စစ်ကောင်စီက ရွှေနှင့် စက်သုံးဆီကို အမေရိကန် ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းဖြင့် ရောင်းရန် ကြိုးပမ်းနေသော်လည်း ယခုတိုင် ယင်းသတ်မှတ်ဈေးနှင့် ရောင်းနိုင်ခြင်း မရှိသေးကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၃ရက်က ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရသော ဝင်ငွေများကို အမေရိကန် ၁ဒေါ်လာ အား မြန်မာကျပ်ငွေ ၁၈၅၃ကျပ်ဖြင့် လဲလှယ်ရောင်းချ ရမည်ဟု ဗဟိုဘဏ်က သတ်မှတ်ပြီးနောက် ထိုနှုန်းထားနှင့်အညီ ရွှေနှင့် စက်သုံးဆီ ကိုလည်း ဈေးကွက်ဖွင့်ရောင်းချရန် လုပ်ဆောင်စေခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) မှ တာဝန်ရှိသူ တဦးက “ အခု ရွှေဈေးကွက်ဖွင့်တာ ကတော့ သူတို့သတ်မှတ်တဲ့ ၁ ဒေါ်လာ ၁၈၅၀ ကျပ် နဲ့တော့မဟုတ်ပါဘူး။ ရောင်းလိုအား၊ ဝယ်လိုအားပေါ် မူတည်ပြီး မော်လမြိုင်ပေါက်ဈေး၊ မန္တလေးပေါက်ဈေး၊ ရန်ကုန်ပေါက်ဈေးဆိုတဲ့ ဆိုင်ပေါက်ဈေးတွေနဲ့ ညှိလိုက်တာ။ သတ်မှတ် ချက်အတိုင်းတော့ မလုပ်နိုင်သေးဘူး”ဟု ဧရာဝတီသို့ အတည်ပြုသည်။
စစ်ကောင်စီ သတ်မှတ်ချက်အတိုင်း ဈေးနှုန်း မဖွင့်နိုင်ခြင်းမှာ ရွှေအထွက်ရှိသော မြဝတီ၊ တမူး အစရှိသည့် နယ်စပ် ကုန်သွယ်ရေး ဂိတ်များတွင် ဗဟိုဘဏ် သတ်မှတ်သည့် အမေရိကန်ဒေါ်လာနှုန်းထားကို လက်ခံ၍ ပြုလုပ်နိုင်ခြင်း မရှိသဖြင့် သတ်မှတ်ချက်အတိုင်း ဈေးမဖွင့်နိုင်ကြောင်း၊ ယခင်အတိုင်း ကမာ္ဘ့ရွှေဈေးနှင့် ပြင်ပဒေါ်လာ သတ်မှတ် ချက်နှင့်သာ ဈေးဖွင့်ထားသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထို့ကြောင့် ပြည်တွင်းရွှေဈေးကွက်သည် ယခင်ကဲ့သို့ ကမာ္ဘ့ရွှေဈေးကွက်ပေါ်မူတည်တွက်ချက်ကာ ယနေ့ ဈေးဖွင့် ထားကြောင်း၊ ကမာ္ဘ့ရွှေဈေးကျပါက မြန်မာ့ရွှေဈေးလည်း လိုက်၍ ကျဆင်းမည့် သဘောရှိကြောင်း ၎င်းကဆိုသည်။
လက်ရှိ ရွှေတကျပ်သား ကျပ်သိန်း ၂၀ ကျော်ရှိပြီး ကမ္ဘာ့ရွှေဈေးကြောင့် အနည်းငယ် ပြန်ကျသည် ဆိုနိုင်သော်လည်း ရွှေထည်နှင့် အတုံးအခဲရောင်းဝယ်မှုမှာလည်း အနည်း အကျဉ်းသာ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA)မှ ဗဟိုဘဏ် သတ်မှတ်သည့် အမေရိကန် ၁ဒေါ်လာအား ကျပ် ၁၈၅၀ နှုန်းဖြင့် တွက်ချက်၍ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၁၉ သိန်း ၅ သောင်းဝန်းကျင် သတ်မှတ်သော်လည်း အမှန်တကယ် ပြင်ပပေါက်ဈေးမှာ ကျပ် ၂၀ သိန်း ၅ သောင်း ဝန်းကျင်ရှိ၍ ဈေးကွက်အတွင်း အဆင်မပြေသလို တချို့ရက်များတွင် အရောင်းအဝယ် ရပ်ဆိုင်းသည်အထိ ရှိခဲ့သည်။
ဈေးကွက်အတွင်း ဂယက်ရိုက်မှုက YGEA အသင်းရုံးမှ ရွှေဈေးကွက်မဖွင့်နိုင်သလို ရွှေအတုံးအခဲများ အရောင်းအဝယ် ရပ်ဆိုင်းသွားပြီး ပြင်ပရွှေဆိုင်များက ပြင်ပပေါက်ဈေးနှင့်သာ ဖွင့်လှစ်ရောင်းချခဲ့ကြသည့်အထိ ဖြစ်ခဲ့သည်။
ယင်းအခြေများကြောင့် ဧပြီလ နောက်ဆုံးပတ်မှစတင်ပြီး ကမာ္ဘ့ရွှေဈေးအတက်၊ အကျပေါ်တွင်သာ မူတည်၍ ဈေးကွက်ပြန်ဖွင့်ခဲ့ပြီး ယနေ့ ကမာ္ဘ့ရွှေမှာ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၆ ဒေါ်လာနှင့် မြန်မာ့ရွှေ ၁ ကျပ်သား ကျပ် ၂၀ သိန်း ၅ သောင်းကျော်ဖြင့် ဈေးပိတ်ခဲ့ကြောင်း YGEA ရုံး စာရင်းများတွင် ဖော်ပြထားသည်။
