တနသာင်္ရီတိုင်း၊ ထားဝယ်မြို့ နှင့် ၅ မိုင်ခန့်အကွာ ရောင်းမော်ကျေးရွာတွင် ယမန်နေ့(ဇူလိုင်လ ၇)ရက်နေ့ ည ၁၁ နာရီခွဲခန့် တွင် ထားဝယ်အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား တိုက်ပွဲဖြစ်ပွား ရာ PDF တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး လက်နက် ၅ လက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ည ၁၁ နာရီခန့်တွင် PDF တပ်ဖွဲ့ဝင် ၆ ဦးသည် ဆိုင်ကယ် ၄ စီးဖြင့် ရောင်းမော်ကျေးရွာရှိ စာသင်ကျောင်းသို့ လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်းကျောင်းတွင် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ရွာခံ အဖွဲ့ တခုက ပြန် လည် ခုခံရာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရောင်းမော် ကျေးရွာ ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာတွင် ပါဝင်သူများမှာ ထားဝယ်အခြေစိုက် PDF အဖွဲ့တခု ဖြစ်သည့် ထားဝယ် ကာကွယ်ရေးတပ် (DDT) မှ ဖြစ်ကြောင်း သိရှိရသော်လည်း ၎င်းတို့မှာ ယခုအခါ ရှောင်တိမ်းနေကြရသဖြင့် ၎င်းတို့ထံ တိုက်ရိုက် ဆက်သွယ်မေးမြန်း၍ မရသေးပေး။
မနေ့က ညပိုင်း ဖြစ်စဉ်တွင် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် အဖွဲ့ကို ဒေသခံများက ပျူစောထီးအဖွဲ့ ဟု ပြောဆိုသော်လည်း ယင်းအဖွဲ့ကမူ ၎င်းတို့သည် ရောင်းမော်ရွာ စာသင်ကျောင်း ဆက်လက် ဖွင့်လှစ်နိုင်ရေးအတွက် ညဘက်တွင် လုံခြုံရေး စောင့်ကြပ်ပေးနေသူများ ဖြစ်ကြောင်း ပြောသည်။
ယင်းအဖွဲ့၏ လုံခြုံရေးတာဝန်ခံ ဦးအေးက“ကျုပ်တို့က ကျောင်းဖွင့်လို့ရအောင် ကျောင်းလုံခြုံရေး တာဝန်ခံဆိုပြီးတော့ လုပ် နေတာ။ ကျောင်းကို ညဘက် စောင့်အိပ်ကြတယ်။ အနီးနားရွာတွေက တို့ကျောင်းကို မဖွင့်တော့ဖို့ ပြောတယ်။ သူတို့ လည်း မဖွင့်ကြဘူး။ တို့ရွာ တရွာတည်း ကျောင်းဖွင့်တာကို မနာလိုဖြစ်လို့ သူတို့က ဆန့်ကျင်ပြီးတော့ လာပြီးတော့ ဖောက်ခွဲတာ”ဟု ပြောသည်။
ည ၁၁ နာရီခွဲခန့်တွင် လူ ၆ ဦး၊ ဆိုင်ကယ် ၄ စီးဖြင့် ရောင်းမော်ရွာဘက်သို့ ဝင်လာနေကြောင်း ဖုန်းသတင်း ရရှိသဖြင့် ၎င်း တို့အဖွဲ့သည် ကျောင်းဝတွင် အသင့်နေရာယူပြီး စောင့်ဆိုင်းခဲ့ကြောင်း၊ သိပ်မကြာမီ အချိန်အတွင်း ဆိုင်ကယ်များရပ်၍ လူ တချို့ ကျောင်းဘက်သို့ ချည်းကပ်လာခဲ့ကြောင်း ဦးအေး၏ ပြောဆိုချက်အရ သိရသည်။
“ကျောင်းနားရောက်တာနဲ့ သူတို့ သေနတ်မောင်းတင်တယ်။ ကျောင်းထဲကို ဗုံးနဲ့ လှမ်းပစ်တယ်။ ဗုံးမှန်တယ်။ ကျောင်းမှန် တွေ ကွဲသွားတယ်။ နောက်တချက် ထပ်ပစ်ဖို့ လုပ်နေတုန်းမှ တို့က ထွက်ပစ်တာ။ သူတို့ ဟန်ချက်ပစ်ပြီးတော့ သူ့ဆီမှာပဲ ပေါက်ကွဲသွားတယ်။ သူလည်း အဲဒီမှာပဲ လဲသွားတယ်”ဟု ၎င်းက ပြောသည်။

PDF အဖွဲ့ များ လာရောက် တိုက်ခိုက်သဖြင့် ဦးအေးတို့အဖွဲ့က စစ်ကောင်စီလက်နက်ကိုင်တပ်များထံ အကြောင်းကြားခဲ့ ရာ တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်သားနှင့် ရဲများ စစ်ကားများဖြင့် ရောက်ရှိလာပြီးနောက် တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
