည်ဟု ကြေညာအပြီး နောက်တရက်ဖြစ်သည့် ဒီဇင်ဘာ ၁ ရက်တွင် အချက်အလက် တောင်း ခံမှုများ ရှိလာပါက ခွင့်ပြုချက် မရရှိဘဲ ထုတ်ပေးခြင်း မပြုရန် UEC က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲများထံ ညွှန်ကြား ခဲ့သည်။
မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက “ကျနော်တို့ဆီ နှုတ်မိန့်တော့ ပြော ထားပါတယ်။ ဥပဒေအရ ပေးရမယ့် စာရွက်စာတမ်းကလွဲလို့ ကျန်တဲ့ဟာတွေ မပေးဖို့ပေါ့လေ။ လျှို့ ဝှက်ထိန်းသိမ်းရမယ့် စာရွက်စာတမ်းတွေ မပေးမိဖို့ပေါ့။ ဒါက ပုံမှန် ညွှန်ကြားချက်အရ မပေးရမယ့် စာရွက်စာ တမ်းတွေ ပေးမိမှာစိုးတဲ့ သဘော ပါ။ ပုံမှန်လဲ ဒီလို ညွှန်ကြားချက်လေးတွေ ရှိပါတယ်” ဟု ပြောသည်။
ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်ကလည်း ကချင်ပြည်နယ်အတွင်း မိုးညှင်းမြို့နယ်နှင့် မြို့နယ်အချို့တွင် တပ်မတော်ဘက်မှ အချက်အလက် တောင်းခံစာများ လက်ခံရရှိထားပြီး အဆင့်ဆင့် တင်ပြပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ပါတီနိုင်ငံရေးနှင့် ပတ်သက်သည့် ရွေးကောက်ပွဲ ကိစ္စရပ်များတွင် တပ်မတော်အနေဖြင့် သီးခြား စုံစမ်းစစ်ဆေးရန် ဆောင် ရွက်နေမှုနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီ/မညီ ဆိုသည့် အမြင်ကွဲပြားမှုများလည်း ရှိနေကာ၊ ဆောင်ရွက် မည့် လုပ်ငန်းများသည် ဥပဒေနှင့် ညီညွတ်မှု ရှိမရှိအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးထံ ဦးစွာတင်ပြ အဆုံးအဖြတ် ခံယူပြီး မှသာ ဆောင်ရွက်သင့်ကြောင့် ဥပဒေအကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။
၎င်းက “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကိုယ်မြင်တဲ့ ရှုထောင့်ကနေပဲ လိုရာဆွဲတွေးပြီး ကိုယ်လုပ် ချင်တာကို လုပ်နေတဲ့သဘော ဖြစ်တဲ့အတွက် နိုင်ငံအနေနဲ့ရော၊ နိုင်ငံသားတွေအနေနဲ့ရော စိုးရိမ်ဖွယ် အခြေအနေတော့ ရှိတာပေါ့။ တနည်းအားဖြင့်လည်း တပ်မတော်အပေါ်မှာ နိုင်ငံသားတွေနဲ့ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်ကိုးစားမှု အများကြီး လျော့ကျသွားနိုင်တာပေါ့” ဟု သုံသပ်ပြောကြားသည်။
ယင်းပြင် ရွေးကောက်ပွဲ အချက်အလက်များ တောင်းခံမှုနှင့် ပတ်သက်၍လည်း သတင်းအချက်အလက် သိရှိပိုင်ခွင့် အခွင့် အရေးအရ လက်ခံနိုင်သော်လည်း လွတ်လပ်စွာ မဲပေးခဲ့သည့် တပ်မတော်သား၊ မိသားစုဝင်များအပေါ် သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်းကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သည့် New Myanmar Foundation ပြောရေးဆိုခွင့်ရှိသူ ဒေါ်မြနန္ဒာသင်းက ပြောသည်။
ရွေးကောက်ပွဲ စာရွက်စာတမ်းများနှင့် ပတ်သက်၍ စာရွက်စာတမ်း၊ အချက်အလက်များအား ဥပဒေနှင့်အညီ ကူးယူနိုင် သည့်အခြေအနေအား ပြဋ္ဌာန်းထားပြီးဖြစ်ပြီး အချို့အချက်အလက်များသည် ရွေးကောက်ပွဲ ပြီးဆုံးချိန်တွင် ကော်မရှင် အဖွဲ့ဝင်များ၊ မဲရုံတာဝန်ရှိသူများ၊ ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များအပါအဝင် အများရှေ့၌ ချိတ်ပိတ် သိမ်းဆည်းရသည့်အတွက် အငြင်းပွားမှုနှင့် ပတ်သက်၍ ခုံရုံးအမိန့်အရသော်လည်းကောင်း၊ UEC ၏ သီးသန့် ညွှန်ကြား ချက်ဖြင့် သော်လည်ကောင်း တရားဝင်ရရှိမှသာ ထုတ်ပေးရသည်မျိုး ရှိကြောင်း ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတဦးက ရှင်းပြသည်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် တိုက်ရိုက် သက်ရောက်သည့် နိုင်ငံရေးပါတီများ၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် စီမံခန့်ခွဲရသည့် အဖွဲ့အစည်းများရှိနေသည့်တိုင် လူထုဆန္ဒမဲဖြင့် ရွေးကောက်ခံခြင်း မရှိဘဲ လွှတ်တော်အတွင်း ၂၅ ရာ ခိုင်နှုန်း ရယူထားသည့် တပ်မတော်အနေဖြင့် ယခုကဲ့သို့ သီးသန့် စုံစမ်းစစ်ဆေးလုပ်ငန်းစဉ်သည် သက်ဆိုင်ရာအဖွဲ့ အစည်းများ တည်ရှိမှုနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းမှုအပေါ် အင်အားချိနဲ့စေကြောင်း ရွေးကောက်ပွဲ လေ့လာသူများက ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE)၊ အမှုဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က “ ရွေးကောက်ပွဲ ဖြစ် စဉ်မှာကတော့ ပြဿနာတွေ အနည်းနဲ့အပြား ရှိတာပါပဲ။ ဒါလည်း တကမ္ဘာလုံးမှာ ရှိတာပါပဲ။ ဒါကိုမှ တပ်မတော်က အုပ် ထိန်းတဲ့သူ နေရာက နေပြီးတော့မှ ဝင်ရောက်ကြီးကြပ်မယ်၊ ဝင်ရောက်စုံစမ်းမယ်ဆိုပြီး လုပ်တာက ဒီမိုကရေစီ အတွက် ကောင်းတဲ့ အလားအလာ မဟုတ်ဘူးလို့ မြင်တယ်” ဟု သုံးသပ်သည်။
ဒီမိုကရေစီ အသွင်းကူးပြောင်းမှု ပိုမိုအားကောင်း ခိုင်မာရေးနှင့် နိုင်ငံရေးအာဏာစက်က လွတ်ကင်းသည့် ပိုမိုလွတ် လပ် သော ရွေးကောက်ပွဲကော်မရှင်ဖြစ်ပေါ်လာရေး အမှန်တကယ် လိုလားပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဓိက နေရာက ရှိနေသည့် တပ်မတော်အနေဖြင့် မည်သည့်အချက်များ ပြင်ဆင်ရမည့်ကို ပိုမိုဆောင်ရွက်သင့်ကြောင်း လည်း လေ့လောသူများက ပြောဆိုသည်။
“ရွေးကောက်ပွဲ ကော်မရှင် ပိုမိုအားကောင်းဖို့ဆိုရင် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ လိုကိုလိုတယ်။ ဘယ်လို ထားမှာလဲ၊ ဘယ်လိုအချက်တွေ ပြောင်းရမလဲဆိုရင် အခြေခံဥပဒေမှာပါတဲ့ ပြဌာန်းချက်တွေ ပြောင်းဖို့ လုပ်ရမယ်။ အဲဒီလို လုပ်ဖို့ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးကြီးတာကိုး။ အခုလို စုံစမ်းစစ်ဆေးရေးလုပ်တာမျိုး ၊ သမ္မတက တာဝန် ခံရမယ်ဆိုတာမျိုးတွေ ပြောနေတာထက်စာရင် အဲ့ဒါမျိုးက နိုင်ငံရေးဖွံ့ဖြိုးမှုကို ပိုပြီး တော့ ဖြစ်ထွန်းစေတယ်”ဟု ကိုစိုင်းရဲ ကျော်စွာမြင့်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အချို့သော နေရာများတွင် စီမံခန့်ခွဲမှု အားနည်းချက်များရှိခဲ့ သော်လည်း တခုလုံးအနေဖြင့် ခြုံငုံကြည့်ပါက ရလဒ်အပေါ် လက်ခံနိုင်ငံကြောင်း နိုင်ငံရေးပါတီအများစုနှင့် လေ့လာ သူများက ပြောကြားထားပြီး တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာကလည်း ရွေးကောက်ပွဲရလဒ်အပေါ် လက်ခံခဲ့ကြသည်။
You may also like these stories:
ရွေးကောက်ပွဲ အချက်အလက်များ ခွင့်ပြုချက်မရဘဲ မပေးဖို့ UEC ညွှန်ကြား
တပါတီတည်း အနိုင်ရသော်လည်း အစိုးရကို ထိန်းကျောင်းခွင့် ရှိကြောင်း NLD ဒုဥက္ကဋ္ဌ ပြော