မူးယစ်ဆေးမှရရှိသော ငွေများကို ငွေကြေးခဝါချပြီး ထိုင်းအစိုးရပိုင် ကုမ္ပဏီမှ စွမ်းအင်များ ဝယ်ယူကာ မြန်မာသို့ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရောင်းချမှုတွင် ပါဝင်ပတ်သက်သောကြောင့် အမေရိကန်နိုင်ငံသားတဦးနှင့် မြန်မာမှ လက်နက်ပွဲစား ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းအစိုးရရှေ့နေများက စွဲချက်တင်လိုက်သည်။
အများပြည်သူသို့ ထုတ်ပြန်ခြင်းမရှိသော်လည်း Prachatai ထိုင်းသတင်းစာနှင့် ‘ဂိုဏ်းဖွဲ့ရာဇဝတ်မှုနှင့် အကျင့်ခြစားမှု အစီရင်ခံရေး စီမံချက်’ (OCCRP) တို့က ကြည့်ရှုခွင့်ရသည့် ထိုစွဲချက်တွင် အမေရိကန်-ထိုင်းဖြစ်သူ ဒီးန် ဂူလ်တူလာနှင့် မြန်မာ ခရိုနီ ထွန်းမင်းလတ်ကို စွဲချက်တင်ထားသည်။
၎င်းတို့ နှစ်ဦးကို ထိုင်းတွင် ထောင် ၁၅ နှစ်အထိ ချမှတ်နိုင်သော ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတို့ဖြင့် စွပ်စွဲထားသည်။ ထို့အပြင် ၎င်းတို့ကို ကြီးမားသည့် အမှုများတွင် သေဒဏ်အထိ ကျခံရနိုင်သည့် မူးယစ်မှောင်ခိုမှုများဖြင့်လည်း စွပ်စွဲထားသည်။
ထိုသို့ စွဲဆိုခံရသည့်အထဲတွင် ထိုင်းနိုင်ငံ၌ မှတ်ပုံတင်ထားပြီး ၎င်းတို့ နှစ်ဦးနှင့် ဆက်စပ်နေသော လုပ်ငန်းဖြစ်သည့် Allure Group (P&E) Co Ltd ကိုလည်း စွဲဆိုထားပြီး အခြားသူ နှစ်ဦးလည်း ထိုလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည်။ Allure Group (P&E) ကို “မူးယစ်ဆေးမှရရှိသော ငွေများအား လျှပ်စစ်ဓာတ်အားပုံစံဖြင့် ဝယ်ယူပြီး မြန်မာသို့ တင်ပို့ကာ ငွေကြေးခဝါချမှု ပြုလုပ်နေသည်” ဟု ထိုစွဲချက်တွင် ဖော်ပြထားသည်။
ထွန်းမင်းလတ်သည် မူးယစ်ဆေးရောင်းချရာမှ ရရှိသည့် ဝင်ငွေများကို အထက်ပါ လျှပ်စစ်ကုမ္ပဏီသို့ လွှဲပြောင်းပေးပို့သည်ဟု စွပ်စွဲခံရသည်။ ဂူလ်တူလာသည် ဆက်စပ်လုပ်ငန်းတခုဖြစ်သော Myanmar Allure Group Company Limited မှ ငွေများကို Allure Group (P&E) သို့ လွှဲပြောင်းခြင်းအား ကြီးကြပ်သည်ဟု ဆိုသည်။
တရားခံများအတွက် ရှေ့နေများကို မသိရသေးသလို စွဲချက်တွင်လည်း ဖော်ပြထားခြင်း မရှိပေ။
တာချီလိတ် တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆိုင်ခရိုင် လျှပ်စစ်ဓာတ်အား အာဏာပိုင်အဖွဲ့ကလည်း တစုံတရာပြောကြားပေးရန် ငြင်းဆန်သည်။ ထိုနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားကုမ္ပဏီသည် မီဒီယာနှင့် စကားပြောခွင့် မရှိသော်လည်း ယင်းကုမ္ပဏီမှ အမည်မဖော်လိုသူတဦးက လျှပ်စစ်ဓာတ်အား အာဏာပိုင်အဖွဲ့သည် စာရွက်စာတမ်းများကို ထိုင်းတရားရေး ဝန်ကြီးဌာန၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးရုံးသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း ပြောသည်။
ထွန်းမင်းလတ်နှင့် အပေါင်းများအပေါ် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးနှင့် သက်ဆိုင်သော ရာဇဝတ်မှုများအတွက် တရားစွဲဆိုခြင်းကို မြင်ရခြင်းသည် အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုဖြစ်သည်ဟု တက်ကြွလှုပ်ရှားသည့် အဖွဲ့ဖြစ်သော Justice for Myanmar (JFM) မှ ပြောခွင့်ရသူ ဒေါ်ရတနာမောင်က ပြောသည်။
“ထွန်းမင်းလတ်ဟာ မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ဝင်ငွေနဲ့လက်နက် ထောက်ပံ့ပြီး အဓိက အားပေးကူညီသူ ဖြစ်တယ်” ဟု ဒေါ်ရတနာမောင်က ပြောသည်။
