မြန်မာနိုင်ငံတွင် အကြီးဆုံးထောင်ဖြစ်သည့် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားနေ သဖြင့် မနက်ဖြန် (ဇူလိုင် ၈ ရက်)မှ စတင်ပြီး ၁၄ ရက်ကြာ Semi-Lockdown ချသွားမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန က ပြောသည်။
လက်ရှိ အင်းစိန်ထောင်အတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ၄၀ ဦးကျော် ရှိနေပြီဖြစ်သောကြောင့် ထပ်မံကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်သည့် အစီအစဉ်လည်း ဖြစ်သည်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးရဲရင့်နိုင်က “အင်းစိန်ထောင် Semi-Lockdown ၁၄ ရက်ထားမယ်။ ဒီကာလ အတွင်း တရားရုံးထုတ် စစ်ဆေးတာတွေလည်း ယာယီ ဆိုင်းငံ့ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ပုံမှန်အားဖြင့် အကျဉ်းသားဦးရေ ၅ ထောင်ခန့်သာ ထိန်းသိမ်းထားနိုင်သည့် အင်းစိန်ထောင်တွင် လက်ရှိ၌ အကျဉ်းသား/ အချုပ်သား ၁ သောင်းကျော် ရှိနေသည့်အတွက် ကူးစက်မှုများ ဖြစ်ပွားပါက စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေကြောင်း အ ကျဉ်းထောင်တွင်း အမှုများ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတဦးက ဆိုသည်။
၎င်းက “အကျဉ်းထောင်ထဲမှာက Social Distancing အရ ၆ ပေအကွာ ဘယ်လိုမှ မနေနိုင်ဘူး။ ညအိပ်တဲ့အခါ ကျောချင်း ကပ်ပြီး အိပ်ရတဲ့ အနေအထားမျိုး။ ကူးစက်မှု အင်မတန် မြန်နိုင်တယ်။ တနည်းအားဖြင့် ကူးစက်ရောဂါ ကပ်အသွင် ရောက်သွား နိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အင်းစိန်အကျဉ်းထောင်အတွင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံရသူများ အပါအဝင် နိုင်ငံရေး အကျဉ်း သား/အချုပ်သားများလည်း ထောင်နှင့်ချီ ထိန်းသိမ်းခံထားရသည်။
လက်ရှိ အင်းစိန်အကျဉ်းထောင်အတွင်း အထူးတရားရုံး ၃၈ ရုံး ဖွင့်လှစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ ကြောင့် ဖမ်းဆီးတရားစွဲဆို ခံရသူများအား ရုံးထုတ်စစ်ဆေးနေမှုများကိုလည်း ယနေ့ (ဇူလိုင် ၇ ရက်) မှစတင်ကာ ရပ်နား ထားကြောင်း၊ အကျဉ်းသား/အချုပ်သားသစ်များ ထပ်မံလက်ခံမည့် အခြေအနေကိုလည်း တရားရေးဌာနနှင့် ညှိနှိုင်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနဘက်က ပြောသည်။
အင်းစိန်အကျဉ်းထောင်အတွင်းသို့ အမှုရုံးထုတ်များနှင့် ပတ်သက်ပြီး ရှေ့နေများ အပါအဝင် လူ ၂၀၀ နှင့် ၃၀၀ ကြား နေ့စဉ် ဝင်ထွက်မှု ရှိနေပြီး ၎င်းတို့အား ရောဂါပိုး ရှိ/မရှိ စနစ်တကျ စစ်ဆေးထားခြင်း မရှိသည့်အတွက် တဆင့် ကူးဆက်မှုများ ဖြစ်ပွားနိုင်ကြောင်းလည်း ရှေ့နေများက ပြောသည်။
အင်းစိန်ထောင်ကဲ့သို့ပင် အကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ တွေ့ရှိရသည့်အတွက် တောင်ငူ အကျဉ်းထောင်နှင့် မြောင်းမြအကျဉ်းထောင်တို့ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းက ၁၄ ရက်ကြာ Lockdown ချထားသည်။
တောင်ငူအကျဉ်းထောင်အတွင်း ဇွန်လ ၂၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၀၀ ကျော် ရှိသည့်အတွက် ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ Lockdown ချထားခဲ့ခြင်းဖြစ်ပြီး ရုံးထုတ်စစ်ဆေးမှုများကိုလည်း ရပ်နားထားခဲ့သည်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးရဲရင့်နိုင်က “ ကူးစက်မှုတွေ လျော့နည်းသွားအောင် Lockdown ချထားပြီးတော့ ကာကွယ်တဲ့သဘောပါ။ ပုံမှန်လည်း ပိုးသတ်ဆေး ဖြန်းတာတွေ၊ လက်ဆေးစေတာတွေ စတဲ့ ကာကွယ်ရေး လုပ်ငန်းတွေ လုပ်နေပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီ အနေဖြင့် နွေဦးတော်လှန်ရေး ကာလအတွင်း ဖမ်းဆီးထားသူများထဲမှ ၂၂၉၆ ဦးအား ပြန်လွှတ်ပေးခဲ့သည်။
လွတ်မြောက်လာသူ တချို့၏ ပြောပြချက်များအရ အကျဉ်းထောင် အခန်းများအတွင်း လူများ ပြည့်ကျပ်စွာနေရပြီး ရာသီ တုပ်ကွေး ကဲ့သို့သော ကူးစက်ရောဂါ ဖြစ်ပွားသူများလည်း ရှိနေသည်ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းခဲ့ သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၆ ရက်နေ့အထိ စစ်ကောင်စီတပ်များ၏ အကြမ်းဖက် ပစ်ခတ်မှုများကြောင့် ၈၉၄ ဦး သေဆုံးခဲ့ပြီး အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများတွင် ၅၀၉၄ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။
တချိန်တည်းတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုနှုန်းမှာ နေ့စဉ် မြင့်တက် လျက်ရှိပြီး စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ ဆိုလျှင် ယင်းနေ့တရက်တည်း၌ ကိုဗစ်အတည်ပြုလူနာ ၃,၆၀၂ ဦး တွေ့ရှိရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ မတ် ၂၃ ရက်မှ ၂၀၂၁ ဇူလိုင် ၆ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၇၁,၉၇၆ ဦး၊ ဆေးရုံဆင်း ခွင့်ရရှိသူ ၁၄၀,၃၈၇ ဦးနှင့် သေဆုံးသူ ၃,၅၁၃ ဦး ရှိပြီ ဖြစ်သည်။
You may also like these stories:
ကိုဗစ်ကူးစက်ပျံ့နှံ့မှုများကြောင့် အင်းစိန်ထောင်တွင်း ရုံးထုတ် စစ်ဆေးမှု ယာယီရပ်ဆိုင်း
အင်းစိန်ထောင်တွင် ကိုဗစ်-၁၉ ကုသဆောင်ဖွင့်လှစ်