“သူတို့ကလည်း အလောင်းကို လာမဆွဲဘူး။ နောက်ပိုင်း စစ်တပ်တွေ ရောက်လာတော့ သူတို့ဘက်က တယောက် ထပ် သေတာ။ ကျန်တဲ့လူတွေလည်း ပြေးကြတယ်။ လက်နက်က ၅ လက် ရလိုက်တယ်။ သေတဲ့အလောင်း နှစ်လောင်းကို တာဝန်ရှိတဲ့သူတွေပဲ တင်သွားတယ်”ဟု ဦးအေးက ပြောသည်။
အခြား ရောင်းဖော်ရွာသားတဦး၏ အဆိုအရ ည ၁၁ နာရီခန့်တွင် သေနတ်ပစ်သံများ၊ ဗုံးသံများ စတင် ကြားရကြောင်း၊ ည ၁ နာရီခန့်အထိ ပစ်ခတ်သံများ ကြားရပြီး အသံများသည် ကျေးရွာစာသင်ကျောင်းမှ လာခြင်းဖြစ်ကြောင်း ပြောသည်။
“အခု ရွာထဲမှာ တပ်စွဲထားတယ်။ ကင်းလှည့်တယ်။ စစ်ဆေးရေးတွေလည်း လုပ်တယ်။ ရွာသား ၅ ယောက် အဖမ်းခံရ တယ်။ အမျိုးသား ၄ ယောက်၊ အမျိုးသမီး တယောက်ပါတယ်။ ရွာက လူကြီးတချို့ က စစ်တပ်ကို လှမ်းခေါ်လိုက်လို့ အခု လို ဆိုးဆိုးဝါးဝါးတွေ ဖြစ်ကုန်တာ။ အရင်က ရွာမှာ တခါမှ အခုလို မဖြစ်ဖူးဘူး”ဟု ဒေသခံတဦးက ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ ကျေးရွာဘက်ကို စစ်တပ်က လာတာ နှစ်ခါလောက်တော့ ရှိဖူးတယ်။ သေနတ်တွေ ရှိတယ်လို့ ဆိုပြီး တခါ လာရှာဖူးတယ်။ ရွာအနီးက ဘုရားနားမှာ သေနတ်တွေ ရှိတယ်ဆိုပြီး ဖြစ်တာ။ ရွာက အိမ်ခြေ ၃၀၀ ကျော် လောက် ရှိတယ်။ စိုက်ပျိုးမွေးမြူရေး လုပ်တယ်။ ရာဘာစိုက်၊ နာနတ်သီး စိုက်တဲ့ရွာပါ”ဟု ပြောသည်။
ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇွန်လဆန်းမှ စတင်ပြီး စစ်ကောင်စီတပ်များဘက်က လုံခြုံရေး စတင် တင်းကြပ်ခဲ့ပြီး မြို့ အဝင် အထွက် အပါအဝင် တချို့ ရပ်ကွက်များတွင် လမ်းများပါ ပိတ်၍ စစ်ဆေးရေးများ ပြုလုပ်လာခဲ့ကြောင်း ဒေသခံများက ပြော သည်။
ဇူလိုင်လဆန်းပိုင်းတွင်မူ နေရာတိုင်းတွင် စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာခဲ့ပြီး ထားဝယ် မြို့ပေါ်နှင့် ကျေးရွာများတွင်ပါ ဗုံးများ ပေါက်ကွဲခြင်း၊ လူသေဆုံးသည်အထိ သေနတ်ဖြင့် ပစ်သတ်သည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်လျက်ရှိသည်။
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ပြန်တော်လှန်နေသည့် ထားဝယ် အခြေစိုက် တော်လှန်ရေး အင်းအားစု ၄ ဖွဲ့ ရှိပြီး ၎င်းတို့မှာ ထားဝယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF/ထားဝယ်)၊ ထားဝယ် ကာကွယ်ရေးတပ် (DDT)၊ တနသာင်္ရီ ပြည် သူ့ ကာကွယ်ရေးတပ် (TDF)နှင့် တနသာင်္ရီ လူမျိုးပေါင်းစုံ ကွန်ကရက် (TNC)တို့ ဖြစ်သည်။
လက်ရှိအချိန်အထိ ထားဝယ်ဒေသတွင် လက်နက်အင်အား မပြည့်စုံသေးသဖြင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များ ရှိ သည့် နေရာတချို့ကို လက်လုပ်မိုင်းများဖြင့် သွားရောက် တိုက်ခိုက်ခြင်း၊ ချုံခိုတိုက်ခိုက်ပြီး ပစ်ပြေး ပြေးရခြင်းတို့သာ ပြုလုပ်နိုင်သေးကြောင်း PDF အဖွဲ့ တချို့ထံမှ သိရသည်။
You may also like these stories:
ဒီပဲယင်းကို အာဏာသိမ်း စစ်တပ် ဘယ်လိုစီးနင်း တိုက်ခိုက်ခဲ့သလဲ
တပ် CDM များအရေး သွေးအေးမနေသင့်ပြီ
မြန်မာ၊ အကြမ်းဖက်ဝါဒနှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှ တောင်းဆိုချက်များ
စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်