ယမန်နှစ် သြဂုတ်လအတွင်းက ဗြိတိန်နိုင်ငံသည် ဦးထွန်းမင်းလတ်၏ Star Sapphire Group of Companies ကို အရေးယူပိတ်ဆို့ပြီး ထိုလုပ်ငန်းသည် စစ်ဘက်ပစ္စည်း ရောင်းဝယ်မှုများတွင် ပွဲစားလုပ်ခြင်းအတွက် တာဝန်ရှိကြောင်း ပြောကြားသည်။
ဂူလ်တူလာ၊ ထွန်းမင်းလတ်နှင့် အခြားသံသယရှိသူများကို ထိုင်းရဲနှင့် အခြားအေဂျင်စီများက စက်တင်ဘာလ ၁၇ ရက်နေ့ အရုဏ်တက်တွင် ဘန်ကောက်မှ နေရာအများအပြား၌ စီးနင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နှစ်ပတ်ကျော်ကြာသောအခါ ဂူလ်တူလာ၏ ယောက္ခမ ထိုင်းအထက်လွှတ်တော်အမတ် အူပါကစ် ပါချာရီယန်ကွန်ကိုလည်း မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှု စွဲချက်များအတွက် ဝရမ်းထုတ်ခဲ့သည်။ သို့သော် ထိုဝရမ်းကို အလျင်အမြန် ပြန်လည်ရုတ်သိမ်းခဲ့သည်။
အူပါကစ်သည် ယခင်က Myanmar Allure Group ဒါရိုက်တာ ဖြစ်ခဲ့သည်။ ကုမ္ပဏီမှတ်ပုံတင် မှတ်တမ်းများအရ သူ့ကို ထိုင်းစစ်တပ်က အထက်လွှတ်တော်အမတ် ခန့်သည့် ၂၀၁၉ ခုနှစ်တွင် ထိုလုပ်ငန်းမှ နုတ်ထွက်သွားသည်။ ထိုင်းစစ်တပ်သည် လွန်ခဲ့သော ၅ နှစ်က ထိုင်းအရပ်သား အစိုးရကို ဖြုတ်ချခဲ့သည်။
အစိုးရရှေ့နေများသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မေလ ၁၀ ရက်အတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို အာရုံစိုက်နေကြောင်း စွဲချက်က ပြသနေသည်။ အူပါကစ်သည် ထိုနှစ် မေလ ၁၄ ရက်နေ့တွင် အထက်လွှတ်တော်အမတ်တာဝန် စတင်ထမ်းဆောင်သည်။ နောက် ၃ လကြာသောအခါ ဂူလ်တူလာသည် Myanmar Allure Group ၏ ဒါရိုက်တာ ဖြစ်လာသည်။
“ထွန်းမင်းလတ်ရဲ့ စီးပွားဖက် အူပါကစ် ပါချာရီယန်ကွန် ခုချိန်အထိ တရားဥပဒေက လွတ်မြောက်နေတာ အံ့သြစရာ ကောင်းတယ်” ဟု ဒေါ်ရတနာမောင်က ပြောသည်။
အူပါကစ်၏ လက်ထောက်သည် တွေ့ဆုံမေးမြန်းမှု စီစဉ်မပေးနိုင်ခဲ့သလို ယခု သတင်းရေးသား ထုတ်ဝေသည့် ဒီဇင်ဘာလ နောက်ဆုံးပတ်အထိ ကြေညာချက်လည်း ထုတ်ပြန်ခြင်းလည်း မရှိပေ။ ဘန်ကောက်ရှိ အမေရိကန် သံရုံးကလည်း ဂူလ်တူလာနှင့်ပတ်သက်သည့် စွဲချက်များအတွက် တစုံတရာ ဝေဖန်ပြောကြားရန် မရှိကြောင်းပြောသည်။
သေဒဏ်ချမှတ်ခြင်းကို နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားသော်လည်း ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခြင်းကို အမှုအများအပြားတွင် ဆက်လက်ကျင့်သုံးသည်။ ထိုင်းတွင် ပြစ်ဒဏ်သက်ညှာခွင့်ကို နှစ်စဉ်မကြာခဏ လျှောက်ထားခွင့်ပြုသည့် နည်းလမ်းများလည်း ရှိသည်။
ကိုးကား ။ ။ Prachatai သတင်း Thai prosecutors indict U.S. citizen and Myanmar tycoon on drug charges
You may also like these stories:
လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ် ပိုင်ဆိုင်မှုများ ထိုင်းအစိုးရ သိမ်း
ထိုင်းလွှတ်တော်အမတ်နဲ့ မြန်မာလက်နက်ပွဲစားတို့ရဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး စစ်ကောင်စီကို အကျိုးပြု
စစ်တပ်၏ လက်နက်ပွဲစား ဒေါက်တာ ထွန်းမင်းလတ် ထိုင်းတွင် အဖမ်းခံရ
ခရိုနီထွန်းမင်းလတ်၏ စီးပွားဖက် ထိုင်းအမတ်ကို ဖမ်းဝရမ်း ပြန်ရုပ်
ခရိုနီ ထွန်းမင်းလတ်နှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ် ငြင်းဆို