ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်းများ မပြုလုပ်ကြရန် မြန်မာလုပ်သားများအရေး ဆောင်ရွက်သူများနှင့် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိတို့ က သတိပေးတိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးကူးစက်မှု ပြင်းထန်နေသဖြင့် ထိုင်းအစိုးရက နယ်စပ်လုံခြုံရေး တင်ကြပ်ထားသည့်ကြားတွင်ပင် နယ်စပ်လမ်းကြောင်းများမှတဆင့် တရားမဝင်ကူးဖြတ်လာသူများကို နေ့စဉ်နီးပါး ဖမ်းမိနေလျှက်ရှိသဖြင့် အလုပ်သမား အရေး ဆောင်ရွက်နေသူများက သတိပေးကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးကျော်သူမိုး (ချင်းမိုင်) က “အဓိကကတော့ ကျနော်တို့ မြန်မာပြည်ဘက်က ကိုဗစ်ကူးစက်မှုတွေများတော့ ထိုင်းဘက်က သူတို့နိုင်ငံထဲဝင်တာကို တင်းကြပ်တဲ့ အနေနဲ့ နယ်စပ်မှာ ပိုက်စိပ်တိုက်ရှာပြီး ဖမ်းနေကြတာပေါ့။ ကျနော်တို့ အလုပ်သမား သံအရာရှိ Facebook ကနေလည်း ခိုးဝင်မလာကြဖို့ သတိပေး ကြေညာထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုလ ၁၂ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီ ခရိုင် အတွင်းသို့ မြန်မာနိုင်ငံဘက်မှ တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာသည့် လုပ်သား ၂၅ ဦးကို နယ်စပ်လုံခြုံရေးကင်းလှည့်နေသည့် ထိုင်းအာဏာပိုင် အဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးခံခဲ့ရသည့် မြန်မာလုပ်သားများ၏ ပြောပြချက်အရ ၎င်းတို့သည် ယခုကဲ့သို့ ဝင်ရောက်နိုင်ရန် အတွက် လူပွဲစားများကို ဘတ် ၉၀၀၀ (ကျပ် ၃ သိန်းခွဲ့ခန့်) ပေးခဲ့ရကြောင်း သိရသည်။
ထို့အတူ ယခုလ ၁၁ ရက်နေ့ကလည်း ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နယ် မယ်ကုကျေးရွာ အုပ်စုတွင် ဘန်ကောက်မြို့ တက်၍ အလုပ်လုပ်ရန် နှစ်နိုင်ငံ နယ်စပ် သောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကျော်ပြီး ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား ထိုင်းလုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်။
ထိုကဲ့သို့ တရားမဝင်ဝင်ရောက်မှုများသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်လမ်းကြောင်းများဖြစ်သည့် တာခ်ခရိုင်၊ ချင်းရိုင်းခရိုင်၊ ကန်ချနဘူရီနှင့် အခြား နယ်စပ်ဂိတ်များမှတဆင့် နေ့စဉ်နီးပါး မှောင်ခိုလမ်းမှ တဆင့် ဝင်နေရာက်နေမှုများရှိနေပြီး လမ်းခရီးတွင် ဖမ်းဆီးခံရမှုများ ရှိနေသကဲ့သို့ လွတ်မြောက်လာသူများလည်း ရှိသည်။
တချိန်တည်းမှာဘဲ ထိုင်းအစိုးရက ကိုဗစ်ကူးစက်မှုမရှိစေရန်နှင့် နယ်စပ်မှ တရားမဝင် မှောင်ခိုလမ်းကြောင်းများမှ ဝင်ရောက်နိုင်ခြင်း မရှိစေရန် အတွက် စစ်တပ်၊ ရဲ၊ လဝက အပြင် အငှားယာဉ်မောင်းများနှင့် အရပ်ဘက် အဖွဲ့များကိုပါ အသုံးပြု၍ မြေပြင်လုံခြုံရေးယူထားသလို ဝေဟင်ကလည်း ဒရုန်းယာဉ်များ အသုံးပြုကာ တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေလျှက်ရှိသည်။
မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA)၊ ဥက္ကဋ္ဌ ဦးမိုးကြိုး ကလည်း “အခုက လုံခြုံရေးကို အဆင့်မြှင့်ပြီး မြေပြင်တင်မကဘဲ ဝေဟင်ကလည်း ထိုင်းဘုရင့် တပ်မတော်ကနေပြီးတော့ ဒရုန်းတွေနဲ့ ရှာတာတွေ၊ အရင်က နယ်စပ်မှာ ကြပ်မတ်မှု မရှိတဲ့ ထိုင်းလုံခြုံရေးဝန်ကြီးဌာန ကနေပြီးတော့ နယ်စပ်စည်းရိုးတွေမှာ ကြပ်မတ်လိုက်တဲ့ အခါကြတော့ ဝင်ရောက်မှု နည်းသွားတယ်။ သို့သော်လည်း ခိုးဝင်မှုတွေက ရှိနေတုန်းပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ဖွံ့ဖြိုးမှုအားနည်းနေသေးသည့် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှု၊ စားဝတ်နေရေး ကြပ်တည်းမှုများကြောင့် မြန်မာလုပ်သားများသည် တင်းကြပ်ထားသည့် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနှင့် ကိုဗစ် အန္တရာယ်ကို ဖြတ်ကျော်ကာ မှောင်ခိုလမ်းမှ ဝင်ရောက်နေကြခြင်းဖြစ်ကြောင်း ဘန်ကောက်မြို့ အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောသည်။