ဒေါ်လာသတ်မှတ်ချက်နှင့် တိုက်ရိုက်သက်ဆိုင်သော ဈေးကွက်တခု ဖြစ်သည့် စက်သုံးဆီ ဈေးကွက်တွင်လည်း သင်္ကြန်ကာလ ပြန်ဖွင့်ချိန်တွင် ဆီမလုံလောက်မှုဖြဖစ်ကာ ဈေးနှုန်းမြင့်တက်၍ နိုင်ငံတဝန်းရှိ စက်သုံးဆီဆိုင် များတွင် တန်းစီဝယ်ယူရခြင်း၊ ကန့်သတ်ချက်နှင့် ရောင်းချရခြင်းများ အထိ ဖြစ်ခဲ့သည်။
ပြည်တွင်း စက်သုံးဆီတင်သွင်းရောင်းချနေသော ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “မနေ့ကတော့ ကုမ္ပဏီတွေကို ဘယ်ကုမ္ပဏီဘယ်လောက် သွင်းလို့ရတယ်ဆိုပြီး ခွင့်ပြုပေးတာရှိတယ်။ ဒါပေမယ့် သူတို့ ချပေးတဲ့အတိုင်း မှာရမယ်၊ သင်္ဘောနဲ့ ချိန်ပြီးသွင်းရမယ်၊ ဒါပေမယ့် သူတို့ (စစ်ကောင်စီ) သတ်မှတ် ဈေးထက် အပြင်ပေါက်ဈေးက အရမ်းမြင့် နေတယ်။ ဒါပေမယ့် တချို့ဆိုင်တွေက အရှုံးခံပြီး ရောင်းနေရတယ်။ မြန်မာပြည်မှာ လက်ကားဈေးကမြင့်ပြီး လက်လီဈေးက ကျနေတယ်”ဟု လက်ရှိ သတ်မှတ်ဈေးအတိုင်း မဖြစ်သေးသည့် ဈေးကွက်အခြေအနေကို ရှင်းပြသည်။
စက်သုံးဆီ လုပ်ငန်းရှင်များအနေနှင့် စစ်ကောင်စီက အမေရိကန် ဒေါ်လာဈေးကို ကန့်သတ် သတ်မှတ်ထားသည့် ဈေးနှုန်းနှင့် ရောင်းချပါက ဈေးကွက် မကိုက်သဖြင့် လုပ်ငန်းရှင်များ အခက်တွေ့နေကြောင်း သိရသည်။
မန္တလေးမြို့မှ စက်သုံးဆီတင်သွင်းရောင်းချနေသော ကုမ္ပဏီတခုမှ တာဝန်ရှိသူ တဦးက “ဒီနေ့ ပရီမီယမ်ဒီဇယ် တမျိုး ပဲ ဈေးဖွင့်ထားတယ်။ ကျန်တဲ့ဆီတွေကတော့ နိုင်ငံခြားသင်္ဘောလည်း မဝင်တော့ ဆီပြတ်နေတဲ့ သဘောရှိပါတယ်။ ဒီဇယ်လက်ကားဈေးကတော့ ၁ ဂါလံကို ၂၂၅၀ကျပ် ရှိတယ်။ ဒီတခုပဲ ဖွင့်ထား ပါတယ်။ ကျန်တာတော့ ဆီမရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
စက်သုံးဆီလက်လီ ဈေးနှုန်းမှာ သင်္ကြန်မတိုင်ခင် ရက်ပိုင်းအလိုက အနိမ့်ဆုံး ဓာတ်ဆီ ၉၂ တလီတာလျှင် ၁၇၄၀ ကျပ်နှင့် သင်္ကြန်ကာလတွင် တလီတာ ၁၇၉၀ ကျပ် အထိ ဖြစ်လာပြီး သင်္ကြန်ပြီးနောက် ဧပြီလ ၁၈ ရက်မှ စတင်ပြီး ယနေ့တိုင် တလီတာ ၁၉၂၅ ကျပ်အထိ ပြန်လည်မြင့်တက်လာ ကြောင်း အငှားယာဉ်မောင်းများ ထံက သိရသည်။
ယင်းဈေးမှာ ရန်ကုန်ဈေးဖြစ်ပြီး နယ်ဈေးများမှာ သယ်ယူပို့ဆောင်စရိတ်နှင့် သတ်မှတ်ယခု နှုန်းထက်ပို၍ များပြား နေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတဦးက “အခုရက်ကတော့ ရန်ကုန်မှာ လိုသလောက် ဝယ်လို့ရပေမယ့်။ ဆီဈေး ကတော့ ထပ်ထပ်တက်လာတယ်။ အရင်က တရက် တသောင်းဖိုး ဖြည့်ရတယ်။ အခုဆိုရင် တရက် ၃ သောင်း လောက် ပေးရတော့ ဆီဖိုးနဲ့ ကားဆွဲလို့ရတာနဲ့က ကုန်တာပဲ။ တခြားလုပ်စရာ အလုပ်လည်း ရှားတော့ စားဖို့လေးရ သလောက် လုပ်နေရတာပဲ။ တွက်ချေကတော့ မကိုက်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
မြန်မာနှစ်ဆန်း ရွှေနှင့် စက်သုံးဆီ လက်ကားဈေးကွက် မဖွင့်နိုင်သေး
ရွှေနှင့် ငွေကြေး ကစားသူများကို ထိန်းချုပ်ရန် စစ်ကောင်စီ ပြင်ဆင်လာ