ဦးအောင်ကျော် က “စားဝတ်နေရေး အတွက် ငွေရှာဖို့ အခက်အခဲဖြစ်တဲ့ အခါမှာ ထိုင်းမှာက သူတို့ ဥပဒေအရ တရက်ကို လုပ်အားခ ထိုင်းဘတ် ၃ ရာကျော်ဆို မြန်မာငွေ တသောင်းလောက်က ရနေတယ်ဆိုတော့ ပြည်တွင်းမှာ ဘယ်လိုမှ ရပ်တည်နိုင်စွမ်းမရှိတော့တဲ့ သူတွေက ဒီလို တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ ဥပဒေတွေကို ကျော်ဝင်လာတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ကိုဗစ်ကာလအတွင်း ထိုင်းနိုင်ငံ အတွင်းသို့ မြန်မာနိုင်ငံသားများသာမကဘဲ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများလည်း တရားမဝင်လမ်းကြောင်းမှ တဆင့် ဝင်ရောက်နေမှုများရှိနေပြီး ဖမ်းဆီး အရေးယူမှုများကိုလည်းတွေ့ရသည်။
ထိုင်းအစိုးရကတော့ လုပ်သားများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ခေါ်ဆောင်သူအား ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် သို့မဟုတ် ဒဏ်ငွေ ဘတ်တသိန်း ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူကို လက်ခံထားရှိပါက လက်ခံထားရှိသူအား ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၅ သောင်း ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ပြီဖြစ်သည်။
ထို့အပြင် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ဥပဒေနှင့်လည်း အရေးယူခံရနိုင်သည်။
ဦးမိုးကြိုး က “ထိုင်းနိုင်ငံရဲ့ လုံခြုံရေးက အရှိန်မြှင့်တင်ထားတဲ့အတွက် မြေပြင်ကလွတ်ရင်တောင် ဝေဟင်ကနေပြီးတော့ ကြပ်ကြပ်မတ်မတ် စောင့်ကြည့်နေတယ်။ ဒါကြောင့် သူများနိုင်ငံက လုံခြုံရေး အရ စနစ်တကျ တားမြစ်ထားတဲ့ ဟာကို မချိုးဖောက်ချင်ပါနဲ့ လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ အလုပ်ကို လုပ်ပြီးစောင့်ပေးကြပါလို့ပြောချင်တယ်” ဟု တိုက်တွန်းသည်။
MWRN ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် ကလည်း “ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေကြောင့် အခုလို အရဲစွန့်လာခဲ့ကြရတာ ကိုလည်း နားလည်ပေမယ့် အခုလို ကပ်ရောဂါကြီး ဖြစ်နေတဲ့ အချိန်ကာလ သူ့နိုင်ငံမှာ ဥပဒေတွေ ပြဌာန်းထားတဲ့ အချိန်အခါမျိုးမှာ ဒီလို တရားမဝင်လမ်းကြောင်းကနေ ဝင်လာတာမျိုး မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဆိုသည်။
အလုပ်သမား သံအရာရှိ ဦးကျော်သူမိုး ကတော့ ကိုဗစ်ကူးစက်မှု အရှိန်မြင့်နေသည့် ကာလဖြစ်နေသဖြင့် နှစ်နိုင်ငံ အကြား တရားဝင် MoU လမ်းကြောင်းမှတဆင့် အလုပ်သမား လက်ခံရေး ကိစ္စမှာ ကြန့်ကြာနေသဖြင့် ထိုင်းနိုင်ငံထဲသို့ ဝင်ရောက် အလုပ်လုပ်ကိုင်လိုသည့် မြန်မာလုပ်သားများအနေဖြင့် သီးခံစောင့်ဆိုင်းနိုင်ခြင်း မရှိဘဲ မှောင်ခိုလမ်းကြောင်းမှ ဝင်နေသူများလည်း ရှိသည်ဟု ဆိုသည်။
ဦးကျော်သူမိုး က “ကိုဗစ် အခြေအနေငြိမ်လာရင်တော့ နှစ်နိုင်ငံတရားဝင် MoU လုပ်ငန်းစဉ်က ဖြစ်လာမှာပေါ့။ ကိုဗစ် ကာကွယ်ဆေးလည်း ပေါ်လာပြီဆိုတော့ သိပ်မကြာခင်မှာဘဲ ကျနော်တို့ MoU လုပ်ငန်းစဉ်တွေ ပြန်စနိုင်မှာပါ။ ဒီကာလမှာ သီးခံပြီးစောင့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
You may also like these stories:
နိုင်ငံတကာလေကြောင်းလိုင်းများကို ဇန်နဝါရီ ၁ ရက်နေ့ ဖွင့်ရန် ဆုံးဖြတ်
လိင်၊ မူးယစ်ဆေး၊ လက်နက်နှင့် ကိုဗစ်-၁၉ သို့မဟုတ် ထိုင်း-မြန်မာ တရားမဝင် နယ်စပ်ကုန်သွယ်ရေး
ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်ဖွင့်တော့မည်